နေပြည်တော် ကောင်စီနယ်မြေ အတွင်း နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တခု တည်ဆောက်မည် ဆိုသောကြောင့် အိမ်ခြံ မြေဈေးကွက်အတွင်း စိတ်ဝင်စားမှု မြင့်လာကြောင်း အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
ဇေယျာအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနန္ဒကျော်က “သင်္ကြန်ကာလအပြီးမှာ စိတ်ဝင်စားမှု မြင့်တက်လာတယ်။ ဝယ် မယ့်သူတွေကလည်း ရဲရဲတင်းတင်း ဝယ်လာကြတယ်။ စုံစမ်းကြတာများလို့ သင်္ကြန်ပြီးကတည်းက မနားရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
နေပြည်တော်၌ နိုင်ငံတကာ အဆင့်မီ တက္ကသိုလ် တည်ဆောက်ရန် သတင်းများမှာ ယခုနှစ် နှစ်ဆန်းပိုင်း အတွင်းမှ စတင် ထွက်ပေါ်လာခဲ့ပြီး အရောင်းအဝယ်ဈေးကွက် တန့်နေခဲ့သော နေပြည်တော် အိမ်ခြံမြေဈေးကွက် အနေဖြင့် လည်း ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ ပြန်လည် လှုပ်ရှားလာခဲ့သည်ဟု ၎င်းက ဆိုသည်။
ထို့နောက် တက္ကသိုလ်မြေနေရာ သတ်မှတ်လိုက်သည့်အတွက် အိမ်ခြံမြေဈေးကွက်အတွင်း စိတ်ဝင်စားမှု မြင့်တက် လာခြင်း ဖြစ်ကြောင်း ဦးနန္ဒကျော်က ပြောသည်။
“သင်္ကြန်အတွင်းမှာ အရောင်းအဝယ်ဖြစ်တာ ၂ ကွက်လောက်ရှိတယ်။ ပြောမယ်ဆိုရင်တော့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတွေ အတွက် အလားအလာ ကောင်းလာပြီလို့ ပြောလို့ရတယ်” ဟု ၎င်းကဆိုသည်။
အိမ်ခြံမြေများ၌ အကျိုးအမြတ်ရရှိရန်အတွက် ရင်းနှီးမြှုပ်နှံထားကြသော စီးပွားရေးသမားများထံ အကျိုးဆောင်များက အရောင်း အဝယ်အတွက် ဆက်သွယ်လာမှုများလည်း ရှိနေကြောင်း သိရသည်။
ပျဉ်းမနားမြို့မှ စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သည့် ဦးသန့်ဇင်က “ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ တို့မှာ မြေကွက် အလွတ် ၃ ကွက် ရှိတယ်။ ဈေးကိုက်ရင် ပြန်ထုတ်မယ်ဆိုပြီး အကျိုးဆောင်တွေကို ပြောထားတာ။ အခု သင်္ကြန်အပြီးမှာကို ဆက် သွယ်လာတယ်။ ဒါပေမယ့် ဈေးကွက်ကို စောင့်ကြည့်ဦးမယ်။ မထုတ်သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အရောင်းအဝယ် ဖြစ်နေသည့် မြို့နယ်များနှင့် မြေပေါက်ဈေးမှာ ပုဗ္ဗသီရိ အတွင်း ပေ ၄၀ ပေ ၆၀ မြေကွက်ကို ကျပ်သိန်း ၂၀၀ မှ ၃၀၀ ကြား၊ သပြေကုန်း ရပ်ကွက်အတွင်း ကျပ်သိန်း ၁ ထောင်ဝန်းကျင်၊ ရွှေကြာပင် ရပ်ကွက်ရှိ ကျပ်သိန်း ၅ ရာနှင့် သိန်း ၅ ရာအထက် မြေကွက်များ ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ဒက္ခိဏသီရိ မြို့နယ်အတွင်းမှ သိန်း ၅ ရာတန်မြေကွက်များနှင့် ဥတ္တရသီရိ အတွင်းရှိ ကျပ်သိန်း ၆၀၀ နဲ့ ၁ ထောင် ကြားရှိ မြေကွက်များလည်း အရောင်းအဝယ် ဖြစ်နေသည်ဟု နေပြည်တော် အိမ်ခြံမြေ အကျိုးဆောင်များမှ သိရသည်။
တံခွန်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသိန်းထိုက်ဦးက “သင်္ကြန်ပြီးကာလမှာ စိတ်ဝင်စားလာကြတယ်။ အခု ဝယ် မယ့်သူတွေက ဝယ်ရောင်း မဟုတ်ဘဲ တကယ်နေထိုင်မယ့် သူတွေ ဝယ်ကြတာ” ဟု ဧရာဝတီသို့ ပြောသည်။
ယခင်က နေပြည်တော်တွင် အိမ်ခြံမြေ ဝယ်ယူသူ အများစုမှာ ဝယ်/ရောင်းအတွက် အများဆုံး ဝယ်ယူကြပြီး ယခု ဝယ် မည့် သူများမှာ အခြေချနေထိုင်ရန် အတွက် အများဆုံး ဝယ်ယူနေကြသည်ဟု အကျိုးဆောင် လုပ်ငန်းရှင်တချို့က ဆို သည်။
နန်းရွှေပြည် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးထွန်းကလည်း “နေပြည်တော် ဈေးကွက်က ဈေးနှုန်းအားဖြင့် နဂို တည်း က စိတ်ဝင်စားမှုရှိတဲ့ အခြေအနေတခု ဖြစ်တယ်။ အဲဒီတော့ အရောင်းအဝယ်က လုံးဝရပ်နေတာမျိုးတော့ မရှိ ဘူး။ ပုံမှန် သွားနေတာပါပဲ” ဟု ပြောသည်။
ဇေယျာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း အနေဖြင့် မတ်လအတွင်း အရောင်းအဝယ် ဖြစ်ခဲ့သည့် မြေကွက် အရေ အတွက် မှာ ပျမ်းမျှ ၇ ကွက် အထိ ရှိပြီး အခြား အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများမှာလည်း ထိုနည်းအတူ အရောင်း အဝယ် ဖြစ်ကြပြီး အငှားဈေးကွက်လည်း ကောင်းမွန်နေသည်ဟု သိရသည်။
နေပြည်တော်၏ အိမ်ခြံမြေ ဈေးကွက်မှာ ဈေးနှုန်း အတက်အကျ မရှိဘဲ ပုံမှန်အနေအထားနှင့် အရောင်းအဝယ်ဖြစ်နေ သည်ဟုလည်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်များက ပြောသည်။
နေပြည်တော်၌ အဆင့်မြင့် တက္ကသိုလ်တခုကို ဒက္ခိဏသီရိ မြို့နယ်ရှိ သံတမန်ဇုန် နေရာတွင် တည်ဆောက်ရန် အစိုးရ ထံ တင်ပြထားပြီး ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် လုပ်ငန်းခွင် အတတ်ပညာပေါင်းစုံနှင့် အသက် မွေးဝမ်း ကျောင်း ပညာရပ်ပေါင်းစုံ တက်ရောက် သင်ယူနိုင်မည့် တက္ကသိုလ်အဖြစ် တည်ဆောက် သွားမည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူက ဧရာဝတီသို့ ပြောသည်။
လက်ရှိ နေပြည်တော်၌ ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ လယ်ဝေး နှင့်တပ်ကုန်း ဟူ၍ မြို့နယ် ၈ မြို့နယ်နှင့် ဖွဲ့စည်းထားပြီး အကျယ်အဝန်းစုစုပေါင်း ၂၇၂၄ ဒသမ ၇၅ စတုရန်းမိုင်ရှိကာ လူဦးရေ ၁ သန်းကျော် နေထိုင်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ စာရင်းများအရ သိရသည်။