တရုတ်သို့ ဆန်တင်ပို့သည့်ရာသီဖြစ်သော်လည်း ဝယ်လက်များက ဈေးကွက်တွင်း ပစ္စည်းရှားသည့် ဆန် အမျိုးအစားကို ဝယ်ယူလိုသဖြင့် ပို့ကုန်အရောင်းအဝယ် တန့်နေကြောင်း မန္တလေးဆန် ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်က ဧရာဝတီကို ပြောသည်။
“ဒီအချိန် သီးထပ်လို ပစ္စည်းပေါတဲ့ဆန်ကို အဝယ်ရပ်ထားပြီး ငစိန်လိုဈေးကွက်မှာ လက်ကျန် မရှိတော့တဲ့ ဆန်အမျိုးအစားကို အဝယ်ပြတော့ ကုန်သည်တွေမှာ မရောင်းရဘူးလေ။ မရောင်းရတော့ ဈေးတန်းက လည်း အကျဘက်ပဲ တဖြည်းဖြည်းဆင်းနေတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ အရောင်းအဝယ်မရှိသဖြင့် ဈေးတဖြည်းဖြည်း ကျလာကာ ပြီးခဲ့သည့်နှစ် မေလဆန်းက ၁ အိတ် လျှင် တရုတ်ငွေယွမ် ၁၅၀ ဝန်းကျင် ဈေးပေါက်သော ရက် ၉၀၊ သီးထပ် ဆန်အမျိုးအစားတို့မှာ လက်ရှိ မူဆယ် ဈေးကွက်တွင် ယွမ် ၁၄၅ ဝန်းကျင် အထိ ဈေးကျသွားကြောင်း မူဆယ်မှတဆင့် တရုတ်လိုင်း တင်ပို့နေ သော ဆန်ကုန်သည်များထံမှ သိရသည်။
မူဆယ်သု့ိတင်ပို့သော ဆန် ၁ အိတ်လျှင် ၃၀ ဒသမ ၇၅ ပိသာအလေးချိန်ရှိပြီး လက်ရှိ တရုတ်ငွေဈေးမှာ ၁ ယွမ်လျှင် မြန်မာငွေ ၂၀၅ ကျပ်ဝန်းကျင် ပေါက်ဈေးရှိသည်။
တရုတ်နိုင်ငံသို့ မူဆယ်၊ လွယ်ဂျယ်တို့မှတဆင့် သီးထပ်၊ ရက်၉၀၊ ကရင်မ၊ ငစိန်၊ ဆန်ကွဲ အစရှိသော ဆန်အမျိုးအစားများ တင်ပို့လျက်ရှိပြီး ယခုရာသီတွင် ဧရာဝတီတိုင်းမှ ထွက်သော သီးထပ်၊ ရက် ၉၀ ဆန် အမျိုးအစားသည် မန္တလေးဈေးကွက်သို့ အဝင်အများဆုံး ဖြစ်ကြောင်း သိရသည်။
သင်္ကြန်မတိုင်ခင် ပစ္စည်းပါးသွားသော ငစိန်၊ ကရင်မ အမျိုးအစားများကို တရုတ်ဝယ်လက်များက ဝယ်လို ကြသော်လည်း ဆန်အသစ်ပေါ်ချိန်ဖြစ်ရာ ဈေးကွက်အတွင်း ပစ္စည်းပေါနေသော သီးထပ်၊ ရက် ၉၀ အမျိုး အစားဆန်များကိုမူ အဝယ်ရပ်ထားသဖြင့် ကုန်သည်များမှာ ဝယ်ထားသော ဆန်များကို လှောင်၍သာ တရုတ်ဈေးကွက်အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်သည်ဟု ဆိုသည်။
“တရုတ်လိုင်းဝယ်တဲ့ဆန်က ပြည်တွင်းက မစားတဲ့ဆန်တွေဖြစ်တော့ သူတို့ရောင်းဖို့ သီးသန့် ဝယ်လှောင် ရတာမို့ သူတို့အရောင်းအဝယ်မရှိရင် ဘယ်မှလည်း ရောင်းမရတော့ ကုန်သည်က ငွေအောင်းခံရတော့တာ ပဲ။ ပြီးတော့ အခုချိန် ဒီဈေးနဲ့ရောင်းရရင်လည်း ကားခနဲ့ပေါင်းရင် အရင်းတောင်မရဘူး” ဟု လျှံဝင်းလက် ဆန်ပွဲရုံပိုင်ရှင် ဦးကျော်မင်းဌေးက ဧရာဝတီကိုပြောသည်။
ထို့အပြင် တရုတ်ဝယ်လက်အချို့က ပြည်တွင်းရှိ ဆန်ထွက်ရှိရာ မတ္တရာ၊ ပုသိမ်၊ မြောင်းမြ စသည့် ဒေသ များအပါအဝင် ဘုရင့်နောင်ကုန်စည်ဒိုင်ကဲ့သို့ ဆန်လက်ကားဒိုင်ကြီးများအထိ ကိုယ်တိုင်ဆင်း၍ ဝယ်ယူ နေကြသဖြင့် မန္တလေးရှိ ဆန်ကုန်သည်များအခက်ကြုံနေရကြောင်း သိရသည်။
“သူတို့တွေက အောက်ခြေထိ လက်ကုန်ဆင်းဝယ်နေကြတော့ ဒီကကုန်သည်တွေမှာ လုပ်ရကိုင်ရတာ ကြပ် လာပြီလေ။ နိုင်ငံသားချင်း ရောင်းရမယ်လို့ MRF (မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်)ကလည်း ပြောလို့မှမရ တာ။ အဲဒီလိုပြောရင်လည်း မြန်မာအဝယ်တော် ၁ ယောက်ကို နာမည်ခံပြီး ဝယ်ခိုင်းလို့ရနေတာ ဆိုတော့ ဘယ်လိုလုပ်မလဲ” ဟု ဆန်ပွဲရုံပိုင်ရှင် တဦးလည်းဖြစ်သူ ဦးကျော်ကျော်နိုင်က ပြောသည်။
လာမည့် ဇွန်လအတွင်း မတ္တရာ၊ ရွှေဘိုနယ်တု့ိမှ စပါးသစ်များထွက်ရှိမည်ဖြစ်ရာ တရုတ်၏ ဝယ်လိုအား မကောင်းပါက အရောင်းအဝယ် သွက်လာရန် အလားအလာနည်းကြောင်း ဆန်ကုန်သည်များက ခန့်မှန်း ကြသည်။
“တရုတ်ဝယ်လက်တွေအချင်းချင်း ညှိပြီး လုပ်တယ်ထင်တာပဲ။ ဒီကကုန်သည်တွေ ရောင်းသာရုံအောက် ဈေးလေးပေးပြီး ထိန်းထားတဲ့ပုံစံဖြစ်နေတယ်။ ကုန်သည်တွေ အနေနဲ့ကျလည်း တရုတ်ကို မှီခိုရောင်းနေ ရတာဆိုတော့ သူတို့မဝယ်ရင် အရောင်းအဝယ် ကောင်းလာဖို့ အလားအလာသိပ်မမြင်ဘူး” ဟု ဆန်ကုန် စည်ဒိုင် ဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်က ဆန်ဈေးကွက်အလားအလာကိုပြောသည်။
လက်ရှိ၌ တရုတ်သို့ တင်ပို့သည့် ဆန်ဈေးနှုန်းမှာ ကျဆင်းနေသော်လည်း ပြည်တွင်း စားသုံးသော ဆန်ဈေး နှုန်းများမှာ ဆန်ကြမ်း ၁ အိတ်လျှင် ၁၅၀၀ ကျပ်ခန့်နှင့် ဆန်ချော ၁ အိတ်လျှင် ၃ ထောင် ကျပ်ခန့် ဈေးတက်နေကြောင်း ဝါးတန်းလမ်း ကုန်စည်ဒိုင်မှ သိရသည်။