စီးပွားရေး

ယခုနှစ် မြန်မာ့သရက် တရုတ်ဈေးကွက်တွင် ဈေးကောင်းမရ

ယခုနှစ်၌ ရာသီဥတုကြောင့် သရက်သီး အထွက်နှုန်းလျော့ပြီး အသီးမှည့်ချိန် နောက်ကျသဖြင့် တရုတ် ဈေးကွက်သို့ ပို့ ရာ တွင် သရက် ရာသီအစ ဖြစ်သော်လည်း ဈေးကောင်း မရကြောင်း မန္တလေးတိုင်း သရက် အစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်း သန်း ဆွေက ဧရာဝတီကို ပြောသည်။

“မတ်လ လယ်လောက်က ရာသီဥတု အုံ့မှိုင်းမှိုင်းနဲ့ ဖြစ်သွားပြီး အဲဒီအချိန်မှာ မှိုတချက်ကျသွားတယ်။ အပွင့်ပွင့်ချိန်ဖြစ် နေတော့ တော်ရုံ သတိမထားမိတဲ့ ခြံတွေကျ အပွင့်တွေ ပြုတ်ကျသွားတယ်။ အဲဒါကြောင့် ဒီနှစ် အသီးအထွက်နှုန်း ထိုးကျသွားသလို အသီးမှည့်တဲ့ အချိန်လည်း နောက်ဆုတ်သွားတယ်။ မူဆယ်ကိုပို့တဲ့ အခါကျ မနှစ်ကလောက်ဈေး မရတော့ဘူး” ဟု ၎င်းက ပြောပြသည်။

ပြီးခဲ့သည့်နှစ် ဧပြီလကုန်ပိုင်းက မန္တလေးမှ မူဆယ်သို့ တင်ပို့သော စိန်တလုံး သရက်သီး (အိတ်စွတ်) တဖာလျှင် တ ရုတ်ငွေ ယွမ် ၁၅၀ မှ ၁၇၀ ဝန်းကျင်ဖြင့် ရှိခဲ့သော်လည်း ယခုတွင် ယွမ် ၉၀ မှ ၁၃၀ ကြားသာ အရောင်းအဝယ်ဖြစ် ကြောင်း မန္တလေးတိုင်း သရက်အစုအဖွဲ့ က ပြောသည်။

အလားတူ ယခင်နှစ်က စိန်တလုံး အိတ်လွတ် တဖာလျှင် ယွမ် ၁၁၀ မှ ၁၁၅ ကြားရှိသော်လည်း ယခုဈေးကွက်တွင် ယွမ် ၅၀ မှ ၁၀၀ ကြားသာ တရုတ်ဝယ်လက်များက ဝယ်ယူကြကြောင်း သိရသည်။

“တရုတ်တွေကလည်း အရင်လို မဟုတ်တော့ဘဲ သေချာစေ့စေ့စပ်စပ် ကြည့်ဝယ်ကြတော့တာ။ အနာအဆာ တခုပါ တာနဲ့ သူတို့တွေက ဈေးဝိုင်းဆစ်ကြတော့တာပဲ။ တရုတ်ဝယ်လက်တွေက ညီတယ်လေ။ အဲဒီတော့ ဈေးကွက်က သူတို့အပေါ် မူတည်နေတယ်” ဟု မန္တလေးတိုင်း ဟန်မြင့်မိုရ်ဒေသမှ သရက်တောင်သူ ကိုမျိုးဝင်းက ဧရာဝတီကို ပြောသည်။

လက်ရှိ တရုတ် ယွမ်ငွေ ၁ ယွမ်သည် မြန်မာငွေ ၂၀၅ ကျပ် ပေါက်ဈေး ရှိကြောင်း သိရသည်။

မူဆယ်သို့ တင်ပို့သော သရက် တဖာလျှင် ၁၆ ကီလိုဂရမ်အလေးချိန်ရှိပြီး ပျမ်းမျှ အသီးအရေအတွက် အလုံး ၄၀ မှ ၅၅ လုံးကြား ပါဝင်သည်။

လက်ရှိ မူဆယ်ဈေးကွက်သို့ ရောက်ရှိလာသော သရက်သီး အများစုမှာ ကောင်းစွာ မရင့်မှည့်သေးသောကြောင့် ယခင် နှစ်နှင့် ယှဉ်ပါက ဈေးကောင်းမရခြင်း ဖြစ်သည်။ သရက်မှာ ဝယ်လိုအားရှိသော သစ်သီး အမျိုးအစားဖြစ်ရာ အရည် အသွေးကောင်းသော အသီးများ ထပ်မံ တင်ပို့နိုင်ပါက ဈေးကောင်းရနိုင်မည့် အလားအလာရှိကြောင်း မူဆယ်ရှိ ခွာ ညို သစ်သီးပွဲရုံမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

ယခုနှစ်၏ သရက်အပွင့်ပွင့်ချိန် မတ်လအတွင်း ရာသီဥတု အပူအအေး မမှန်ခြင်းကြောင့် သရက် အထွက်နှုန်းကျသည့် အပြင် သရက်သီး ရင့်မှည့်ချိန်ပါ နောက်ကျနေသဖြင့် ပြည်တွင်း ဈေးကွက်အတွင်း သရက်သီး အမှည့်များ ယနေ့ အထိ လှိုင်လှိုင် မရောင်းချနိုင်သေးဘဲ မူဆယ်ဈေးကွက်ကိုသာ တင်ပု့ိဆဲဖြစ်ကြောင်း မန္တလေးတိုင်း သရက်အစုအဖွဲ့ က ပြော သည်။

“အထွက်နှုန်းက ကျသွားတာ မှန်ပေမယ့် အခုထိတချို့ခြံတွေက အသီးမမှည့်ကြသေးတော့ ဘယ်လောက်ထိ ကျသွား တယ် ဆိုတာ သေချာတိတိကျကျ ပြောဖို့ခက်တယ်။ ဒါပေမယ့် မနှစ်က ဒီအချိန် မူဆယ်ကို ၁ ရက် ကားအစီး ၁၅၀ လောက် တင်ရရင် ဒီနှစ်မှာတော့ အစီး ၁၀၀ လောက်ပဲ တင်နိုင်တယ်” ဟု ဒေါ်သန်းသန်းဆွေက ပြောပြသည်။

မြန်မာ့သရက်အား မူဆယ်မှ တဆင့် တရုတ်ဈေးကွက်သို့ သင်္ကြန်ကာလ နောက်ပိုင်းမှစ၍ တင်ပို့ကြရာ မေလလယ် သည် တင်ပို့မှု အများဆုံး ဖြစ်ပြီး ဇွန်လလယ်တွင် သရက်တင်ပို့မှု ပြီးဆုံးကြောင်း သရက် တောင်သူများက ပြောသည်။

တရုတ်ဈေးကွက်သို့ မန္တလေးတိုင်း အတွင်းရှိ စဉ့်ကိုင်၊ ကျောက်ဆည်၊ ဟန်မြင့်မိုရ် ဒေသတို့က ထွက်ရှိသော “စိန်တ လုံး” သရက် အမျိုးအစားအား လက်ရှိ တင်ပို့နေပြီး လာမည့် မေလအတွင်း “ဟသာၤ”နှင့် “ရင်ကွဲ” အမျိုးအစား သရက် တို့ ရင့်မှည့်ချိန် ဖြစ်၍ ဆက်လက် တင်ပို့သွားမည်ဟု သိရသည်။

Loading