မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ရသေ့တောင်မှ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ပြေးဆွဲနေသည့် ကေဘယ်ကား တည်ဆောက်ရေး စီမံကိန်းအား ပါဝင်တည်ဆောက်ခဲ့သည့် ရတနာရွှေဆင်ကြီးကုမ္ပဏီက ကေဘယ်ကားစီမံကိန်းအတွက် ကမ္ဘောဇဘဏ်တွင် ငွေကျပ်သိန်းပေါင်း ၅ သောင်း အား ချေးယူပေးခဲ့သည့်ငွေများနှင့် ကေဘယ်ကား တည်ဆောက်ရေး ကုန်ကျငွေများအား စီမံကိန်း ရင်းနှီးမြှုပ်နှံသော ကိုရီးယားအခြေစိုက် Sky Asia ကုမ္ပဏီက ပြန်မပေးသေးခြင်းကြောင့် တရားစွဲဆိုမည် ဖြစ်ကြောင်း ရတနာရွှေဆင်ကြီးကုမ္ပဏီဥက္ကဋ္ဌ ဦးစောရွှေအောင်က ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ဧပြီ ၂၄ ရက်နေ့တွင် ရတနာရွှေဆင်ကြီးကုမ္ပဏီက မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ငွေမိုး ဟိုတယ်တွင် Sky Asia ကုမ္ပဏီကို တရားစွဲမည်ဖြစ်ကြောင်း သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစီမံကိန်းတွင် Sky Asia ကုမ္ပဏီက ငွေကြေးအခက်အခဲ ရှိလာခြင်းအပေါ် ကေဘယ်ကား တည်ဆောက်ရေးအပိုင်းကို တာဝန်ယူထားသည့် ရတနာ ရွှေဆင်ကြီးကုမ္ပဏီမှ ကမ္ဘောဇဘဏ်လီမီတက် ကမာရွတ်ဘဏ်ခွဲ ၂ တွင် ငွေကျပ်သိန်း ၅၀၀၀၀ တိတိကို ချေးယူပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ထု့ိကြောင့် ရတနာရွှေဆင်ကြီး ကုမ္ပဏီက ကျိုက်ထီးရိုး ကေဘယ်ကား စီမံကိန်းကို Estimate တွက်ချက်ပြီး ကမ္ဘောဇဘဏ်မှ ဘဏ်ချေးငွေများ အပါအဝင် ငွေကျပ်သိန်းပေါင်း ၁၄၀၀၀၀ ကျော် ပေးရန် Sky Asia ကုမ္ပဏီထံ တောင်းခံခဲ့ရာ Sky Asia ကုမ္ပဏီဘက်က ငွေကျပ်သိန်းပေါင်း ၆၃၀၀၀ ကျော်ကို ပေးချေခဲ့ပြီး ကျန်ငွေသိန်းပေါင်း ၇၇၀၀၀ ကျော်ကို ယနေ့အချိန်ထိ မပေးချေရသေးခြင်းဖြစ်ကြောင်း ရတနာရွှေဆင်ကြီးကုမ္ပဏီက ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်၍ Sky Asia ကုမ္ပဏီကိုလည်း ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားရုံးတွင် တရားစွဲဆို ထားရန် ပြင်ဆင်နေပြီးဖြစ်ကြောင်း ဦးစောရွှေအောင်က ပြောသည်။
“Sky Asia အတွက် ချေးငွေ ချေးယူပေးဖို့ အာမခံပေးခဲ့တဲ့ Mr. Yoo Sun Ha (MD) ပေါ့၊ သူ့ကိုတော့ မရမ်းကုန်းရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ နဲ့ ကျနော် အမှုဖွင့်ထားပါတယ်။ ယခင် Sky Asia ရုံးကလည်း ဖျက်သိမ်းပြီးတော့ ဘယ်ကိုပြောင်းသွားလည်း ကျနော် မသိပါဘူး”ဟု ရတနာရွှေဆင်ကြီး ကုမ္ပဏီမှ ဒါရိုက်တာ ဦးနောင်ရဲအောင်က ဆိုသည်။
ယင်းငွေကြေးများသည် ကေဘယ်ကား တည်ဆောက်ရေးလုပ်ငန်းများ၊ စက်ကိရိယာတပ်ဆင်ခြင်းလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ကေဘယ်ကား ဖွင့်ပွဲလုပ်ငန်းများအတွက် ကုန်ကျခဲ့သည့် ငွေကြေးများဖြစ်ကြောင်း သိရသည်။
၂၀၁၇ခုုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့သည် ကျိုက်ထီးရိုုး ကေဘယ်ကားပရောဂျက်ကိုု ပြင်သစ်နိုုင်ငံအခြေစိုုက် POMA Cable car production and installation Company နည်းပညာနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း LG ကေဘယ်ကားကုုမ္ဗဏီမှအင်ဂျင်နီယာများနှင့် လုုပ်ငန်းလည်ပတ်နေကာ မြန်မာနိုုင်ငံရင်းနှီးမြှုပ်နံှမှုကော်မရှင်၏ တရားဝင်အသိအမှတ်ပြုလက်မှတ်နှင့် လည်ပတ်နေခြင်း ဖြစ်သည်။