ဖွံ့ဖြိုးမှု နောက်ကျနေသည့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နမိတ်ပြင်ပ ၁၁ မြို့နယ်တွင် စီးပွားရေး စက်မှုဇုန်များ တည်ထောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
မေလ ၉ ရက်၌ Novotel Hotel တွင်ပြုလုပ်သည့် ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၈ အခမ်းအနားတွင် ဝန်ကြီးချုပ်က ယင်းသို့ ပြောခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်က “ရန်ကုန် စည်ပင်သာယာနယ်နိမိတ်ပြင်ပ ၁၁ ခုမှာ စက်မှုဇုန်တွေ ရှိချင်ပါတယ်။ နယ်နိမိတ်ပြင်ပ မြို့နယ် တွေက နောက်ကျနေတယ်။ အဲဒီနေရာတွေမှာ စက်မှုဇုန်တွေကို တိုင်းစည်ပင်က တည်ဆောက်နိုင်ဖို့အတွက် ကျနော်တို့ ကြိုးပမ်းနေတယ်။ ရလာမယ့် အကျိုးအမြတ်တွေကို တိုင်းအတွင်းမှာပဲ မြို့နယ်အလိုက် ဖွံ့ဖြိုးရေးကို ပြန်လုပ်နိုင်ဖို့ ဖြစ်ပါ တယ်” ဟု ပြောသည်။
ယင်းသို့ လုပ်ဆောင်ရခြင်းမှာ စက်မှု လက်မှုလုပ်ငန်းများ ရှိသောကြောင့် အခြားမြို့နယ်များမှ ပြောင်းရွှေ့လာမည့် သူများ အနေနှင့် ယင်းစည်ပင် နယ်နိမိတ်ပြင်ပ နေရာများတွင် နေထိုင်ကာ အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ပြီး ကျေးလက်နှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းအစိုးရမှ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။
“စီမံကိန်းမြေတွေနဲ့ ပတ်သက်ပြီး တချိန်တုန်းက တောင်သူလယ်သမားတွေဆီကနေ သူဌေးတွေက လာဝယ်တယ်။ အခြား နည်းလမ်း သုံးစွဲခွင့် သူ့ဘာသူ လျှောက်တယ်။ ပြီးလည်းပြီးရော လယ်မြေတုန်းက ကျပ်သိန်း ၂၀ ၊ ၂၅ သိန်း ကနေ မြို့မြေ ဖြစ်တော့ ကျပ်သိန်း ၅ ရာ သိန်း ၁ ထောင်ဖြစ်သွားတဲ့ အချိန်မှာ လယ်သမားတွေ မခံစားနိုင်ဘူး” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
၎င်းက ဆက်လက်၍ “အခုချိန်မှာ ကျနော်တို့ အခြားနည်းလမ်း သုံးစွဲခွင့်ကို မထောက်ခံပေးပါဘူး။ ဒါက ဖြတ်လမ်း စီးပွား ရေး ဖြစ်နေပါတယ်။ ဒါကြောင့်မို့ ဒီနေရာမှာ ရှိတဲ့ အားလုံးကို နိုင်ငံတော်က ဖွံ့ဖြိုးအောင်လုပ်မယ်” ဟု ဆိုသည်။
လယ်မြေကို မြို့မြေအဖြစ် ပြောင်းလဲသုံးစွဲမည်ဆိုလျှင် လယ်ပိုင်ရှင်မှ ၂၀ ရာခိုင်နှုန်းရရှိမည်ဖြစ်ပြီး နိုင်ငံတော် အနေနှင့် ပြည်သူလူထု အများစု ပါဝင်သော အစိုးရပိုင်ငွေအဖြစ် ၈၀ ရာခိုင်နှုန်းရရှိမည် ဖြစ်သည်။ ယင်းမှ ရရှိသည့် ငွေများကို နိုင်ငံ တော်မှ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်က ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တွဲဖက်အတွင်းရေးမှူး ဦးသန်းက “ရန်ကုန်ရဲ့စည်ပင် နယ်နမိတ်တွင်းမှာ ရှိတဲ့ မြို့နယ်တွေနဲ့ ပြင်ပမှာ ရှိတဲ့ မြို့နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကွာဟမသွားအောင် ကျနော်တို့က ကိုကိုးကျွန်းမှ အပ တိုက်ကြီးတို့ လှည်းကူးတို့ အပါအဝင် ၁၁ မြို့နယ်မှာ အထူး စက်မှုလက်မှုဇုန်တွေ လုပ်ဖို့ရှိပါတယ်။ ဒါကြောင့် ၁၁ မြို့နယ်မှာ အနည်ဆုံး မြေဧက ၁ ထောင်ကနေ ၁၅၀၀ ၊ ၂ ထောင်အထိ လျာထားပြီးတော့မှ အနာဂတ် စက်မှုလက်မှု ဖွံ့ဖြိုး ရေး စီမံကိန်းတွေ ရှိနေပါတယ်” ဟု ပြောသည်။
ယင်း စီမံကိန်းများကို လက်ရှိအစိုးရ ကျန်ရှိသော ၃ နှစ်တာကာလ အတွင်း အခြေချမိသည်အထိ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ ကြီးမှူးပြီး အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဖော်ဆောင်တဲ့ မြေက လယ်သမားပိုင်တဲ့ မြေတွေပဲ။ အဲဒါကို စက်မှုဇုန်အဖြစ်အသုံးချခွင့်ရအောင် ပြည်ထောင်စု အစိုးရကို တင်ပြမယ်။ တင်ပြပြီးရင် လယ်သမားတွေလည်း ပြန်လိုချင်တယ်ဆိုရင် လျှော်ကြေးအနေနဲ့ လက်ရှိပေါက်ဈေးအတိုင်းပဲ ပြန်ပေးမှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရဲ့ မူအရတော့ ၈၀/၂၀ ပေါ့။ လယ်သမားကို ၂ ဧက ပြန်ပေးမယ်။ ၈ ဧကကို အသုံးပြု မယ်။ သူကလည်း ဒီထဲမှာ ဒီမြေကို ပြန်အသုံးပြုနိုင်တဲ့ အနေအထားရှိတယ်” ဟု ဦးသန်းက ပြောသည်။
စက်မှုဇုန် ၁၁ ဇုန်ဖော်ဆောင်မည့် ရန်ကုန် စည်ပင် နယ်နမိတ်ပြင်ပ မြို့နယ်များမှာ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ ထန်းတ ပင်၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ အစရှိသည့် မြို့နယ်များ၌ ဖြစ်ကြောင်း သိရ သည်။
အဆိုပါ စက်မှုဇုန်များ ဖော်ဆောင်ရန်အတွက် လောလောဆယ်တွင် မြေယာသိမ်းဆည်းခြင်းလုပ်ငန်းများ မလုပ်ဆောင် ရသေးကြောင်း ယခင် မြို့ပြစီမံကိန်းမြေအဖြစ် သတ်မှတ်ခဲ့သည့် လက်ကျန် မြေများကို ဆက်လက် အကောင်ထည်ဖော် သွားမည် ဖြစ်သည်ဟု YCDC မှ သိရသည်။
ယင်းအပြင် မြေနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ စက်ရုံ အလုပ်ရုံများ၊ စက်မှုလက်မှု လုပ်ငန်းများ များစွာ လာရောက် ရင်းနှီးမြှုပ်နှံနိုင်သော မြေ ၃ ဧကနှင့် အောက် မြေနေရာပေါင်း ၁၂၀ နေရာခန့် တိုင်းစည်ပင် အောက်တွင် ရှိနေ ကြောင်း ဦးသန်းက ပြောသည်။