စီးပွားရေး

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဆူးလေသို့ အထူးယာဉ်လိုင်း ပြေးဆွဲမည်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဆူးလေသို့ Airport shuttle အထူးယာဉ်လိုင်း လာမည့် မေလဆန်းပိုင်း၌ ပြေးဆွဲပေးရန် စီစဉ်နေကြောင်း Omni Focus ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းတောက်ဝင်း က ပြောပြသည်။

“ကားဆားဗစ်စင် အပိုင်းတို့ သန့်ရှင်းရေး အပိုင်းတို့တော့ လုပ်နေပြီ။ ပြီးတာနဲ့ မေလဆန်းလောက်မှာ ပြေးဆွဲဖို့ မှန်းထား တယ်။ ရပ်မယ့် မှတ်တိုင်တွေကတော့ ဟိုတယ်ကြီးတွေနဲ့ ဈေးဝယ်စင်တာ၊ ပန်းခြံတွေ နေရာတွေလောက်မှာပဲ ရပ်မှာဖြစ် တယ်။ မှတ်တိုင်တိုင်းကိုတော့ မရပ်ဘူး။ ပြေးဆွဲတဲ့ကားတွေကလည်း အခု ကျနော်တို့ ပြေးဆွဲနေတဲ့ ဘတ်စ်ကားပုံစံ အတိုင်း ပြေးဆွဲမှာ ဖြစ်တယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

မှတ်တိုင်များကိုမူ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်မှု ကြီးကြပ်ရေး အာဏာပိုင် အဖွဲ့ (YRTA) ၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

Omni Focus မှ စီစဉ်နေသည့် အဆိုပါခရီးစဉ် လမ်းကြောင်းမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်မည်ဖြစ်ပြီး ယင်းမှတဆင့် လေဆိပ်လမ်း-ရှစ်မိုင်-ကမ္ဘာအေးဘုရားလမ်း-ချော်တွင်းကုန်း- မြကျွန်းသာ- ရွှေဂုံတိုင်-ကန်တော်ကြီး -ဗဟန်း ဦးထောင်ဘို အဝိုင်း-တိရစ္ဆာန် ဥယျာဉ်လမ်း- အလံပြဘုရားလမ်း- သမ္မတရုပ်ရှင်ရုံ- ဆူးလေ- ဘူတာကြီး အထိ ပြေးဆွဲမည် ဖြစ်ကာ ယင်းနေရာ တွင် ခဏ ရပ်နားပြီး ပြန်ထွက်မည် ဖြစ်ကြောင်း ဦးထွန်းတောက်ဝင်းက ပြောသည်။

“ယာဉ်စီးခ ဈေးနှုန်းကလည်း YRTA က သတ်မှတ်ပေးမှာ ဖြစ်တယ်။ အခုထိတော့ ဘာမှ မသိရသေးဘူး။ လောလောဆယ် ကျနော်က ပြင်ဆင်နေတဲ့ အပိုင်း လုပ်နေပါတယ်” ဟု ၎င်းက ရှင်းပြသည်။

Airport shuttle အထူးယာဉ်လိုင်း ပြေးဆွဲရန် အတွက် ယာဉ်မောင်းများကို လေ့ကျင့်ပေးခြင်းနှင့် ယာဉ်များကို စတစ်ကာ များ ကပ်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း Omni Focus ကုမ္ပဏီမှ သိရသည်။

“လေဆိပ်ကို သာကေတဘက်တို့ ဒေါပုံဘက်တို့က သွားမယ်ဆိုရင် တက္ကစီ ငှားရတဲ့ စရိတ်ကကြီးတယ်လေ။ ဘတ်စ် ကား စီးမယ်ဆိုရင်လည်း အဆင့်ဆင့် စီးရမယ်။ အခုလိုမျိုး တိုက်ရိုက်လိုင်းကားတွေ စီစဉ်ပေးတဲ့အတွက် ကုန်ကျစရိတ် သက်သာ သွားမယ်။ အဆင်ပြေ လွယ်ကူသွားမယ်” ဟု သာကေတမြို့နယ်တွင် နေထိုင်သော ကုမ္ပဏီ ဝန်ထမ်းတဦး ဖြစ်သူ မဖြူဖြူက ပြောသည်။

ယင်းခရီးစဉ်ကို ပြေးဆွဲရာတွင် ဘတ်စ်ကားသစ် ၅၀ ဖြင့် ပြေးဆွဲပေးသွားမည် ဖြစ်ပြီး လေဆိပ်-ဆူးလေ ခရီးစဉ်အပြင် ထပ်မံတိုးချဲ့သွားမည့် ယာဉ်လမ်းကြောင်းများလည်း ရှိကြောင်း ကုမ္ပဏီမှ သိရသည်။

လက်ရှိတွင် Omni Focus ကုမ္ပဏီမှ ရန်ကုန် ဘတ်စ်ကား ဝန်ဆောင်မှု (YBS) ယာဉ်လိုင်း ၂၀၊ ၂၇၊ ၅၆၊ ၈၃ တို့ကို ပြေးဆွဲ လျက်ရှိနေသည်။

Loading