ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအနီး အမြင့်ပေ ၃၀၀ကျော် (မီတာ ၁၀၀) ရှိ အဝေးကြည့် လူစီး မျှော်စင်နှင့် အပန်းဖြေဥယျာဉ် တည်ဆောက်ရန် ကိုရီးယား အခြေစိုက် ကုမ္ပဏီတခုက ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြလာကြောင်း ဧရာဝတီမှ စုံစမ်းသိရှိရသည်။
ဧရာဝတီမှ ရရှိသည့် သတင်းအချက်အလက်များအရ အဆိုပါ ကုမ္ပဏီမှာ Sky Dream Company Limited အမည်ရပြီး၊ ပုဂံ ဟိုတယ်ဇုန် (၄)၏ တောင်ဘက် ဂန့်ဂါရွာ၏ အရှေ့မြောက်အရပ်တွင် တည်ဆောက်ရန်အတွက် တင်ပြလာခြင်းဖြစ် ကြောင်းသိရသည်။
အဆိုပါ ကုမ္ပဏီသည် ပုဂံရှေးဟောင်းဒေသ၏ မြင်ကွင်းကို အခကြေးငွေ ယူ၍ ကြည်ရှုရန် မျှော်စင်တည်ဆောက်မည့် အစီအစဉ်အပြင် အပန်းဖြေဥယျာဉ်တခုကိုပါ ထည့်သွင်းတည်ဆောက်သွားမည်ဟုလည်း သိရသည်။ သို့သော် ကုမ္ပဏီ၏ နောက်ခံသမိုင်း၊ ပိုင်ရှင်နှင့် အခြား သတင်းအချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်မှု မရှိပါ။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီက စုံစမ်းမေးမြန်းရာ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံ)၏ ညွှန်ကြားရေးမှူး ဦးအောင်အောင် ကျော်က “ကျနော်တို့ ခွင်ပြုတယ်ဆိုတာ မဟုတ်ဘူး၊ ကုမ္ပဏီဘက်က ဒီပရောဂျက်ကို လုပ်လို့ ရနိုင်မရနိုင်၊ အကြံပြုချက် တောင်းတာပါ” ဟုဆိုသည်။
Sky Dream Company Limited မှ မျှော်စင်တည်ဆောက်ရေး ပရောဂျက်နှင့် ပတ်သက်၍ တင်ပြမေးမြန်းလာမှုကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန အနေဖြင့် ပုဂံဒေသ အမွေအနှစ် သက်ရောက်မှု ဆန်းစစ်ခြင်း ( HIA) ပြုလုပ်ရန် သဘောထားပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ဥမ္မာမျိုးကမူ “ကျမတို့လည်း ဒီအဆိုပြုလွှာကို ကြားတော့ သိပ်စိတ်မသက်သာဘူး၊ Theme Park လိုမျိုးလည်း လုပ်မယ်လို့ ကြားတယ်၊ ဒါဆိုရင် Disney Land တို့ Universal Studio တို့လိုဖြစ်လာရင်တော့ ပုဂံယဉ်ကျေးမှုဒေသ အခင်းအကျင်းနဲ့ လိုက်ဖက်မှု ရှိမှာ မဟုတ်ပါဘူး၊ ယေဘုယျပြောရင်တောင် ပုဂံနဲ့ ဒီတာဝါနဲ့က သင့်တော်မှု မရှိပါဘူး” ဟု ဆိုသည်။
ထို့အတွက် အစိုးရနှင့် Sky Dream Company Limited ကပါ တိကျသည့် အဖြေတခုရရှိရန်အတွက် ပညာရှင်များ ငှားရမ်း ကာ ပုဂံဒေသ အမွေအနှစ် သက်ရောက်မှု ဆန်းစစ်ခြင်း( HIA) လုပ်ရန် လိုကြောင်း ၎င်းကလည်း အကြံပြုသည်။
ကုမ္ပဏီက တည်ဆောက်ရန် တင်ပြလာသည့် နေရာသည် ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဇုန် အပြင်ဘက်ဟု ဆိုသော်လည်း ဇုန်နှင့် အလှမ်းမကွာဝေးဘဲ ကပ်လျှက်ရှိနေကြောင်း၊ ထို့အတွက် ပုဂံကို ကြီးမားကျယ်ပြန့်သော အမွေအနှစ်ဒေသ(Grater Region) လုပ်မည့် အစီအစဉ်ကို ထိခိုက်နိုင်ကြောင်း ဒေါ်ဥမ္မာမျိုးက ထောက်ပြသည်။
“အခုဟာက ဇုန်အပြင်ဘက်ဆိုပေမယ့် ကပ်လျက်လေး ဖြစ်နေတယ်၊ ဒါကြောင့် Grater Region ပေါ့၊ သတ်မှတ်ထားတဲ့ ဇုန်အပြင်ကို ပုဂံဒေသကြီးတခုလုံးအတွက် Regional Plan လည်း လုပ်ဖို့ ပြောထားတဲ့အတွက် ကာကွယ်ရမယ့်ဧရိယာ ထဲမှာ ပါနေတယ်၊ ပုပ္ပါးလောက်အထိ ပခုက္ကူလောက်အထိ ပါတော့၊ ယဉ်ကျေးမှု မြင်ကွင်း၊ ရှုခင်းတွေကို ထိခိုက်စေတဲ့ Visual Impact ဖြစ်နိုင်တယ်၊ သဗ္ဗညု ထက် ပိုမြင့်ပြီးတော့ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ဒီဇိုင်းတခုက ရှေးဟောင်း အခင်းအကျင်းဒေသမှာ ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုတာကတော့ အထူးပြောစရာမလိုဘူးလို့ ထင်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။
ယခုတည်ဆောက်ရန် တင်ပြလာသည့် မျှော်စင်ပုံစံမှာ အထက်အောက် အတက်အဆင်းပြုလုပ်နိုင်သော အဝေးကြည့် လူစီး ပုံစံမျိုးဖြစ်သည် ဟုသိရသည်။ မလေးရှားနိုင်ငံရှိ ယူနက်စကို အသိအမှတ်ပြု မာလက္ကာမြို့ဟောင်း အနီး တည်ဆောက်ထားသည့် မီတာ ၁၁၀ မြင့်သော အလားတူ မျှော်စင်တခု ရှိပြီး နိုင်ငံခြား ခရီးသွားများကို ဆွဲဆောင်သည်။
စစ်အစိုးရလက်ထက်တွင် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက ၆၅ မီတာမြင့်သည့် နန်းမြင့်မျှော်စင်ကို တည်ဆောက် ခဲ့သေးသည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပုဂံရှေးဟောင်းမြို့သည် အေဒီ ၉ရာစုမှ ၁၁ ရာစုအထိ ထွန်းကားခဲ့ပြီး မင်းဆက်ပေါင်း ၅၅ ဆက် အုပ်စိုးခဲ့သည့် ၁၆ စတုရန်းမိုင် ဧရိယာကျယ်ဝန်းသော ပုဂံမြို့ဟောင်းတွင် စေတီ၊ အုတ်ကျောင်းနှင့် ကုန်း စုစုပေါင်း ၃၀၀၀ကျော်ရှိပြီး၊ သရပါတံခါးနှင့်တကွ ကျန်စစ်သားမင်း၏ နန်းတော်ရာလည်း ရှိနေသေးသည်။
၁၉၉၇ ခုနှစ်တွင် ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်ရန် ယူနက်စကိုသို့ တင်သွင်းလျှောက်ထားခဲ့ သော်လည်း မြို့ဟောင်းအတွင်း ကားလမ်းဖောက်လုပ်ထားခြင်း၊ ရှေးဟောင်းဒေသနှင့် မသက်ဆိုင်သည့် အဆောက်အဦး အသစ်များ ဆောက်လုပ်ထားခြင်း၊ ပုဂံဒေသအတွက် ထိန်းသိမ်းရေး ဥပဒေ ပြဋ္ဌာန်း မရှိသေးသည့်အတွက် မအောင်မြင်ခဲ့ ပေ။
၂၀၁၇ ခုနှစ် အစိုးရသစ်လက်ထက်တွင် ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာရေး လုပ်ဆောင်နေသည်။