ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်စွန်ပက်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် နှစ်နိုင်ငံကုန်သွယ်ရေးကို ပိုမိုနက်ရှိုင်းစွာလုပ်ကိုင်သွားရန်နှင့် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံ (သို့မဟုတ်) ထို့ထက်ပို၍ တိုးမြှင့်သွားမည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဟနွိုင်းမြို့၌ တွေ့ဆုံစဉ် သဘောတူညီခဲ့ကြသည်။
ယင်းသည် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဧပြီလ ၁၉ မှ ၂၀ ရက်ထိ ၂ ရက်ကြာ ဗီယက်နမ်နိုင်ငံသို့ ပထမဆုံး အကြိမ် ခရီးစဉ်တွင် သဘောတူခဲ့ခြင်း ဖြစ်သည်။
ဟနွိုင်းမှ လာသော သတင်းများအရ မြန်မာနိုင်ငံ၌ ဗီယက်နမ်စီမံကိန်းများအကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဗီယက်နမ်ဝန်ကြီးချုပ်က စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်သည့် အတွေ့အကြုံများကို ပြောကြားသည်။ ဧည့်သည်တော် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံအနေဖြင့် ဗီယက်နမ်အပါအဝင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံ သူများအတွက် အလားအလာကောင်းသည့် အခြေအနေများ ဖန်တီးနိုင်ရန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒများ ချမှတ်သွားမည့် အကြောင်း ရှင်းလင်းပြောကြားသည်ဟု သိရသည်။
ဗီယက်နမ်နိုင်ငံသည် ယခုအခါ မြန်မာနိုင်ငံအတွက် နဝမအကြီးဆုံး ကုန်သွယ်ဘက်နှင့် သတ္တမအကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ဖြစ်လာခဲ့သည်။
စိတ်ဝင်စားစရာမှာ မကြာသေးမီက မြန်မာ့တပ်မတော်နှင့် ဗီယတ်နမ် တပ်မတော်တို့၏ ဦးပိုင်ကုမ္ပဏီများ ဖက်စပ်လုပ်ကိုင်သော တယ်လီဖုန်း ဆက်သွယ်ရေး အော်ပရေတာကို စတင်လည်ပတ်သောအချိန်တွင် ၂ နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြရာ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ထွန်းလာခြင်းကို “နှစ်ထောင်းအားရ” ရှိသည်ဟု ပူးတွဲကြေညာကြသည်။
လေ့ကျင်ရေး၊ စစ်သုံးဆေးဝါး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ကျန်းမာကြံ့ခိုင်ရေးတို့ တိုးမြှင့် ပူးပေါင်းသွားရန်လည်း ကတိကဝတ်ပြုခဲ့ကြသည်။ ၂၀၁၈ တွင် ဒုတိယ ဝန်ကြီးအဆင့် ကာကွယ်ရေးမူဝါဒ ဆွေးနွေးရန် နှစ်ဘက်ခေါင်းဆောင်များ သဘောတူခဲ့ကြသည့်အပြင် မှုခင်း နှိမ်နင်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် ညှိနှိုင်းသွားမည့် ခြေလှမ်းများ၊ ပြစ်ဒဏ်ကျခံနေသော အကျဉ်းသားများ အပြန်အလှန် လွှဲအပ်ရေး သဘောတူညီချက်များ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
နှစ်ဘက်ခေါင်းဆောင်များသည် ဘဏ္ဍာရေး၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုး-သစ်တော-သားငါးကဏ္ဍ အပါအဝင် အခြားအရေးကြီးသည့် ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်များနှင့် ပတ်သက်၍ ဆန္ဒအသီးသီးကို ထုတ်ဖော်ပြောဆိုခဲ့ကြကြောင်းလည်း သိရသည်။
သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ တရားရေး၊ ပညာရေးနှင့်ယဉ်ကျေးမှုနယ်ပယ်တို့တွင်လည်း ပူးပေါင်းအကောင်အထည်ဖော်ရေး တိုးမြှင့်ခြင်းကို ကြိုဆိုပြီး သိသာထင်ရှားသည့် နယ်ပယ်ကဏ္ဍများ၌ ဥပဒေရေးရာ အခြေခံအုတ်မြစ်များ ချရေး သဘောတူလက်မှတ်ရေးထိုးရန် ခေါင်းဆောင်နှစ်ဦးတို့က လက်ခံခဲ့ကြသည်။
ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မကင်းဖြစ်နေသည့် ကိစ္စရပ်များအပေါ်တွင် အာဆီယံ၊ မူဘောင်မထားသည့် လှုပ်ရှားများနှင့် ကုလသမဂ္ဂကဲ့သို့ ဖိုရမ်များတွင် အတူနီးကပ်စွာ လုပ်ကိုင်သွားရန် နှစ်ဘက်စလုံးက ကတိပြုခဲ့ကြသည်။
အာဆီယံအသိုက်အဝန်း အောင်အောင်မြင်မြင် တည်ဆောက်နိုင်ရန် ပူူးပေါင်းလုပ်ကိုင်ရေးကိုလည်း နှစ်နိုင်ငံ သဘောတူခဲ့ကြပြီး ဒေသတွင်း လုံခြုံရေးတည်ဆောက်မှုနှင့် မဲခေါင်မြစ် အရင်းအမြစ်များ ထိန်းထိန်းသိမ်းသိမ်းဖြင့် အကျိုးရှိရှိသုံးစွဲရေး၊ အထူးသဖြင့် မဟာမဲခေါင်ဒေသ ပူးပေါင်း ဆောင်ရွက်မည့် လည်ပတ်ရေးမူဘောင်များတို့တွင် အဓိကအရေးပါသည့်ကဏ္ဍများ ဆောင်ရွက်ရေးတို့ကို ညှိနှိုင်းခဲ့ကြသည်။
မဲခေါင်မြစ်ကော်မရှင်တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းမှုတွင် ၎င်းပံ့ပိုးပေးခဲ့မှုအကြောင်းကို ဝန်ကြီးချုပ် ပက်က ထုတ်ဖော်ပြောကြားသည်။
ဆွေးနွေးမှုများအပြီးတွင် ခေါင်းဆောင်နှစ်ဦးတို့သည် သတင်းအချက်အလက် နည်းပညာနှင့် ဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်သည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲနှင့် နောက်ထပ် သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးပွဲတို့ကို တက်ရောက်ကြသည်။
ယင်းနေ့မှာပင် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်အာဇာနည် ဗိမာန်သို့ သွားရောက်၍ ပန်းခွေချ အလေးပြုခဲ့သည်။