အသေးစား၊ အလတ်စားနှင့် စက်မှု ဖွံ့ဖြိုးရေးဘဏ် (SMIDB) ကအစိုးရ ဝန်ထမ်းပေါင်း ၇ သောင်းကျော်ကို ကျပ် ဘီလီယံ ၅၀ ကျော် ထုတ်ချေးခဲ့ပြီး ယင်းအကြွေးကို လာမည့် ဇူလှိုင်အတွင်း ပေးချေပါက ၅ ဆနှုန်း တိုးမြှင့်၍ ထပ်ချေးပေးမည်ဟု သတင်းရရှိသည်။
နေပြည်တော်ရှိ SMIDB ဘဏ်တွင် မေလ ၈ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်လျှက် ရှိသော အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) များအတွက် ချေးငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအပြီးတွင် မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
SMIDB ဘဏ်မှ အမှုဆောင် အရာရှိချူပ် ဒေါက်တာ ဇေယျာညွှန့် က “ဒီတခေါက်တေ့ာချေးရင် သက်ဆိုင်ရာ ဝန်ကြီးဌာနကို ကိုယ်တိုင်သွားတဲ့ စနစ်နဲ့ချေးပေးမယ်။ ဒါကြောင့် ကျနော်က တောင်းဆိုချင်ပါတယ်။ ချေးထားတဲ့ ၃ ဆကို ပြန်ဆပ်ပြီးရင် ၅ ဆကို ပြန်ချေးပေးမှာဖြစ်ပါတယ်” ဟု ပြောသည်။
SMIDB ဘဏ်သည် ၂၀၁၇ ခုနှစ်၊ ဇွန်လမှ စတင်ပြီးအစိုးရ ဝန်ထမ်းတဦးကို လစာ၏ ၃ ဆနှုန်းဖြင့် ဝန်ထမ်းပေါင်း ၇ သောင်းကျော်အား အတိုး ၁ ရာခိုင်နှုန်း ဖြင့် ကျပ် ၅၀ ဘီလီယံကျော် ထုတ်ချေးခဲ့ ခြင်း ဖြစ်သည်။
ထိုသို့ လစဉ်ထုတ်ချေးပေးသည့် စနစ်ကို ၂၀၁၈ ခုနှစ် ဇွန်လမှ စတင်ပြီး ရပ်တန့်ခဲ့ပြီး ထုတ်ချေးခဲ့သည့် ငွေကြေး အတိုးရော၊ အရင်းပါ ပြန်လည် ကောက်ခံသည့် လုပ်ငန်းများလုပ်ကိုင်နေပြီး ယင်းထုတ်ချေးပေးသည့် ငွေပမာဏများ အားလုံး ပြန်လည် ရရှိပါက လစာ၏ ၅ ဆတိုး၍ ထုတ်ချေးပေးသွားမည်ဟု သိရသည်။
ဦးဇေယျာညွှန့်က “အနှေး နဲ့ အမြန်လာဆပ်ပါတယ်။ မေလဆပ်ရမယ့် ဟာကိုဇွန်လမှ ပေါင်းဆပ်တာလည်းရှိတယ်။ လာမဆပ်ဘူးဆိုရင်လည်း ဘဏ်စည်းမျဉ်း၊ စည်းကမ်းအရ အရေးယူမှာ ဖြစ်ပါတယ်။ စာချူပ်စာတမ်းတွေ ပြည့်စုံအောင်လည်း လုပ်ထားပါတယ်။ တရားစွဲလို့ ရအောင်လည်း လုပ်ထားပါတယ်” ဟုဆိုသည်။
ကျန်းမာရေး ဝန်ကြီးဌာနမှ ဝန်ထမ်း တဦးဖြစ်သူ မမေမေစိုး က “အမတို့က လစဉ်လည်းဆပ်တယ်။ နောက်ထပ် ၅ ဆ ချေးပေးမယ်ဆိုတေ့ာ တကယ်ကို ဝမ်းသာပါတယ်။ အပြင်မှာချေးရင် အနည်းဆုံး ၁၀ တိုးပေးရတယ်လေ” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရ ဝန်ထမ်းများအား ချေးငွေ ထုတ်ချေးပေးရာ လစာ၏ ၃ ဆကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ထုန်ချေးပေးပြီး အတိုးရော အရင်းပါ တနှစ် အတွင်း ပြန်လည် ပေးဆပ်ရမည် ဖြစ်ကြောင်း၊ သတ်မှတ် ထားသည့် ပမာဏ တပတ်အတွင်း ပေးချေမှု မရှိပါက ဒဏ်ကြေးငွေ အဖြစ် ချေးယူထားသည့် ငွေပမာဏဟ ၁ ရာခိုင်နှုန်းကို ထပ်ဆောင်း ပေးချေရမည်ဟု သိရသည်။
အသေးစား၊ အလတ်စားနှင့် စပ်မှုဖွံ့ဖြိုးရေးဘဏ် SMIDB သည် မြန်မာတနိုင်ငံလုံး၌ ဘဏ်ပေါင်း ၁၉ ဘဏ်မှ ထုတ်ချေးပေးလျှက်ရှိသည်ဟု သိရသည်။