စီးပွားရေး

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ရွှေဒင်္ဂါး ပုံစံသစ်များကို ယခုရက်ပိုင်း စတင် ရောင်းချမည်

Want create site? Find Free WordPress Themes and plugins.

ဗိုလ်ချုပ်အောင်ဆန်းပုံပါ စံချိန်မီ ၁ မတ်သား ရွှေဒင်္ဂါး ပုံစံသစ်များကို ယခု ရက်ပိုင်း၌ ဈေးကွက်အတွင်း ဖြန့်ချီရောင်းချ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ဧရာဝတီသို့ ပြော သည်။

“ကျနော်တို့က အများပြည်သူရဲ့ လိုအပ်ချက်အရ နိုင်ငံ့အမျိုးသား ခေါင်းဆောင်ကြီး ဓာတ်ပုံနဲ့ ဖော်ပြဖို့ လိုအပ်လာတဲ့ အတွက် ပြောင်းလဲထုတ်တာပါ။ ဈေးကွက်ကိုတော့ ဒီနေ့ပဲ (ဧပြီ ၂၇) ကျနော်တို့ ကျောက်မျက်ရတနာ အရောင်းဆိုင် တွေကို စပြီး ထုတ်ပေးထားတယ် ဆိုတော့ တရက် နှစ်ရက်အတွင်း အများပြည်သူကို ရောင်းချပေးနိုင်မယ် ထင်ပါတယ်” ဟု ပြောသည်။

လက်ရှိ၌ ဗဟိုဘဏ်မှ အများပြည်သူသို့ ဖြန့်ချိရောင်းချပေးနိုင်ရန် သက်ဆိုင်ရာ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ် ရေး လုပ်ငန်းများသို့ ရွှေဒင်္ဂါးပြားများကို ဧပြီလ ၂၇ ရက်တွင် စတင်ထုတ်ပေးထားပြီး ဖြစ်ကြောင်း ၎င်းက ပြောသည်။

သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ရှိ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း အရောင်းဆိုင် ၃ ဆိုင်အနက် နေပြည်တော် အရောင်းဆိုင်၌ စတင်ရောင်းချရန် ခန့်မှန်းထားကြောင်း ၎င်းက ဆို သည်။

ဆက်လက်၍ ၎င်းက “အရင်ဆုံးတော့ နေပြည်တော်က စရောင်းမယ်ထင်တယ်။ ရန်ကုန်နဲ့ မန္တလေးက ပို့ရအုံးမယ်။ တနင်္လာနေ့ လောက်တော့ စရောင်းမယ် ထင်တယ်” ဟု ရှင်းပြသည်။

ယခုအခါ ပြည်သူများမှ ဝယ်လိုအားများလာသော ၁ မတ်သား ရွှေဒင်္ဂါးမှာ လက်ကျန်မရှိတော့သဖြင့် အသစ်သွန်းလောင်း ထုတ်ဝေရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ညွှန်ကြားရေး မှူးချုပ် ဦးအောင်အောင်က ပြောသည်။

ထိုအသစ်သွန်းလောင်းမည့် ၁ မတ်သားရွှေဒင်္ဂါး၏ အချင်းမှာ ၁၈ ဒသမ ၀ မီလီမီတာ၊ အထူမှာ ၁ ဒသမ ၀ မီလီမီတာရှိပြီး ဒင်္ဂါးမျက်နှာပိုင်း ဗဟိုတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ပုံ၏အောက်တွင် Aung San အမည်ပါရှိ မည် ဖြစ်သည်။

ယင်းအပြင် ရွှေဒင်္ဂါး၏ အနားပတ်လည်တွင် “Central Bank of Myanmar” “4.082 gm 999.9 Fine Gold” ဟူသော အင်္ဂလိပ် စာလုံးဖြင့် ဖော်ပြထားမည်ဖြစ်ပြီး အခြား မျက်နှာပြင်တဖက်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၂၀၁၈၊ ၁ မတ် သား။ ၉၉၉.၉ သန့်စင်ရွှေ” ဟု မြန်မာစာလုံးဖြင့် ဖော်ပြထားမည် ဖြစ်သည်။

၁ မတ်သားရွှေဒင်္ဂါး ဝယ်ယူသည့်အခါ ရွှေဒင်္ဂါးပြားနှင့် အတူ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့် ဌာနအကြီးအကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံချက်များ တပေါင်းတည်း ပါရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထား သည်။

အဆိုပါ ရွှေဒင်္ဂါးပြားကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး တို့တွင် နေ့စဉ် ရွှေဈေးနူန်းပေါက်ဈေးအပေါ် အလျော့တွက်နှင့် ကုန်ကျစရိတ် ၁၂၅၀၀ ကျပ် ထပ် ပေါင်းသည့် ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင် ထုတ်ဝေထားသည့် ရွှေဒင်္ဂါး ဒီဇိုင်းပုံစံများကို ထပ်မံထုတ်ဝေတော့မည်မဟုတ်ကြောင်း ယခု အသစ်သွန်းလောင်း ထုတ်ဝေသော ၁ မတ်သား ဗိုလ်ချုပ်ပုံ ရွှေဒင်္ဂါးများကို ဈေးကွက် ဝယ်လိုအားပေါ်မူတည်၍ ထုတ်ဝေသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။

ယခင် ထုတ်ဝေခဲ့သည့် ရွှေဒင်္ဂါးများမှာ ၁ ကျပ်သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်း ဗဟိုတွင် ကြယ်ပွင့်ပုံ၊ ငါးမူးသား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် လယ်ထွန်သောပုံနှင့် ၁ မတ်သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် သစ်ဆွဲနေသော ဆင်ပုံများကို သွန်းလောင်းထားပြီး ယင်းတို့ကို မြန်မာနိုင်ငံ တော် ဗဟိုဘဏ်မှ ၁၉၉၁ ခုနှစ်၌ စတင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading