စီးပွားရေး

၂၀၁၈ အိမ်ခြံမြေဈေးကွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြင့်လာနိုင်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့သစ် စီမံကိန်းများ တည်ဆောက်ရန်ရှိခြင်းနှင့် ကွန်ဒိုမီနီယံ နည်းဥပဒေ ထွက်လာခြင်း တို့ကြောင့် ၂၀၁၈ ခုနှစ် အတွင်း အိမ်ခြံမြေကဏ္ဍ၌ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု မြင့်တက်နိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “အိမ်ခြံမြေက မနှစ်ကတော့ နိုင်ငံခြား သား ရင်းနှီးမြှုပ်နှံမှု ကောင်းတယ်။ ဒီနှစ်လည်း ကောင်းမယ်လို့ မြင်တယ်။ ပထမ တချက်ကတော့ ကွန်ဒိုမီနီယံနဲ့ ပတ် သက် တဲ့ ဥပဒေ ထွက်တာပေါ့၊ နည်းဥပဒေ ထွက်တယ်။ ဒါကြောင့်မို့ ကွန်ဒိုမီနီယံမှာ ဝယ်လို့ပြုလို့ ရသွားတဲ့ အနေ အထား မျိုး ပေါ်လာတယ်။ ဥပဒေ ပေါ်လာတဲ့အတွက် ဥပဒေ ပိုင်းဆိုင်ရာမှာ အားကောင်းလာတယ်။ ဒါကြောင့် အိမ်ခြံ မြေ ကဏ္ဍတခုလုံးကို အထောက်အကူပြုမယ်။ မနှစ်ကထက် ရင်းနှီးမြှုပ်နှံမှု ပိုကောင်းနိုင်တယ်”ဟု ပြောသည်။

ဧပြီလ ၂၄ ရက်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ် သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စီမံ ကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခြင်း ဖြစ်သည်။

ပြည်တွင်း၌ ကွန်ဒိုမီနီယံ ဥပဒေ (စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ) အား ၂၀၁၆ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး နည်း ဥပဒေကိုမူ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်း၌ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကွန်ဒိုမီနီယံ တွင် အဓိကအားဖြင့် နိုင်ငံခြားသားများအား ၄၀ ရာခိုင်နှုန်းထက် မပိုသော ဥပဒေနှင့်အညီ ရောင်းချပိုင်ခွင့် ရှိခြင်း စသည့် နိုင်ငံခြားသား တိုက်ခန်း ဝယ်ယူခွင့် အချက်အလက်များ ပြည့်စုံစွာ ပါရှိသည်။

ဒုတိယ အချက်အနေနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကောင်အထည် ဖော်ဆောင်မည့် စီမံကိန်းများ ရှိနေ ခြင်း၊ ကျန်အချက်မှာ သမ္မတကြီး ဦးဝင်းမြင့် မိန့်ခွန်း၌ ပြောဆိုခဲ့သည့် နိုင်ငံ့ဝန်ထမ်း အိမ်ရာ စီမံကိန်းများ ရှိနေသဖြင့် အိမ်ခြံမြေ ကဏ္ဍ၌ ရင်းနှီး မြှုပ်နှံမှုများမှာ ယခင်နှစ်ထက် ပို၍ဝင်ရောက် လာနိုင်ကြောင်း ဦးအောင်နိုင်ဦးက ပြော သည်။

လက်ရှိ အစိုးရသက်တမ်း ၂ နှစ်အတွင်း ဝန်ထမ်းများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ဝန်ထမ်း အိမ်ရာ ၄၆၂၇ ခန်း တည်ဆောက် ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ၃ နှစ် ကာလအတွင်း၌ အခန်းပေါင်း ၇ ထောင်ကျော်ကို ဝန်ထမ်း အိမ်ရာအဖြစ် တည်ဆောက်ပေးရန် စီမံထားကြောင်း သမ္မတ ဦးဝင်းမြင့်က နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောကြား ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အိမ်ရာ အဆောက်အအုံ ကဏ္ဍ၌ တရုတ်၊ စင်ကာပူနှင့် ပြင်သစ် စသည့် နိုင်ငံများ၏ ရင်း နှီးမြှုပ်နှံမှု လုပ်ငန်း ၁၁ ခုမှ အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း ရန်ကုန် ဥက္ကဋ္ဌ ဦးေဋ္ဌးမြင့်က “နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမယ့် သူတွေက အခုပဲ စစ်တမ်း လုပ်ဖို့ လာဆွေးနွေးနေတာ ဖြစ်တယ်။ ပြောရရင်တော့ ကွန်ဒိုမီနီယံ ဥပဒေနဲ့ ထွက်လာမယ့် အခွန် ဥပဒေ တွေရော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက လာရောက် ဆွေးနွေးနေတာ ရှိတယ်။ အရင်တုန်းက ကွန်ဒိုမီနီယံ ဥပဒေက ထွက်သာ ထွက်တာ လူပ်ရှားလို့မရတဲ့ ပုံစံဖြစ်တယ်။ အခုကတော့ လက်တွေ့လည်း လုပ်လို့ရတယ် ဆိုတော့ ဒီတွန်းအား က ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ဖို့ကို ၅၀ ရာခိုင်နှုန်းလောက် ဖြစ်တယ်။ ဒီနှစ်ထဲမှာ ဥပဒေရဲ့ သက်ရောက်မှုက အကောင် အထည် ပေါ် လာမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ စင်ကာပူနှင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အိမ်ခြံမြေ ဈေးကွက်နှင့် ပတ်သက် သည့် ဈေးကွက် အနေအထား၊ အစိုးရပိုင်းက ဥပဒေလုံခြုံစိတ်ရမှု အပိုင်းများ အစရှိသည့် စစ်တမ်း ကောက်ယူခြင်း များကို ယခု အချိန်တွင် စတင် လုပ်ဆောင်နေပြီဟုလည်း ၎င်းက ပြောဆိုသည်။

အနောက် နိုင်ငံများအနေနှင့် အိမ်ခြံမြေနှင့် ပတ်သက်သည့် နည်းပညာကဏ္ဍများတွင် အခြားစီးပွားရေး လုပ်ငန်းရှင် များ၊ ပြည်တွင်း ကုမ္ပဏီများ ပူးပေါင်းပြီး အွန်လိုင်းနှင့် နည်းပညာပိုင်း ဆောင်ရွက်ခြင်းများ ရှိနေကြောင်း ၎င်းက ဆို သည်။

ပြည်တွင်း အိမ်ခြံမြေဈေးကွက်သည် အိမ်ငှားဈေးကွက်နှင့် အပေါင်ခံသည့် ဈေးကွက်ခန့်သာ ဖြစ်နေပြီး အရောင်း အဝယ် ဈေးကွက် အေးနေကြောင်း ပြည်တွင်း အိမ်ခြံမြေ လုပ်ငန်းရှင်များက ပြောဆိုကြသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကိုလည်း ရန်ကုန်မြစ် တဖက်ကမ်းရှိ ဒလမြို့နယ်တွင် တည်ဆောက်သွားမည် ဖြစ်ပြီး အခြေခံ အဆောက်အအုံများ၊ စက်မှုဇုန်များ၊ လမ်းများ၊ တံတားများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အဆောက်အအုံများနှင့် အိမ်ရာစီမံကိန်း များစွာ တည်ဆောက်သွားရန် အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြင်ဆင်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက“ကျနော်တို့ မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့ကို ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘက် ပေါင်း စုံကနေ ဆောင်ရွက်နေပါတယ်။ မြို့သစ်စီမံကိန်းကို အခုချိန်မှာ နိုင်ငံတော် အစိုးရကနေ ပြင်ဆင်ဆောင်ရွက် မယ့် အခြေအနေဖြစ်အောင် ကျနော်တို့ ဆောင်ရွက်နေပါတယ်။ ဒီနယ်ပယ်မှာ ဘဏ္ဍာငွေကြေးအရ နိုင်ငံတော်က စိုက်ထုတ်မှာ မဟုတ်တဲ့အတွက် ပုဂ္ဂလိကနဲ့ ပြည်သူလူထုကြား၊ အစိုးရကြား ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အတွက် အစီအစဉ်တွေကို လွယ်ကူပြီး ကြိုးနီ စနစ်တွေ နည်းသွားနိုင်ဖို့ အစိုးရက တာဝန်ယူ ဆောင်ရွက်တာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းများ ကို အထောက်အကူ ပေးခြင်းနဲ့ နိုင်ငံတကာက စီးပွားရေး ကုမ္ပဏီများကိုလည်း ဆွဲဆောင်ရန် မျှော် လင့် ပါတယ်”ဟု ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက် (NYDC) ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading