အိန္ဒိယမှ ကန့်သတ်ကုန်အဖြစ် ၈ လကြာ ပိတ်ထားသော ပဲများကို ပြန်လည် တင်သွင်း ဝယ်ယူမည်ဟု ထုတ်ပြန်ထားသော်လည်း နောက်ဆက်တွဲ ထုတ်ပြန်ချက်အား စောင့်ကြည့်နေသဖြင့် ပြည်တွင်း ပဲဈေး ကွက် အေးနေသေးသည်။
မေလ ၄ ရက်၌ အိန္ဒိယနိုင်ငံမှ မတ်ပဲ တန်ချိန် ၁ သိန်းခွဲနှင့် ပဲတီစိမ်း တန်ချိန် ၁ သိန်းခွဲ ပြန်လည် တင်သွင်း မည်ဟု ကြေညာချက်ထွက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း၏ အတွင်းရေးမှုး ဦးမင်းကိုဦး က ဧရာဝတီကို ပြောသည်။
“သူတို့ ကြေညာချက် ထွက်ပြီးတဲ့ နောက်ရက်မှာပဲ မတ်ပဲဈေးက ခုန်တက်သွားတယ်။ ဒါပေမယ့် ဘယ်လိုပုံစံ ဝယ်မယ်ဆိုတဲ့ လုပ်ငန်းအစီအစဉ် အသေးစိတ်ကို အခုထိ ထပ်မကြေညာသေးတော့ အခု ဈေးကွက် ပြန် အေးသွားတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံမှ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်း စသည့် ပဲအမျိုးအစားများကို အိန္ဒိယနိုင်ငံမှ ဝယ်ယူမှုများပြီး ပဲတီ စိမ်းကို တရုတ်နိုင်ငံမှလည်း ဝယ်ယူမှုများကြောင်း သိရသည်။
အဆိုပါ ကြေညာချက်ထွက်ရှိပြီး မေလ ၅ ရက်၌ ရန်ကုန် ဈေးကွက်အတွင်း မတ်ပဲဈေးနှုန်းမှာ ၁ တန်လျှင် ၃ သိန်း ၈ သောင်းကျပ်မှ ၄ သိန်း ၈ သောင်းကျပ် အထိ ဈေးမြင့်တက်သွားခဲ့သည်။
ယနေ့ မေ ၈ ရက်၌ ဈေးကွက်တွင်မူ ၁ တန်လျှင် ၄ သိန်း ၃ သောင်းဝန်းကျင် ဈေးနှင့် ငြိမ်နေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။
အလားတူ ပဲစင်းငုံဈေးမှာလည်း ၁ တန်လျှင် ၃ သိန်း ၇ သောင်းဝန်းကျင်သာရှိပြီး အရောင်းအဝယ် အေး လျှက်ရှိသည်။
မန္တလေး ပဲနှမ်းဈေးကွက်အတွင်း ပဲတီစိမ်းဈေးမှာမူ ၃ တင်းဝင် ၁ အိတ်လျှင် ငွေကျပ် ၁ သိန်း ၂ သောင်းနှုန်းဖြင့် ဈေးနှုန်း အပြောင်းအလဲ မရှိကြောင်း သိရသည်။
လက်ရှိတွင် အိန္ဒိယ၏ နောက်ဆက်တွဲ ကြေညာချက် ထွက်ရှိလာရန် စောင့်ကြည့်နေကြကြောင်း အိန္ဒိယသို့ ပဲတင်ပို့နေသည့် ကုန်သည်တချို့က ဧရာဝတီကို ပြောသည်။
“အိန္ဒိယက ဝယ်မယ်ဆိုတဲ့အတွက် ဈေးကွက် အလားအလာ ကောင်းသွားနိုင်မယ်။ နောက်ဆက်တွဲ ကြေညာချက်မထွက်သေးတော့ ကုန်သည်တွေ စောင့်ကြည့်နေတာကြောင့် အခိုက်အတန့် ဈေးအေးသွားတာလည်း ဖြစ်နိုင်ပါတယ်” ဟု အိန္ဒိယ ဈေးကွက်သို့ ပဲတင်ပို့နေသော ကုန်သည်တဦး ဖြစ်သူ ဦးမျိုးဆွေက ဧရာဝတီကို ပြောသည်။
၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း အိန္ဒိယ၏ သွင်းကုန်မူဝါဒ အပြောင်းအလဲအရ မတ်ပဲအပါအဝင် ပဲစင်းငုံ၊ ပဲတီစိမ်းတို့အား ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ခဲ့ပြီးနောက် မတ်ပဲ၊ ပဲစင်းငုံ ပြည်တွင်းဈေးသည် စံချိန် တင် ဈေးထိုးကျသွားခဲ့ရာ မတ်ပဲဈေးသည် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ၁ တန်လျှင် ၃ သိန်း ၈ သောင်း ကျပ်ဖြင့် အနိမ့်ဆုံးဈေးတွင် နေရာယူသွားခဲ့ကြောင်း သိရသည်။
ပြည်တွင်း၌ အသုံးနည်းပြီး အိန္ဒိယသို့ အဓိကထားတင်ပို့ရသည့် မတ်ပဲနှင့် ပဲစင်းငုံတို့သည် အိန္ဒိယမှ တင်သွင်းခွင့် ကန့်သတ်လိုက်ချိန်မှစ၍ ဈေးတောက်လျောက်ကျသွားခဲ့သော်လည်း ပဲတီစိမ်းမှာမူ တရုတ်မှ ဆက်တိုက် ဝယ်ယူနေသောကြောင့် အလားလာကောင်းရှိကြောင်း မန္တလေး ပဲနှမ်းဈေးကွက်မှ သိရသည်။
“မတ်ပဲကို အိန္ဒိယက ဒီနှစ်ကျိန်းသေ ဝယ်မှာသေချာတာရယ် လက်ရှိအနေအထားမှာ တခြားနိုင်ငံတွေက အောက်ဈေးနဲ့ စောင့်ဝယ်နေတာတွေကြောင့် ထိုက်သင့်တဲ့ ပြည်တွင်း ဈေးတခုဖြစ်လာဖို့ ၂ လလောက် တော့ စောင့်ကြည့်ဖို့ လိုပါမယ်” ဟု ပဲကုန်သည် ၁ ဦးလည်းဖြစ်သူ ဦးမင်းကိုဦးက ပြောသည်။
ကမ္ဘာပေါ်တွင် ပဲဈေးကွက် အကြီးဆုံးနိုင်ငံဖြစ်သော အိန္ဒိယ၏ နှစ်စဉ် ပဲလိုအပ်ချက်အရ အိမ်နီးချင်း မြန်မာ သည် အလားအလာရှိသည့် ကုန်သွယ်မှု မိတ်ဘက်နိုင်ငံဖြစ်သော်လည်း ဈေးကွက်အလားအလာ ရှိသည့် ပဲအမျိုးအစားများကိုသာ ရွေးချယ်စိုက်ပျိုးမှသာ တောင်သူ၊ ကုန်သည်နှင့် နိုင်ငံအတွက်ပါ အကျိုးအမြတ် ရရှိနိုင်မည်ဟု ပဲကုန်သည်များက ဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ ပြီးခဲ့သည့်လက ဈေးကွက်အလားအလာ မရှိ သော ပဲစင်းငုံအား တောင်သူများ စီးပွားဖြစ်မစိုက်သင့်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး လာမည့် ပဲရာသီအတွက် မတ်ပဲ စိုက်ပျိုးသင့်/မသင့်အား ရက်ပေါင်း ၆၀ စောင့်ကြည့်ကာ အသိပေး ကြေညာသွားရန် စီစဉ်ထားကြောင်း အဆိုပါအသင်းမှ သိရသည်။