စီးပွားရေး

မန္တလေးမြို့ကားကွင်းများ ယာဉ်ဝင်စည်းကြပ်ခ Prepaid Card ဖြင့် ပြောင်းလဲကောက်ခံမည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နမိတ်အတွင်းရှိ ကားကွင်းများတွင် ဝင်ထွက်သွားလာနေသည့် မော်တော်ယာဉ်များ ယာဉ်ဝင်စည်းကြပ်ခကို လာမည့်ဘဏ္ဍာနှစ်သစ်တွင် Prepaid Card ဖြင့် ပြောင်းလဲ ကောက်ခံသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ Prepaid Card စနစ်သည် မော်တော်ယာဉ်များ ကားကွင်းသို့ဝင်တိုင်း Prepaid Cardကို Scan ဖတ်ရုံဖြင့် အလိုအလျောက် ငွေသား ဖြတ်တောက်သွားမည့် စနစ်တခုဖြစ်ပြီး သတ်မှတ်နှုန်းထား ဖြတ်တောက်ပြီးပါက မောင်းတံအလို အလျောက် ပွင့်သွားမည့်စနစ ်ဖြစ်ကြောင်း သိရသည်။

“ကားရောင်းဝယ်ရေးဝိုင်းမှာ စတင်ကျင့်သုံးနေပြီ၊ ကျန်တဲ့ကားကွင်းတွေကိုတော့ CCTV တပ်ဖို့လုပ်ဆောင်နေပါတယ်၊ ကျွဲဆည်ကန်ကားကွင်းကတော့ ရွေ့ပြောင်းပြီးမှသာ လုပ်ဆောင်နိုင်မယ်၊ ကားကွင်းတွေအကုန်လုံး Prepaid Card စနစ်ကို လာမယ့်ဘဏ္ဍာနှစ်ထဲမှာ ကျင့်သုံးသွားဖို့ ရည်မှန်းထားပါတယ်”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။

အဆိုပါစနစ်ကို ယခုအခါ လမ်း ၆၀ ကားရောင်းဝယ်ရေးစခန်း၌ စတင်ကျင့်သုံးနေပြီ ဖြစ်ရာ ယာဉ်ဝင်စည်းကြပ်ခကို မောင်းတံဖြင့်တားပြီး ကွန်ပျုတာက တဆင့် ဖြတ်ပိုင်းစာရွက် ထုတ်ပေးကာ ဝင်ခွင့်ပေးသည့် စနစ်ကျင့်သုံးနေ ကြောင်း သိရသည်။

အဆိုပါ Prepaid Card ပြောင်းလဲကောက်ခံရာတွင် လက်ရှိကောက်ခံနေသည့် နှုန်းထားအတိုင်း ယာဉ်ငယ်တစီး ၃၅၀ ကျပ်နှုန်းဖြင့်သာ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Prepaid Card စနစ်ကို နည်းပညာမြှင့်တင်သည့် အနေဖြင့် ကားကွင်းများအားလုံး တပြေးညီ ကျင့်သုံး သွားမည် ဖြစ်ပြီး Prepaid Cardကို ကုမ္ပဏီတခုခု၊ ဘဏ်တခုခုဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းဆွေးနွေးနေမှုများ ပြုလုပ်နေကြောင်း သိရသည်။

Prepaid Card ကို ပြုလုပ်ပေးနိုင်မည့် အစီအစဉ်များကို ဆုံးဖြတ်ချက်ပြီးသည်နှင့် ကားကွင်းများ၌ စက်ကိရိယာများ စတင် တပ်ဆင်သွားမည် ဖြစ်သလို အဆိုပါစနစ် ကျင့်သုံးပါက ကားကွင်းများအတွင်း အမြဲ ဝင်ထွက်မည့်သူများ အနေဖြင့် Prepaid Card ကြိုတင်ပြုလုပ်ထားကြရမည်ဟု သိရသည်။

အဆိုပါ Prepaid Card အသုံးပြုသူများသည် Card အတွင်း၌ ငွေကို ကြိုတင်ဖြည့်သွင်းပေးရမည်ဖြစ်ရာ ယင်းစနစ် ကျင့်သုံးပါက ဝန်ထမ်းများ ငွေကိုင်ခွင့်မရှိတော့ဘဲ ငွေအလေအလွင့်မရှိအောင် ထိန်းချုပ်လာနိုင်မည်ဟု ဦးကျော်ဇော အောင်က ဆက်လက်ပြောသည်။

ယခုအခါ မန္တလေးခရိုင်အတွင်း၌ အဝေးပြေးခရီးသည်တင် ယာဉ်ရပ်နားစခန်း ၅ ခုရှိပြီး အဆိုပါကားကွင်းများမှတဆင့် မြန်မာနိုင်ငံ အထက်ပိုင်း၊ အောက်ပိုင်းနှင့်အရှေ့ပိုင်းရှိ မြို့များသို့ မော်တော်ယာဉ်လိုင်းပေါင်း ၃၀၀ ခန့် ပြေးဆွဲ လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနရှိ စာရင်းများအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading