မြန်မာနိုင်ငံ၏ ပထမဆုံး ချေးငွေဆိုင်ရာ သတင်းအချက်အလက်ဌာန(Credit bureau) ကို လုပ်ဆောင်ရန် ပြည်ထောင်စုု အစိုးရအဖွဲ့မှ အတည်ပြု ဆုံးဖြတ်ထားသည်ဟု ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒု သမ္မတ ၁ ဦးမြင့်ဆွေက ပြော ကြားသည်။
ရန်ကုန်မြို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ယနေ့ မေ ၁၁ က ပြုလုပ်သော ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ ၁ နှင့် ပုဂ္ဂလိက ကဏ္ဍ ကိုယ်စားလှယ်များ ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲ ၁၇ ကြိမ်မြောက် အခမ်းအနားတွင် ပြောကြားခြင်း ဖြစ်သည်။
“Credit bureau ကို မနေ့က (မေ ၁၀) မှ အတည်ပြု ဆုံးဖြတ်လိုက်ပြီ။ ဒီနေ့ပဲ ထုတ်ပြန်မလားတော့ မသိဘူး။ ဒါကလည်း Ease Doing Business (စီးပွားရေး လုပ်ကိုင်ရ လွယ်ကူဆုံး နိုင်ငံ စာရင်း) က လာမယ့် ၂၀၁၉ ခုနှစ် အတွက် မေလ ဒုတိယ ပတ်လောက်မှာပဲ စစ်တမ်းကောက်တာ ဇယား ပိတ်မယ်။ ၁၀ ရက်လောက် လိုသေးတယ်။ ဒါကြောင့် မီအောင် လို့ပါ” ဟု ဒု သမ္မတက ပြောကြားသည်။
Credit bureau လုပ်ဆောင်ပေးရခြင်းမှာ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းရှင်များ ငွေကြေး အရင်းအနှီး ချေး ယူ ရရှိမှုအတွက် ချေးငွေများ လွယ်ကူစွာ ရရှိနိုင်မည့် အပြင် Doing Business စာရင်း၌လည်း အဆင့်တက်လာနိုင်မည် ဖြစ်သည်ဟု ဒု သမ္မတ ၁ က သုံးသပ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်က “Credit bureau က ကုမ္ပဏီ တခုကို လုပ်ကိုင်နိုင်တဲ့ သူရဲ့ အနေအထားတွေ အကုန်လုံးကို မှတ်တမ်းတင် ထားတာဖြစ်တယ်။ ဒါ ခွင့်ပြုလိုက်ခြင်း အား ဖြင့် ဒီကုမ္ပဏီကို အပေါင်ပစ္စည်းရှိမှ ငွေချေးတာမျိုး မဟုတ်တော့ဘူး။ သူရဲ့ လုပ်ကိုင်ခဲ့တဲ့ အခြေနေကို ကြည့်ပြီးတော့ ငွေ ချေးနိုင်အောင်အတွက် ကုမ္ပဏီရဲ့ အခြေအနေ၊ အဆင့်အတန်းတွေကို သေချာ မှတ်တမ်း တင်ထားတဲ့ လုပ်ငန်းစဉ်ပါ။ ထုတ်ပြန်တာကတော့ ဗဟိုဘဏ်က ထုတ်ပြန်မှာပါ” ဟု ပြောသည်။
UMFCC တွဲဖက် အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက “အခု လောလော ဆယ် SME လုပ်ငန်းတွေမှာ ပထမဆုံး တချက်က စီးပွားရေး Plan အနေနဲ့ ကြိုပြင်ဆင်တာ နည်းတယ်။ ဒါက ဒီတနိုင်ငံထဲ မဟုတ်ပါဘူး။ နိုင်ငံတကာမှာ ရှိတဲ့ SME တွေက မိသားစု လုပ်ငန်းတွေဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်ရဲ့ မှန်းဆချက်ထက် ကိုက်တယ် ဆိုရင် လုပ်ငန်း ဆက်လုပ်ကြတာ ဖြစ်တယ်” ဟုပြောသည်။
ဆက်လက်၍ ၎င်းက သို့သော် အမှန်တကယ် ဘဏ်နှင့် အလုပ်လုပ်ဆောင်ရာတွင် အရည်အချင်း သတ်မှတ်ချက်များ ပြည့် မှီရန် စီးပွားရေး လုပ်ငန်း အစီအစဉ်၊ အရှုံးအမြတ်စာရင်း၊ ချေးယူမည့် ငွေပမာဏနှင့် မည်သည့်အချိန်တွင် ပြန်လည် ဆပ် မည်ဟု ဆိုသည့် အသေးစိတ် အချက်အလက်များ ပြင်ဆင်ထား သိရှိနိုင်မည် ဖြစ်သည်ဟု ရှင်းပြသည်။
“ဒါတွေကို ဘဏ်တွေက ကြည့်ပြီးတော့ SME လုပ်ငန်းတွေရဲ့ အခြေအနေကို သိမယ်။ ပိုပြီးတော့ လိုတဲ့ ငွေအပေါ်မှာ ထုတ်ချေးပေးလာနိုင်မယ်။ ဒါကြောင့် Credit bureau ရှိလာခြင်းက ဘဏ်တွေအတွက်လည်း ကောင်းတယ်။ နောက်ပြီးတော့ အခု အာဆီယံနိုင်ငံတွေထဲမှာ Credit bureau နဲ့ ဆောင်ရွက် အောင်မြင်နေတဲ့ နိုင်ငံတွေလည်း အများ ကြီးရှိပါတယ်”ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
သမ္မတ ဦးဝင်းမြင့်ကလည်း ၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက် ကပြောကြားခဲ့သော မိန့်ခွန်းတွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ငွေထုတ်ချေးရာတွင် မြန်ဆန်လွယ်ကူစေရန် လုပ်ငန်းများ၏ ယုံကြည် စိတ်ချရမှုကို သတင်း အချက်အလက် စုဆောင်းသည့် အဖွဲ့အစည်း Credit bureau ထူထောင်နိုင်ရေး အတွက် ၁ လအတွင်း ခွင့်ပြုပေးမည်ဟု ပါရှိသည်။
ယင်း Credit bureauကို မြန်မာနိုင်ငံ၌ လုပ်ဆောင်ရန် အတွက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံ ဘဏ်လုပ် ငန်းရှင်များအသင်း (MBA) နှင့် စင်ကာပူနိုင်ငံ အခြေစိုက် Asian Credit Bureau Holdings ကုမ္ပဏီတို့မှ ကြိုစားခဲ့ခြင်းဖြစ် သည်။