NLD အစိုးရ လက်ထက်အတွင်း ကာလ အတော်ကြာ တည်ငြိမ်နေသော အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းဈေးမှာ ယခု လပိုင်း အတွင်း ဈေးတက်လာခဲ့ကြောင်း ဒေါ်လာ အရောင်းအဝယ် အကျိုးဆောင် လုပ်ငန်းများမှ သိရသည်။
ဒေါ်လာ ရောင်းဝယ်ရေး အကျိုးဆောင် ဦးမိုးက “စင်ကာပူနဲ့ တွဲလုပ်တဲ့ ဟွန်ဒီလိုင်းတွေ (ဦးတို့ဆီမှာတော့ အဝေးလို့ခေါ် တယ်) ဒါတွေက စင်ကာပူ ဈေးမြင့်တဲ့ အခါကျတော့ ဈေးလိုက်တက်တယ်။ အဲဒီကစပြီး ဈေးတက်လာတာပဲ။ အမေရိကန် အညွှန်းကိန်းကလည်း ၈၉ လောက်ကနေပြီးတော့ ၉၂ လောက်ပြန်တက်တယ်။ ဒါတွေ စုပြုံသွားတယ်”ဟု ပြောသည်။
ထို့ပြင် အစိုးရက ပြည်တွင်း လစာနှုန်းထားများတိုးခြင်း၊ မိုးတွင်းကာလ အနီး ဘိန်းစိုက်ရာသီဖြစ်ခြင်း၊ ပုဂ္ဂလိက ငွေကြေး လဲလှယ်နှုန်း (ဟွန်ဒီ ) မြင့်လာခြင်းနှင့် အမေရိကန် ငွေကြေး အညွှန်းကိန်း မြင့်လာခြင်းတို့ကြောင့် ဈေးတက်ရိပ် ပြနေခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဒေါ်လာ အရောင်းအဝယ်ဈေးကွက် အတွင်း၌ အမေရိကန် ၁ ဒေါ်လာလဲလှယ်နှုန်းမှာ မြန်မာကျပ်ငွေ ၁၃၄၂ ကျပ်၊ ၁၃၄၃ ကျပ် ဝန်းကျင်တွင် ရှိနေသည်။
ဆက်လက်၍ “နောက်တခါ ရာသီချိန်အရ မိုးတွင်းနီးရင် အစိမ်းဈေး တက်လေ့တက်ထ ရှိတယ်။ ဘိန်းစိုက်တဲ့ အချိန်ဖြစ် လို့နဲ့ ဈေးက အကုန်စုံပြီး တက်သွားတာပါ။ ဒီလို အကြောင်းအရာတွေ စုပြုံသွားတော့ ၁ ပတ်၊ ၂ ပတ်လောက် အတွင်းကို ၂၀ လောက် တက်သွားတယ်။ ရာသီပုံစံနဲ့ လက်ရှိ ပုံစံအတိုင်းဆိုရင် တအားကြီး ပြန်ကျဖို့တော့ မမြင်ဘူး” ဟု အကျိုးဆောင် လုပ်သက် နှစ် ၂၀ ဝန်းကျင်ရှိ ဦးမိုးက ပြောဆိုသည်။
“အခုကတော့ ဒေါ်လာဈေးက နဂိုဈေးနှုန်းဖြစ်တဲ့ ၁ ဒေါ်လာ မြန်မာကျပ်ငွေ ၁၃၆၀ နီးပါးလောက်ထိ တက်နိုင်တယ်လို့ ခန့်မှန်းထားတယ်”ဟုလည်း ဦးမိုးက ပြောသည်။
လက်ရှိ တက်နေသော ဒေါ်လာဈေးနှုန်းမှာ NLD အစိုးရလက်ထက်အတွင်း အမြင့်ဆုံး ဈေးတခုဟု ပြောဆိုနိုင်ပြီး ပြီးခဲ့ သည့် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၁၃၆၀ ကျပ်မှ ၁၃၈၀ ကျပ်ဝန်းကျင်နှုန်း နီးပါးအထိ တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဒေါ်လာ ဈေးမြင့်တက်ရခြင်းမှာ မြန်မာနိုင်ငံအနေနှင့် ရာသီဥတုနှင့် ကုန်သွယ်မှု ကဏ္ဍကို ချိတ်ဆက်ထားသောကြောင့် ပွင့်လင်းရာသီ စစချင်း ကာလများတွင် ဒေါ်လာဈေး တက်လေ့ရှိပြီး မိုးတွင်းမတိုင်ခင် ကာလများတွင် ဈေးကွက် လိုအပ် ချက် အရ ဒေါ်လာဈေး တက်လေ့လည်း ရှိကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ ဦးရဲမင်းဦးက ပြောသည်။
ပြည်တွင်းဒေါ်လာ ဈေးများ တက်ရိပ်ပြနေသော်လည်း ရွှေဈေးနှုန်းမှာ လက်ရှိတွင် ကျပ် ၁ သောင်းခန့် အနည်းငယ် ပြန်ကျ လာကြောင်း ပြည်တွင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က “အခု အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား လျှင် ကျပ် ၉သိန်း ၃သောင်း ၈ထောင်ကျော် (၉၃၈၄၀၀ ကျပ်) ဖြစ်တယ်။ ဈေးက အေးတယ်။ ကမ္ဘာ့ ရွှေဈေး ကျနေလို့ အကျဘက်ပဲ ဦးတည်နေတယ်”ဟု ဧရာ ဝတီသို့ ပြောသည်။
ယခင်နှင့် နှိုင်းယှဉ်လျှင် မြန်မာ့ ရွှေဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး ကမ္ဘာ့ရေနံဈေးမှာလည်း ကျနေသဖြင့် ကမ္ဘာ့ ရွှေဈေးကျနေပြီး ယင်းဈေးပေါ် မှီခိုနေသည့် ပြည်တွင်း ရွှေဈေးကွက်မှာလည်း ကျဆင်းနေကြောင်း ရွှေလုပ်ငန်းရှင် များက ပြောသည်။
လက်ရှိ ရွှေဈေးကွက်တွင် အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ၉၃၈၄၀၀ ကျပ်နှင့် ကမ္ဘာ့ ရွှေ ၁ အောင်စ အမေရိကန် ဒေါ်လာ ၁၃၁၃ ကျပ်တို့ဖြင့် ရောင်းဝယ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ ထံမှ သိရသည်။
တိတ်စိန် ရွှေဆိုင်မှ ကိုဇော်အောင်က “ဒီနေ့တော့ ပြန်ကျပါတယ်။ အရောင်းအဝယ် အခြေအနေကလည်း ပါးပါတယ်။ ရွှေဈေးက ကမ္ဘာ့ ရွှေဈေး ကျလို့ ပြန်ကျတယ်။ ဒေါ်လာဈေးကတော့ တော်တော်တက်တယ်” ဟု ပြောသည်။
ယင်းအပြင် ပြည်တွင်း ရွှေဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ် လုပ်ဆောင်နေသော ရွှေဗဟို ဈေးကွက် ဖော် ဆောင်နေခြင်းသည်လည်း လက်ရှိတွင် ရှန်ဟိုင်းမှ နည်းပညာဖြင့် ဆော့ဖ်ဝဲလ် နည်းပညာများ ရေးဆွဲနေသည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပြသည်။