ဧပြီလအတွင်း မန္တလေးမြို့ရှိ Wave Money ကိုယ်စားလှယ်ဆိုင် အချို့တွင် ငွေကြေး ခိုးယူ ထုတ်သုံးမှုများဖြစ်ပွားခဲ့သည်။ ယင်းအေးဂျင့်များတွင် ငွေကြေးဆုံးရူံးမှုများနှင့် ပတ်သက်၍ Wave Money ဘက်မှ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ရာတွင် စနစ်တွင်းသာမက အေးဂျင့်အကောင့်များမှ အကောင့်ဟက်(က်)ခံရခြင်းများ မရှိကြောင်း၊ ယခင်အတိုင်း လုံခြုံစွာ လုပ်ဆောင်နိုင်ပြီး ငွေကြေးခိုးယူခံရသော Wave အေးဂျင့်ဆိုင်များ၏ CCTV မှ တဆင့် ပြစ်မှုကျူးလွန်သူ၏ ပုံပန်းသဏ္ဍာန်၊ ဓာတ်ပုံ၊ အသေးစိတ် အချက်အလက်များ ကို ရရှိထားသဖြင့် ရဲလက်သို့ အပ်နှံထားပြီး ပြစ်မှုကျူးလွန်သူ များကို ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည် ဟု သိရသည်။
ယခုကဲ့သို့ Wave Money ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး Wave အေးဂျင့်များတွင် ငွေကြေးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရခြင်း၊ ငွေကြေး လွှဲပြောင်းပေးသည့် မိုဘိုင်းဝန်ဆောင်မှု လုပ်ငန်း၏ လုံခြုံစိတ်ချရမှုများနှင့် ပတ်သက်ပြီး Wave Money၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Brad Jones ကို ဧရာဝတီသတင်းထောက်မျိုးပပစန်းက တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ Wave Money ဆိုတာ ဘာလဲ။ လုပ်ငန်း အကျဉ်းချုပ်လေး ရှင်းပြပေးပါ။
ဖြေ။ ။ မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ပထမဦးဆုံး လိုင်စင်ရတဲ့ မိုလ်ဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင် မြန်မာတနိုင်ငံလုံးအနှံ့မှာ ဆိုင်ပေါင်း ၂ သောင်း ၃ ထောင်နဲ့ လည်ပတ်နေပါတယ်။ အဓိကတော့ ငွေလွှဲ ငွေထုတ်တွေကိုပဲ ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်း လုပ်တာမျိုးပေါ့နော်။
မေး။ ။Wave Money က မန္တလေးမှာ ဆိုလည်း လုံခြုံရေးနဲ့ ပတ်သက်ပြီး စည်းပေါက်တယ်ဆိုပြီး ပြဿနာတွေရှိနေတော့ ဒါကြောင့် လုံခြုံရေးနဲ့ ပတ်သက်ပြီး ဘယ်လို စီစဉ်ဆောင်ရွက်နေပါသလဲ။
ဖြေ။ ။ ဒီသတင်းနဲ့ပတ်သက်ပြီးတော့မှ မီဒီယာဘက်ကနေပြီး တဖက်ထဲ နားထောင်ပြီး ရေးလိုက်တဲ့ အပေါ်မှာတော့ စိတ်မကောင်းဖြစ်ရတယ်။ အဓိကက ဘယ်လိုဖြစ်သွားလည်း ဆိုတော့ ဒီဟာက ပြစ်မှု ကျူးလွန်တယ်ပေါ့။ ရည်ရွယ်ချက်ချက်ရှိရှိနဲ့ တမင်တကာ ငွေကြေး လိမ်လည်ထုတ်ယူသလို ဖြစ်သွားတာပါ။ ဒီ Wave Money ရဲ့ System ကတော့ ခိုင်မာမှု လုံခြုံမှုရှိတယ်။ ဒီဘက်က System နဲ့ မဆိုင်ပဲ ကိုယ်စားလှယ်ဆိုင်တွေရဲ့ အေးဂျင့်တွေကမှ ဒီလို မသမာမှု ဖြစ်သွားတာပေါ့နော်။ ဆိုင်တွေဆီက မသိသင့်တဲ့ Wave Money ရဲ့ လျှို့ဝှက်ကုဒ်နံပါတ်တွေ၊ Password တွေ ခံထားတာတွေကို ရယူပြီးတော့မှ ငွေကြေးလိမ်လည်မှု ဖြစ်သွားတာပါ။

သဘောကတော့ ဒီ Wave Money ရဲ့ လုံခြုံရေးစနစ်နဲ့ မဆိုင်ဘူး။ သူတို့ဘာသာ အပြင်မှာ လိမ်လည်မှု ဖြစ်သွားတာပါ။ အဓိကတော့ အခု ဖြစ်ပျက်နေတဲ့ ပြောနေကြတဲ့ Wave Money လုံခြုံရေးစနစ် အကောင့် ဟက်(က်) ခံနေရတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ Customer တွေရဲ့ Account ထဲမှာ ရှိတဲ့ ငွေကြေးက လုံလုံခြုံခြုံ ရှိနေသေးတယ်။ ဟက်(က်)ခံရလို့မှ ငွေကြေးတွေ မရှိတော့ဘူးဆိုတာ မဟုတ်ပါဘူး။
ပြောချင်တာက Customer တွေက Wave Money ကို လုံလုံခြုံခြုံ စိတ်ရှည်ရှည်နဲ့ သုံးစွဲလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ ဟက်(က်)ခံရတာတွေမဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ မသမာသူ တချို့ကနေပြီးတော့ အေးဂျင့်ဘက်နေ ရယူပြီး လုပ်သွားတာ ဖြစ်တယ်။ မန္တလေးမှာဖြစ်သွားတဲ့ ကိစ္စဆိုရင် ခန့်မှန်းချေ လူ ၃ ဦးပါဝင်တယ်။ အဲဒီ ၃ ဦးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပုံပန်းသဏ္ဍာန်နဲ့ ပတ်သက်ပြီးတော့လည်း ရဲတွေကို အပ်ထားပြီးသား ဖြစ်နေတယ်။ လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေကိုတော့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
မေး။ ။ Wave Money အသုံးပြုနေတဲ့ Customer တွေကို ဘယ်လောက်ထိ လုံခြုံစိတ်ချရမှု ပေးနိုင်သလဲ။ လုံခြုံမှု ရှိအောင် ဘယ်လိုမျိုး နည်းစနစ်တွေနဲ့ လုပ်ဆောင်ပေးနေတာ ရှိပါသလဲ။
ဖြေ။ ။လုံခြုံစိတ်ချရမှု အပိုင်းကတော့ တကယ်ကို ရှိတယ်။ သူတို့တွေရဲ့ Wave Money ရဲ့ Pin Code ဥပမာ- ညီမဖုန်းထဲမှာ ရှိတဲ့ Password သိရင် ဖုန်းထဲက ဟာတွေကို အကုန်လုံးကြည့်လို့ရသလိုပဲ။ ဖုန်းထဲမှာရှိတဲ့ Wave Money ရဲ့ Pin Code ကိုသိရင် ဝင်လို့ရသွားပြီ။ အဲဒါဆိုရင် ဖုန်းထဲက ငွေကြေးကို ယူသွားမယ်ပေါ့။ တခုပြောချင်တာက Wave Money ရဲ့ System ဘက်ကတော့ အမှားမရှိဘူး။ ဆော့ဖ်ဝဲပိုင်းက လုံခြုံစိတ်ချရမှု အပြည့်ရှိတယ်။ တခုပဲ ပြောချင်တာက Pin Code တွေကို သူများ မသိဖို့ အရေးကြီးတယ်။ ဆိုင်ရှင်ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ Pin Code ကို Sharing မလုပ်ဖို့ အရေးကြီးတယ်။ Share လိုက်ပြီဆိုတာ လိမ်လည်မှု ဖြစ်သွားမှာပဲ။
မေး။ ။ လက်ရှိငွေကြေး လိမ်လည်မှု အမှားအယွင်းဖြစ်တာနဲ့ ပတ်သက်ပြီး တော့ရော အရင်က ဒီလိုမျိုး တိုင်ကြားတာတွေရှိလား။ ဖြစ်ခဲ့ဖူးလို့ရှိရင် Wave Money အနေနဲ့ ဘယ်လိုမျိုးဖြေရှင်းပေးခဲ့ပါသလဲ။

ဖြေ။ ။ တကမ္ဘာလုံးမှာ mobile ငွေရေးကြေးရေး ရှိတဲ့ နေရာတိုင်းမှာတော့ ဒီလိုမျိုး ပြဿနာရှိပါတယ်။ ဝန်ဆောင်မှုက ကြီးထွားလာတဲ့ အခါကျတော့ လူတွေက ပိုပြီးတော့မှ လိမ်လည်မှု ဖြစ်သွားတာပေ့ါနော်။ Wave Money က ဒါမျိုးတွေ ဖြစ်မယ်ဆိုတာတော့ သိထားတယ်။ ကြုံရမယ်ဆိုရင်တော့ ပြဿနာမကြီးအောင် သေးအောင်ကြိုးစားနေတယ်။ ဖြစ်တာတော့ ဖြစ်မှာပေါ့။ ဖြစ်တဲ့အပေါ်မှာလည်း အတတ်နိုင်ဆုံး ဖြေရှင်းသွားမှာပါ။
မေး။ ။အဓိက အခုလိုမျိုး ငွေကြေး လိမ်လည်မှု ဖြစ်ရတဲ့ အရင်းအမြစ်က ဘာလဲ။ ပြီးတော့ Wave Money အနေနဲ့ မန္တလေးမှာဖြစ်တဲ့ပြသနာအပေါ် ဘယ်လိုမျိုး တုံ့ပြန်သွားဖို့ရှိပါသလဲ။
ဖြေ။ ။ဖြစ်သွားတာကတော့ အေးဂျင့်တွေကမှ သူတို့ရဲ့ ဒီလျှို့ဝှက်ရမယ့် အရာကို သေချာမလျှို့ဝှက်မိလို့ ဖြစ်သွားတာ။ အဲဒီအခါကျတော့ လိမ်လည်မှု ဖြစ်သွားနိုင်တာပေါ့နော်။ အဓိကတော့ Pin Code ကို မပေးမိအောင် ဘယ်လိုနည်းနဲ့ပဲ ချည်းကပ်ချည်းကပ် ဒါကို မ Share မိအောင် သတိထားပြီး လုပ်ဆောင်ရမယ်။ Wave Money ဘက်ပိုင်းကတော့ ဘယ်လိုမှ ခိုးယူလို့မရဘူး။ ဒီကိစ္စဖြစ်သွားတာလည်း ဆိုင်ရှင်တွေရဲ့ မသိသင့်တဲ့ အရာတွေကို သိသွားပြီးတော့မှ ဖြစ်သွားတာမျိုးပေါ့နော်။ လက်ရှိ မန္တလေး ကိစ္စကိုတော့ ရဲလက်ထဲ အပ်ထားတယ်။
Wave Money Call Center က ၂၄ နာရီလုံးလုံး အလုပ်လုပ်တယ်။ ဒီဘက်မှာ အဲဒီလိုပြဿနာမျိုးတွေ ဖြေရှင်းပေးဖို့ အဖွဲ့တခု ဖွဲ့ထားတာရှိတယ်။ ဖုန်းဆက်ပြီးတော့ ပြောဆိုနိုင်တယ်။ ဆိုင်ရှင်ကနေ ပြီးတော့မှ သူတို့ရဲ့ Pin Code ကို ပေးလိုက်မိပြီ ဆိုရင် အသစ်ပြောင်းလို့ရတယ်။ အဲဒါမှ မဟုတ်ဘူး ထပ်ပြီးတော့မှ သေသေချာချာလေး သိချင်တယ်။ ရှင်းလင်းချင်တယ်ဆိုရင် ကျနော်တို့ရဲ့ Call Center ဖြစ်တဲ့ Wave Money Call Center ကို ဆက်သွယ်နိုင်ပါတယ်။
မေး။ ။ Wave Money သုံးစွဲသူတွေ အနေနဲ့ နောက်ပိုင်းမှာပိုပြီး ယုံကြည်စိတ်ချရမှု ရှိအောင် လုံခြုံရေးစနစ်ပိုင်း ပိုပြီး လုပ်ဆောင်သွားဖို့ ရှိပါသလား။
ဖြေ။ ။ ထပ်ပြီးတော့ အဆင့်မြင့်တင်ဖို့တော့ မရှိဘူးပေါ့နော်။ ပြဿနာက နဂိုထဲက ဒီဘက်ပိုင်းက ဖြစ်တာ မဟုတ်တဲ့အတွက်ပါ။ ပြောချင်တာက အဆင့်မြှင့်စရာကို မလိုတာ။ တခုပဲရှိတာက Pin Code တွေကို အခြားသူ သိမသွားဖို့ပဲဖြစ်တယ်။ ဒီစနစ်ကြီးက လည်ပတ်နေမှာပဲ ။Wave Money ဘက်က လုံခြုံစိတ်ချရတဲ့ စနစ်တခုကို သုံးစွဲသူတွေကို ဖန်တီးပေးပြီးသား။ Pin Code ကိုပဲ ထိန်းဖို့လိုတယ်။
အမြဲတမ်း သင်တန်းတွေလည်း လုပ်တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း Message ပို့ပြီးတော့ သတိပေးခဲ့တယ်။ အဓိက ကိုယ့်ရဲ့ Pin နံပါတ်ကို သူများတွေနဲ့ Sharing မလုပ်ဖို့ လုံလုံခြုံခြုံထားဖို့ အတွက် အမြဲတမ်း အသိပေးစာတွေလည်း ပို့ပါတယ်။ သင်တန်းတွေလည်း ပေးပါတယ်။
မေး။ ။Wave Money ရဲ့ နောက်ထပ်ခြေလှမ်းသစ်က ဘာတွေဖြစ်မလဲ။ ဘာတွေ ဆက်လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ရေရှည် Plan ကတော့ ကျနော်တို့ အမြဲပြောတဲ့ တနိုင်ငံလုံးက Wave Money အသုံးပြုနိုင်ရေးကို ဦးတည်သွား နေပါတယ်။ အရင်တုန်းကဆိုရင် ငွေတွေဘာတွေ လွဲတာမရှိတော့ ခက်ခဲတယ်။ အခုကျတော့ အဲဒီလိုမျိုး မဟုတ်တော့ဘဲနဲ့ လူအများအပြား ငွေရေးကြေးရေး အဆင်ပြေစွာ လွဲပေးနိုင်ရေးအတွက်ကို သွားနေပါတယ်။
မေး။ ။ဘာများဖြည့်စွက်ပြီး ပြောချင်ပါသေးလည်း ရှင့်။
ဖြေ။ ။အခုပြောသွားတာတော့ အချက် ၃ ချက်ရှိတယ်ပေါ့နော်။ Wave Money က ဘာမှကို အကောင့်ဟက်(က်) တာ လုပ်လို့မရအောင် လုံခြုံမှု ရှိပါတယ်။ နိုင်ငံတကာ နည်းပညာလည်း ပါတဲ့အခါကျတော့ အရမ်းကို လုံခြုံပါတယ်။ နံပါတ် ၂ အချက်ကတော့ ဒီဆိုင်ရှင်တချို့ရဲ့ စိတ်နေစိတ်ထားကိုက အယုံလွယ်တယ်။ တခုခုဆိုရင် သူတို့ရဲ့ ဖုန်းတွေဘာတွေ ပြပါအုံးဆိုရင် ပြလိုက်မိတဲ့အခါမျိုးတွေ အဲဒီအခါမျိုးတွေမှာ Pin Code ကို Share လိုက်မိသလိုဖြစ်ပြီး မဖြစ်သင့်တာတွေ ဖြစ်သွားတယ်။ ဒီလိုမသမာမှု တွေရှိနေတယ်။ နံပါတ် ၃ အချက်ကျတော့ Pin ကုတ်ကို လုံး၀ လုံး၀ Sharing မလုပ်ပါနဲ့ဟု ပြောချင်ပါတယ်။ ဒီသုံးချက်ကတော့ အဓိကပါ။
ဆက်စပ်ဖတ်ရှုရန် – မန္တလေးမြို့က Wave money ကိုယ်စားလှယ်အချို့ထံမှ ငွေခိုးထုတ်ယူခံရ