မြန်မာအွန်လိုင်းဈေးရောင်းဌာန Shop.com.mm ၏ မူရင်းပိုင်ရှင် ပါကစ္စတန်နိုင်ငံ၏ ဦးဆောင် အွန်လိုင်း လက်လီအရောင်း ကုမ္ပဏီ ဒါရက်ဇ်အုပ်စု Daraz Group က ၎င်း၏ ပိုင်ဆိုင်မှု ၁၀၀ ရာခိုင်နှုန်းကို တရုတ် အင်တာနက် ကူးသန်းရောင်းဝယ်မှု e-commerce ဘီလူးကြီး အလီဘာလာအုပ်စု Alibaba Group ထံ လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာနှင့် နီပေါနိုင်ငံတွင်လည်း လုပ်ငန်းလည်ပတ်ရှိသည့် ဒါရက်ဇ်သည် ငွေပမာဏ မည်မျှနှင့် အရောင်းအဝယ် ဖြစ်သည်ကို ထုတ်ဖော်ကြေညာခြင်းမပြုပါ။ အလီဘာဘာက ဒါရက်ဇ်ကို ရာခိုင်နှုန်းပြည့် ဝယ်ယူခဲ့သော်လည်း ဒါရက်ဇ်သည် ၎င်းလက်အောက်ရှိ အွန်လိုင်း အရောင်းဌာနများကို မူလ အမှတ်တံဆိပ် အမည်အတိုင်း ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ထိုလုပ်ငန်းဝယ်ယူမှုများကြောင့် တရုတ်နိုင်ငံပြင်ပတွင် အလီဘာဘာ၏ အင်တာနက် ကူးသန်းရောင်းဝယ်မှု ပိုမိုကျယ်ပြန့်လာမည်ဖြစ်သည်။ အလီဘာဘာသည် မကြာသေးမီက ကျော်ကြားလှသော အရှေ့တောင်အာရှ အွန်လိုင်းဈေးရောင်းဌာန လာဇဒါ – Lazada တွင်လည်း ၎င်း၏ရင်းနှီးမြှုပ်နှံမှုများကို ထပ်မံတိုးချဲ့ခဲ့သည်။
“ဒါရက်ဇ်ဟာ အလီဘာဘာရဲ့ တစိတ်တပိုင်းဖြစ်လာလို့ ကျနော်တို့ စိတ်လှုပ်ရှားမိတယ်” ဟု အလီဘာဘာ၏ အမှုဆောင်အရာရှိချုပ် ဒန်နီရယ်လ် ကျာန်က ပြောသည်။ “ ကျနော်တို့ရဲ့ နည်းပညာတွေ၊ ကျွမ်းကျင်မှုတွေနဲ့ လုပ်ငန်းရှင်တွေကဒေသတွင်းက စားသုံးသူတွေကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးဖို့ ဒါရက်ဇ်နဲ့အတူ ပူးပေါင်းပြီး လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟုလည်း ရှင်းပြသည်။
ဒါရက်ဇ်ကို ဂျာမနီနိုင်ငံမှ ရော့ကက်အင်တာနက်၏ပံ့ပိုးမှုဖြင့် ပါကစ္စတန်နိုင်ငံ၌ ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။
ဒါရက်ဇ်တွင် ရောင်းချသူ ၃၀၀၀၀ ကျော်ရှိပြီး ကုန်အမှတ်တံဆိပ် ၅၀၀ ကျော်ရှိကာ သုံးစွဲသူ ၅ သန်းအတွက် ကုန်ပစ္စည်း ၂ သန်းရှိနေသည်။ ဒါရက်ဇ် ၏ဆော့ဖ်ဝဲလ်သည် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ အိမ်သုံးကုန်များ၊ အလှအပ၊ ဖက်ရှင်နှင့် အားကစားထုတ်ကုန်များနှင့် အခြားကုန်ပစ္စည်းများ အထိရောင်းချသည်။ ပစ္စည်းပို့ဆောင်ချိန်တွင် ငွေပေးချေရသည့် ဝန်ဆောင်မှုအပါအဝင် ငွေပေးချေမှုဆိုင်ရာ နည်းလမ်းအများအပြားကိုလည်း ကျင့်သုံးနိုင်သည်။
“ကျနော်တို့ ကုမ္ပဏီအနေနဲ့ အလုပ်ဖြုတ်တာတွေ၊ ပြန်ဖွဲ့စည်းတာတွေ မလုပ်ပါဘူး။ တကယ်တော့ ကျနော်တို့က လူတွေထပ်ငှားပြီး နည်းပညာထိတွေ့မှု ပိုကောင်းအောင် လုပ်တာဖြစ်ပါတယ်။ ဖောက်သည်တွေနဲ့ တွေ့ဆုံညှိနှိုင်းတာတွေကို လူကိုယ်တိုင်ရော မိုဘိုင်း app တွေဘက်မှာပါ ပိုအာရုံစိုက်သွားမယ့်သဘောပါ” ဟု ဒါရက်ဇ်ပါကစ္စတန်မှ ဈေးကွက်ဒါရိုက်တာ မဲဒီရာဇာက ပါကစ္စတန်သတင်းဌာန Dawn သို့ ပြောသည်။
ဒါရက်ဇ်ကို အလီဘာဘာဝယ်လိုက်ခြင်းသည် ပါကစ္စတန်အတွက် အကောင်းတကာ့ အကောင်းဆုံး အခွင့်အလမ်းတခုဖြစ်ကြောင်း မြင်နေကြသည်။
“တယ်လီကွန်(ဆက်သွယ်ရေး)ကဏ္ဍမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ အများဆုံးရှိပြီးသားပါ။ အဲဒါကနေ နောက်ထပ်ကဏ္ဍသစ်အကြီးကြီးတွေ ထပ်လာပါဦးမယ်။ နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေက ပါကစ္စတန်ထဲဝင်မှာကို ချီတုံချတုံနဲ့ စိုးရွံ့ပါတယ်။ အခုတော့ အလီဘာဘာလို အီးကောမစ်ဘီလူးကြီးက ပါကစ္စတန်ထဲဝင်လာပြီဆိုတော့ တခြားသူတွေ လိုက်ဝင်လာကြမှာပါ။ အလားအလာကောင်းတဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကုမ္ပဏီတွေက စရိတ်မကာမိမှာစိုးလို့ မဝင်ရဲတာကို အလီဘာလာဝင်ပြလိုက်တော့ နောက်ကနေ ဆက်လိုက်လာမယ့်သဘောပါ။ ဂူဂဲလ်၊ ဖေ့စ်ဘုတ်နဲ့တွီတာတို့တောင်မှ ပါကစ္စတန်ထဲဝင်ဖို့ရာက ဥပဒေရေးရာတွေ၊ အမိန့်တွေကြောင့် ချီတုံချတုံဖြစ်ကြပါတယ်။ ဒါကြောင့်မို့ အခုကိစ္စဟာ ကောင်းတဲ့ဖွံ့ဖြိုးမှုတခုပါ” ဟု Fishry.com ၏ ဒုတိယ ဥက္ကဋ္ဌနှင့် ပါကစ္စတန်ဆော့ဖ်ဝဲအသင်း၏ အီးကောမာ့စ်ကော်မတီခေါင်းဆောင် ဘာဒါကက်ရှ်နူးက ပြောသည်။
“အလားအလာကောင်းတဲ့ ပါကစ္စတန် စားသုံးသူတွေဖြစ်တဲ့ သန်း ၂၀၀ လူဦးရေရဲ့ ၆၅ ရာခိုင်နှုန်းဟာ အသက် ၃၀ အောက် လူငယ်တွေဖြစ်တယ်ဆိုတာ နောက်ဆုံးမှာ သဘောပေါက်လာရပါတယ်။ ပြည်တွင်းဈေးကွက်ထဲ အလီဘာဘာဝင်လာတာနဲ့အတူ ပိုကောင်းလာမယ့် အနေအထား ရှိပါတယ်။ ပိုင်ရှင်ဂျက်မနဲ့ အလီဘာဘာဟာ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအတွက် အထောက်အကူဖြစ်နေတယ်ဆိုတာ တရုတ်ပြည်မှာလည်း သက်သေရှိပြီးသားပါ”ဟုလည်း ဆိုသည်။
သို့သော် မြန်မာအတွက်မူ ဈေးကွက်အရွယ်အစားကြောင့် ကြီးမားသည့် အပြောင်းအလဲ မဖြစ်နိုင်သေးကြောင်း BarLoLo.com ၏ Chief Operating Officer ကိုမင်းမင်း က သုံးသပ်သည်။
“ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် ဈေးကွက်က မြန်မာထက် အများကြီး ပိုကြီးတယ်။ လူဦးရေရော၊ ဈေးကွက်အနေအထားရောပေါ့။ ဒီလိုအခြေအနေမှာ အလီဘာဘာ အနေနဲ့ ပိုကြီးတဲ့ ဈေးကွက်ဘက်ကိုပဲ အာရုံစိုက်မယ် ထင်ပါတယ်။ ဒီမှာလည်း Daraz ရဲ့ လုပ်ငန်းတွေကို အရင်အတိုင်း ဆက်လုပ်သွားမှာပေါ့။ ဈေးကွက်က အနည်းဆုံး ၆ လ လောက်တော့ ဒီအတိုင်းပဲ ရှိနေဦးမယ် ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာ့ တယ်လီဖုန်းဆက်သွယ်ရေးနှင့် အင်တာနက် သုံးစွဲမှုနှုန်း တက်လာသည်နှင့်အမျှ ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင် အွန်လိုင်းပေါ်တွင် ဈေးရောင်းဝယ်ကြခြင်းမှာ ခေတ်စားလာနေသည်။ သို့သော် ဈေးကွက်ပမာဏ မည်မျှကြီးမားပြီး မည်သို့ဖြစ်ထွန်းနေသည်နှင့်ပတ်သက်ပြီး သုတေသနပြုမှု မရှိသလောက် နည်းပါးသောကြောင့် သတင်းအချက်အလက် အတိအကျ ရရန် အလွန်ခဲယဉ်းသည်။