စီးပွားရေး

အစိုးရ၏ လက်ကျန် ၃ နှစ်အတွင်း အခြေခံ အဆောက်အအုံ ကဏ္ဍကို ဦးစားပေး လုပ်မည်ဟုဆို

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ ကျန်ရှိနေသောသက်တမ်း ၃ နှစ်တာကာလအတွင်း နိုင်ငံတဝှမ်း၌ အခြေခံ အဆောက် အအုံ ကဏ္ဍ အပိုင်းကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က ပြောသည်။

ရန်ကုန်မြို့ Novotel Hotel ဟိုတယ်၌ မေလ ၉ ရက်နေ့က ပြုလုပ်သော Yangon Investment Forum 2018 အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခြင်း ဖြစ်သည်။

ဦးကျော်ဝင်း က “ကျနော်တို့ မြန်မာနိုင်ငံ အနေနဲ့ ကျန်ရှိနေတဲ့ အစိုးရသက်တမ်း ၃ နှစ်တာ ကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ အဓိကလိုအပ်တဲ့ အခြေခံ အဆောက် အအုံအပိုင်းကို ကျနော်တို့ တစိုက်မတ်မတ် ဦးစားပေးပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အခြေခံ အဆောက်အအုံပိုင်းတွင် မြန်မာနိုင်ငံအတွက် မဖြစ်မနေ လိုအပ်သောစွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား ကိစ္စရပ်များ၊ ကူးသန်း ရောင်းဝယ်ရေးနှင့် ပို့ဆောင်ရေး ကဏ္ဍ အတွက်လမ်း၊ တံတားကိစ္စရပ်များကို ဆောင်ရွက်မည့် ဦးစားပေး ကဏ္ဍများထဲ၌ ထည့်သွင်း ထားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ပြည်ထောင်စု ဝန်ကြီးက “အချို့သော Project (စီမံကိန်း) များဟာ ၂ နှစ်၊ ၃ နှစ်တိုင်သည်အထိ မပြီးနိုင်သည့် ပရောဂျက်များ ရှိသော်လည်းပဲ နောက်အစိုးရ သက်တမ်းမှာ ဆက်လက်ပြီးတော့ ပြီးစီးအောင် ကျနော်တို့ အကောင်ထည်ဖော် ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် ခန့်မှန်းလူဦးရေ ၆ ဒသမ ၁ သန်းကျော်ရှိခဲ့ပြီး ၆၄ ရာခိုင်နှုန်းမှာ လုပ်သား အင်အားစုများ ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများ အတွက် လုံလောက်သော လုပ်သားအင်အား ရှိကြောင်း ဦးကျော်ဝင်းက ဆိုသည်။

အဆိုပါ Yangon Investment Forum 2018 အခမ်းအနား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးပြီး ပထမအကြိမ် ကျင်းပခြင်း ဖြစ်ကာ ပြည်တွင်း၊ ပြည်ပစီးပွားရေး လုပ်ငန်းရှင်ပေါင်း ၁ ထောင်ကျော် တက်ရောက်ခဲ့ပြီး အခြေခံ အဆောက်အအုံ၊ စိုက်ပျိုးရေး၊ လျှပ်စစ်အစရှိသည့် ကဏ္ဍရပ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆွေးနွေးကြသည်။

CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး က “ပြည်ပရင်းနှီးမြှုပ်နှံသူတွေက ရန်ကုန်မြို့ စီးပွားရေးဇုန် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ် နှံဖို့ စိတ်ဝင်စား ပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းတွေလည်း စိတ်ဝင်စားပါတယ်။ အဓိကတော့ တရုတ်နဲ့ အိန္ဒိယ လုပ်ငန်းရှင်တွေ များပါတယ်။ ဒီနေ့မှာ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင် ၄၀၀ ကျော်လောက် လာတယ်။ အခြေခံ အဆောက် အအုံလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့သူတွေလည်း ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ဆွေးနွေးမှုများ ရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုများ အမှန်တကယ် ဝင်ရောက်နိုင်ခြင်း ရှိမရှိကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းက သုံးပြောဆိုသည်။

ရန်ကုန်တိုင်းအတွင်း ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများမှာ ၁၉၈၈-၁၉၈၉ ခုနှစ် ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ခုနှစ်အထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၈၄၅ ခုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀၂၇၅ ဒသမ ၈၄၃ ရှိထားပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၅၈၅ ခုမှ ကျပ်သန်းပေါင်း ၆၉၉၀၃၁၃ ဒသမ ၉၅၃ အထိရရှိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ (YRIC) စာရင်းများအရ သိရသည်။

ရန်ကုန်တိုင်းအတွင်း၌ သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် စက်မှုဇုန်ပေါင်း ၃၀ ခုရှိပြီးတနိုင်ငံလုံးမှ စက်မှုဇုန်အားလုံး၏ ၃၁ ရာခိုင်နှုန်းမှာ ရန်ကုန်အတွင်းရှိကြောင်း သိရသည်။

လက်ရှိရန်ကုန်မြို့တွင် မြေဧက ၃ သောင်း ကျယ်ဝန်းသော ခေတ်မီမြို့ပြနှင့် ကိုက်ညီသည့် စီးပွားရေးဇုန် ပါဝင်သည့် ရန်ကုန်မြို့သစ်စီမံကိန်း၊ ထောက်ပံ့ ပို့ဆောင်ရေးဇုန်၊ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး ဆိပ်ခံတံတားနှင့် သီလဝါအထူး စီးပွားရေးဇုန် စသည့် စီမံကိန်ကြီးများကို တိုင်းအစိုးရအဖွဲ့မှ ဖော်ဆောင်ပေးလျက်ရှိသည်။

Loading