လာမည့့် ၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ၌ ကျောက်လေလံအောင်ပြီး လာမရွေးသူများ အား အမည်ပျက်စာရင်း(Blacklist) သွင်းသည့် စနစ်ကို တရုတ်ကုန်သည်များ၏ တောင်းဆိုချက်အရ ပယ်ဖျက်လိုက်ကြောင်း မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းလက်အောက်ရှိ ပြပွဲဌာနမှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးသန်းဇော်ဦးက ဧရာဝတီကို ပြောသည်။
“ပြည်ပက ကျောက်စိမ်း အသင်းတွေနဲ့ ဆွေးနွေးတဲ့အခါ စည်းကမ်းဖျက်တဲ့သူတွေကို ငွေဒဏ် တိုးချင်ရင် တော့ တိုးပါ။ ပြပွဲတက်ရောက်ခွင့် ပိတ်တဲ့စနစ်ကို ဖျက်ပေးပါလို့ အဓိက တောင်းဆိုကြတဲ့ အတွက် Black list စနစ်ကို ဖျက်ပေးလိုက်တာပါ” ဟု ၎င်းက ပြောသည်။
၂၀၁၈ ခုနှစ် ဇွန်လ၂၀ မှ ၂၉ ရက်အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် နိုင်ငံခြားငွေဖြင့် ရောင်းချမည့် ၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ၌ ယင်းစနစ်ပယ်ဖျက်ပြီး ကျောက်စိမ်းဝယ်ယူသည့် အခါ စပေါ်တင်ရသည့် အာမခံငွေ ၅ ရာခိုင်နှုန်းအား ၁၀ ရာခိုင်နှုန်းသို့ တိုးမြှင့် ကောက်ခံ မည်ဖြစ်ဟု မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း(မကလ)မှ သိရသည်။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်း နေပြည်တော် ကျောက်မျက်ပြပွဲများ၌ တရုတ်ကုန်သည်များက ဈေးပြိုင် စနစ်ဖြင့် ပြည်တွင်းကုန်သည်များ မပေးနိုင်သော ဈေးများဖြင့် ကျောက်များယှဉ်ပြိုင်ဈေးပေး ဝယ်ယူကြပြီး ပြပွဲပြီးချိန်တွင် ကျောက်တန်ဖိုး ငွေအကြေမချေဘဲ အာမခံစပေါ်ငွေကို အဆုံးခံ၍ လာမရွေးသည့် ကိစ္စများ ရှိခဲ့သည်။
ထိုသို့ လာမရွေးသည့်အကြိမ်ရေ များလာသည့်အခါ ပြည်တွင်း ကုန်သည်များမှာ ကျောက်ကုန်ကြမ်း ရရှိရန် အခက်အခဲ ဖြစ်လာခြင်း၊ ဈေးကွက်ပျက်ခြင်း၊ ပြပွဲတွင် ရောင်းရသင့်သည့် ပမာဏ မရောင်းရခြင်းတို့ မကြာ ခဏ ကြုံတွေ့ရသည်။
အဆိုပါ စည်းကမ်းဖောက်သူအား အမည်ပျက်စာရင်းသွင်းရန် ပြည်တွင်း ကုန်သည်များက တောင်းဆိုခဲ့ကြ သဖြင့် ယင်းစနစ်ကို စတင် ကျင့်သုံးခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးမြို့ရှိ ကျောက်ကုန်သည်များထံမှ သိရ သည်။
အမည်ပျက်စာရင်းဝင် ကုန်သည်များကို ကျောက်မျက် ပြပွဲတက်ရောက်ခွင့် ၃ ကြိမ်ပိတ်ပင်ထားရာမှ လာ မည့် ကျောက်မျက် ရတနာပြပွဲ တက်ရောက်မည်ဆိုပါက ပိတ်ပင်ခံထားရသည့် အကြိမ်အရေအတွက် ၁ ကြိမ် ကျန်ပါက ယူရို ၁ ထောင် ၂ ကြိမ်ကျန်ပါက ယူရို ၂ ထောင် ဒဏ်ကြေးဆောင်၍ တက်ရောက်ခွင့်ရ မည်ဟု မကလ မှ သိရသည်။
နိုင်ငံခြားငွေယူရိုဖြင့် ရောင်းချသည့် ကျောက်မျက်ပြပွဲများတွင် ပြည်တွင်းသာမက ပြည်ပ ကုန်သည်များ လည်း တက်ရောက် ဝယ်ယူခွင့်ရှိရာ တရုတ်၊ ထိုင်း၊ ကိုးရီးယား စသည့်နိုင်ငံများမှ ကုန်သည်များ လာ ရောက်ကြပြီး ယင်းအနက် ပြည်ပကုန်သည် ၉၀ ရာခိုင်နှုန်းကျော်မှာ တရုတ်ကုန်သည်များ ဖြစ်ကြောင်း သိရ သည်။
“Blacklist စနစ်ကို ပယ်လိုက်တာဟာ တရုတ်ကုန်သည်တွေအတွက် ဝယ်ဖို့ အခွင့်အရေးတော့ မဟုတ်ဘူး။ ဈေးကွက်ကို ဖျက်ဖို့ အခွင့်အရေး ပိုရသွားမှာ။ အဲဒါကြောင့် ပွဲမှာ blacklist သမားတွေကို ‘မကလ’ က သေ ချာ မကိုင်တွယ်ရင် ပြည်တွင်း ကုန်သည်တွေပဲ နစ်နာမှာ” ဟု ကျောက်မျက်ပြပွဲတွင် နှစ်စဉ် ကျောက် အရောင်းအဝယ်ပြုလုပ်နေသော မန္တလေးမြို့ခံ ကျောက်ကုန်သည် ကိုဖြိုးက ဧရာဝတီကို ပြောသည်။
လာမည့် ဇွန်လတွင်ကျင်းပမည့် ကျောက်မျက်ပြပွဲကို အထက်ပါ စနစ်အတိုင်း ကျင့်သုံးသွားမည်ဖြစ်ပြီး ပြပွဲပြီးပါက ယခင်စနစ်များနှင့် အားနည်းချက်၊ အားသာချက်များ နှိုင်းယှဉ်ကာ ရေရှည်ကျင့်သုံးရန် သင့်/ မသင့် ပြန်လည်သုံးသပ်မည်ဟု မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။
“ပြပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကိုက ကိုယ့်နိုင်ငံက တွင်းထွက် ကျောက်မျက်တွေကို နိုင်ငံခြားသားကို တိုက်ရိုက်ရောင်းချချင်လို့ လုပ်တာလေ။ တဆင့်ခံရောင်းရရင် တန်ဖိုးမှန်ရဖို့ ခက်သွားမယ်။ ဒါ့အပြင် ရောင်းတဲ့ နေရာမှာလည်း ဈေးပြိုင်စနစ်နဲ့ ရောင်းတဲ့အတွက် တန်ဖိုးလည်း ပိုမြင့်မယ်။ ကျနော်တို့ အနေနဲ့ကတော့ ရောင်းရသမျှ ကျောက်တွေရဲ့ တန်ဖိုး အပြည့်အဝ လိုချင်တာပေါ့” ဟု ဦးသန်းဇော်ဦးက ပြောသည်။
ထို့ပြင် ပြပွဲအပြီး ရက် ၆၀ အတွင်း ကျောက်လာမရွေးပါက ကျောက်ဝယ်ယူသည့်အခါ ပေးသွင်းရသည့် အာမခံ စပေါ်ငွေ ၁၀ ရာခိုင်နှုန်းအား ၁၀၀ ပုံပုံ၍ မြန်မာကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ၁၀ ရာခိုင်နှုန်း၊ ပြပွဲ ဗဟိုကော်မတီက ၅ ရာခိုင်နှုန်းနှင့် ကျောက်အတွဲပိုင်ရှင်က ၈၅ ရာခိုင်နှုန်း ပြန်လည်ခွဲယူရန် လျာထားကြောင်း သိရသည်။
၅၅ ကြိမ်မြောက်ကျောက်မျက်ပြပွဲ၌ ကျောက်အတွဲပေါင်း ၇ ထောင် ဝန်းကျင်လက်ခံမည်ဖြစ်ပြီး ယခုလ လယ်မှစတင်ကာ ဇွန်လ ၄ ရက်အထိ ကျောက်များကို လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။