နိုင်ငံအတွင်း အမှန်တကယ် လိုအပ်နေသည့် အတွက် စမ်းသပ်ပြီး ထုတ်ချေးသည့် အနေနှင့် နေပြည်တော် ကောင်စီ နယ်မြေရှိ ဟင်းသီး ဟင်းရွက်စိုက်ပျိုး ထုတ်လုပ်နေသည့် တောင်သူများကို ၁ ဧကလျှင် ငွေကျပ် ၅ သိန်းနှုန်း အပေါင် ပစ္စည်းမပါဘဲ အသေးစား၊ အလတ်စားနှင့် စက်မှုဖွံ့ဖြိုးရေးဘဏ် (အများပိုင်)-SMIDB မှ ထုတ်ချေးပေးကြောင်း စက်မှုဝန် ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက ပြောသည်။
မေလ ၈ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ SMIDB ဘဏ်၌ ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်လျှက်ရှိသော အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ(MSMEs ) အတွက် ချေးငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားအဖွင့် မိန့်ခွန်းတွင် ပြည်ထောင်စု ဝန်ကြီးက ယင်းသို့ ပြောခြင်း ဖြစ်သည်။
ထို့သို့ တောင်သူများကို အပေါင်ပစ္စည်းမပါဘဲ ထုတ်ချေးခြင်းသည် ယခုအစိုးရ လက်ထက်တွင် ပထမဆုံး အကြိမ် ထုတ် ချေးခြင်း ဖြစ်ကြောင်း အတိုးနှုန်းမှာ အလွန်နည်းပါးကြောင်း ဦးခင်မောင်ချိုက ပြောသည်။
“အချိန်မှန် ပြန်ဆပ်ရမှာပါ။ ကျနော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ပြည်သူတွေ ဈေးနှုန်း သက်သာစွာနဲ့ ဝဝ လင်လင် စားရဖု့ိ အတွက် ဈေးကွက်တွေကို ချဲ့ထွင်နိုင်ဖို့ တောင်သူတွေက ကူညီပေးရမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြော သည်။
ချေးငွေ ထုတ်ချေးရာတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်းကျေးရွာရှိ အမှန်တကယ် စိုက်ပျိုး ထုတ်လုပ်သူ တောင်သူ ၁၅ ဦးအား စိစစ်ရွေးချယ်ကာ စုစုပေါင်း စိုက်ပျိုးမြေ ၁၂ ဒသမ ၃၀ ဧကအတွက် ငွေကျပ် ၆၁၅၀၀၀၀ ကို ထုတ်ချေးပေးခဲ့သည်။
ယင်းချေးငွေအတွက် ဗဟိုဘဏ်၏ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းအတိုင်း ၁ နှစ်လျှင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်း နှင့် ပြန်ဆပ်ကာလ ၆ လ သတ်မှတ်ကာ ထုတ်ချေးပေးခြင်း ဖြစ်သည်။
ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက “ပေးတဲ့ငွေက ချေးငွေပါ လှူတာမဟုတ်ပါဘူး။ ဒါကို သူ့အချိန်ကျရင် ပြန်ဆပ်ရမှာ ပါ။ ကတိကဝတ် ပျက်ခဲ့ရင် နောင်ချေးမှာ မဟုတ်ပါဘူး။ ထိုက်သင့်သောအရေးယူ ဆောင်ရွက်မှုတွေ ရှိလာမှာပါ။ ပွဲဦး ထွက်မှာ ဒီလို အဖြစ်ခံမှာ မဟုတ်ပါဘူး။ ကျနော့်ဘက်က မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက်မှာပါ” ဟု ပြောသည်။
ပထမဆုံး ချေးငွေ ဖြစ်သည့် အတွက် လုပ်ငန်းအောင်မြင်မှုရှိစေရန် အတွက် ပြည်သူများလည်း ဝိုင်းဝန်း ကူညီပေးစေလို ကြောင်း ကတိကဝတ် ပျက်ကွက်ခဲ့ပါက ထိုက်သင့်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသွားသည်။
ကင်ပွန်းတန်း ကျေးရွာမှ ချေးငွေယူသူ ဦးထွန်းမောင်က “ချေးငွေက ၁ ဧကကို ၅ သိန်းရတယ်။ အခုလို ချေးငွေရတဲ့ အတွက် သီးနှံပိုးကျရင် အချိန်မှီ ဆေးဖျန်းနိုင်တာပေါ့။ ချေးပေးတဲ့ အတိုးနှုန်းက နည်းတော့ အဆင်ပြေတယ်။ သီးနှံက လည်း ကာလတို သီးနှံ ဖြစ်တဲ့ အတွက် ပိုက်ဆံကို ၁ လချင်း ပြန်ဆပ်နိုင်မှာပါ” ဟု ပြောသည်။
ယခု ချေးငွေချထားပေးသည့် ပုံစံမှာ မြေပိုင်ရှိသူများကိုသာ ချေးခြင်း မဟုတ်ဘဲ မြေငှားနှင့် အမှန်တကယ် စိုက်ပျိုးနေသည့် တောင်သူများအား မြေငှားထားသည့် ပုံစံ (၇) မိတ္တူ ပြနိုင်ပါက ချေးငွေပေးသည်ဟု သိရသည်။
SMIDB ဘဏ်မှာ တနိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ယခုကဲ့သို့ အခြေခံ စားသောက်ကုန် ဖြစ်သည့် ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် တောင်သူများအား ချေးငွေထုတ်ချေးရန် လျာထားသည့် ပမာဏမှာ ကျပ် ၆၀ ဘီလီယံ လျာထားကြောင်း SMIDB ဘဏ်မှ အမှုဆောင် အရာရှိချုပ် ဒေါက်တာ ဇေယျာညွှန့်က ဆိုသည်။
ဒေါက်တာဇေယျာညွန့်ကလည်း “ချေးငွေကို လုပ်ငန်းခွင်မှာ သုံးဖို့ လိုပါတယ်။ ဒါမှ ပိုလျှံလာတဲ့ငွေကို တောင်သူတွေ အသုံးပြုရမှာ ဖြစ်ပါတယ်။ ကျနော်တို့ ဘဏ်ကို အများပြည်သူတွေ လာရောက် အပ်နှံကြတဲ့ အပ်ငွေတွေကို စီးပွားရေး လုပ်ငန်း ရှင်ကြီးတွေကို ထုတ်မချေးဘဲနဲ့ အောက်ခြေမှာ တကယ့်ကို လိုအပ်နေတဲ့ လုပ်ငန်းတွေကို ထုတ်ချေးပေး ထားတာဖြစ်တဲ့ အတွက် ပြည်သူတွေကလည်း တကယ်လိုအပ်တဲ့နေရာမှာပဲ သုံးပြီးတော့ အချိန်မှန်အတွင်းပြန်ဆပ်ဖို့ မျှော်လင့်ပါတယ်” ဟု အခမ်းအနားတွင်ပြောသည်။
ဟင်းသီး ဟင်းရွက် စိုက်ပျိုးတောင်သူများအတွက် ချေးငွေ ထုတ်ချေးနိုင်ရန် စက်မှုဝန်ကြီးဌာနနှင့် SMIDB ဘဏ်တို့ ချိတ် ဆက်ပြီး ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
SMIDB ဘဏ်အနေနှင့် အစိုးရဝန်ထမ်းများကိုလည်း လစာ၏ ၃ ဆ ၅ ဆ ချေးငွေများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ထုတ် ချေးပေးလျှက်ရှိကြောင်း သိရသည်။