မန္တလေး ပဲနှမ်း ကုန်စည်ဒိုင်တွင် ကြိုရောင်းကြိုဝယ် ပြုလုပ်ပါက ဝယ်ယူမည့်ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအား စရန် တင်ရမည့်စနစ် ကျင့်သုံးရန် အသင်းသားများ စိတ်ဝင်စားမှုနည်းကာ ပြုလုပ်သူမရှိသေးကြောင်း ကုန်စည်ဒိုင်မှ သိရ သည်။
“ကြိုရောင်းကြိုဝယ်ကြောင့် ငွေကြေး ဆုံးရှုံးမှုတွေများတယ်။ ဒါကြောင့် Deposit (စရန်ငွေ) ၁၀ ရာခိုင်နှုန်း တင်ပြီး အရောင်းအဝယ် လုပ်ကြဖို့ ဒိုင်မှာ မနှစ်ကစပြီး လုပ်လိုက်တယ်။ ဒါပေမယ့် ဒီနေ့ထိ အဲဒီ လိုရောင်းတာ၊ ဝယ်တာမျိုးမရှိ သေးဘူး”ဟု မန္တလေး ကုန်စည်ဒိုင်၏ အထွေထွေအတွင်းရေးမှုး ဦးကျော်သွင်က ဧရာဝတီကို ပြောသည်။
ကြိုရောင်းကြိုဝယ် ကိစ္စများကြောင့် ၂၀၁၆ ခုနှစ်အပါအဝင် ပြီးခဲ့သည့် ၄ နှစ် ကာလအတွင်း မန္တလေး ကုန်စည်ဒိုင်၌ ငွေကြေး ပမာဏ စုစုပေါင်း ကျပ် သိန်းပေါင်း ၃ သောင်းခန့် ငွေကြေး အလွဲသုံးစားပြုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ငွေကြေး အရှုပ်အရှင်းကိစ္စများ ကြိုတင် ကာကွယ်နိုင်ရန်နှင့် အရောင်းအဝယ်တွင် အာမခံချက် တခုရှိစေ ရန် ရောင်းသူ၊ ဝယ်သူ ကုန်သည် နှစ်ဦးနှစ်ဖက်မှ မိမိဝယ်ယူမည့် ကုန်ပစ္စည်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအား ဘဏ်တွင် စရန် အဖြစ်ကြိုသွင်းသည့် စနစ်ကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ခဲ့သည်ဟု ဆိုသည်။
ယင်းစနစ်တွင် ကုန်သည်မှ ဝယ်ယူမည့် ကုန်စည်၏ တန်ဖိုး ၁၀ ရာခိုင်နှုန်းအား ဘဏ်တွင် စရန်ထားကာ ငွေသွင်း သည့် နေ့မှ တလအတွင်း ကုန်သိမ်းရမည့် စနစ်ဖြစ်သည်။
ယခင်ကျင့်သုံးသည့် စနစ်မှာ များသောအားဖြင့် ပဲအသစ်ရာသီ မတိုင်ခင် ကုန်သည်များကြား လေဖြင့် ကြိုရောင်း ကြိုဝယ် ပြုလုပ်မှုများကြရာ ဈေးကွက် ဝယ်လိုအားများချိန်တွင် ဈေး အတက်အကျ ကွာဟသွား၍ အရောင်းအဝယ် ပျက်ကာ ငွေအလွဲသုံးစားမှုများ မဖြစ်ပေါ်စေရန် ယခုစနစ် ကျင့်သုံးရ ခြင်းဖြစ်သည်ဟု ဦးကျော်သွင်က ရှင်းပြသည်။
ယင်းသို့ ဝယ်ယူမည့် ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအား စရန်တင်ရသည့် စနစ်ပြုလုပ်ရန် စိတ်ဝင်စားမှု မရှိသဖြင့် လုပ် ဆောင်မှု မရှိသည့်အပေါ် တစုံတရာ ပြဿနာဖြစ်ပေါ်လာပါက ကုန်စည်ဒိုင်အနေနှင့် တာဝန်ယူ၍ ကူညီဖြေရှင်း ပေး မည် မဟုတ်ဟုလည်း ၎င်းက ဆိုသည်။
၂၀၁၆ ခုနှစ်က ကြိုရောင်းကြိုဝယ် ပဲကိစ္စတွင် ငွေကြေး အလွဲသုံးစား လုပ်ခြင်းခံခဲ့ရသူ မန္တလေး ကုန်စည်ဒိုင် အသင်း သား ဦးကျော်လာက “ဒိုင်အနေနဲ့ ဖိဖိစီးစီး လုပ်ပေးမယ် ဆိုရင်တော့ ဒီစနစ်က အောင်မြင်မှာပါ။ အောင်မြင်ဖို့လည်း မျှော်လင့်ပါတယ်။ ဒါမှ အလုပ်လုပ်ရတဲ့ နှစ်ဦးနှစ်ဖက်လုံး အတွက် အာမခံချက်ရှိလာမှာ”ဟု ပြောသည်။
မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်အလိုက် ဖွင့်လှစ်ထားသည့် ကုန်စည်ဒိုင်ပေါင်း ၅၅ ခုရှိရာ စရန် ၁၀ ရာခိုင်နှုန်း ကြိုပေး စနစ်အား လက်ရှိကျင့်သုံးသည့် ဒိုင်အရေအတွက် ၄ ခုရှိနေပြီး ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် ပခုက္ကူ ကုန်စည်ဒိုင်တို့ ဖြစ်ကြောင်း ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
“ကုန်သည်တွေရဲ့ သဘောသဘာဝကျတော့လည်း ငွေလိုလို့ အရောင်းအဝယ် လုပ်ကြတာဆိုတော့ ဒီ ၁၀ ရာခိုင်နှုန်း ကို သွင်းရတော့ ဝယ်ယူတဲ့ပမာဏ များရင် ရာခိုင်နှုန်းလည်း များတာဆိုတော့ ငွေအိပ်တာမျိုး မဖြစ်ချင်ကြဘူးလေ” ဟု မန္တလေး ပဲနှမ်းဈေးကွက်ရှိ ကုန်သည်တဦးဖြစ်သူ ဦးဌေးက ပြောသည်။
မန္တလေး ကုန်စည်ဒိုင်သည် ပဲ၊နှမ်း ဆီထွက်သီးနှံ မျိုးစုံအား တရုတ်သို့ အဓိက တင်ပို့နေသော အထက် မြန်မာပြည်ဈေး ကွက် တခုဖြစ်ပြီး ကုန်စည်ဒိုင်တွင် အသင်းသား ကုန်သည်ပေါင်း ၅၀၀၀ ကျော် ရှိကြောင်း သိရသည်။