ကမ္ဘာကျော် အမေရိကန် ကော်ဖီဆိုင် စတားဘတ် Starbucks ဟာ မြန်မာနိုင်ငံအတွက် သူ့ရဲ့ ပထမဆုံးကော်ဖီဆိုင်ကို ရန်ကုန်မြို့လယ်က ဆူးလေစကွဲမှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်က မေလ ၁၂ ရက် ရန်ကုန်မှာ ပြလုပ်ခဲ့တဲ့ အစည်းအဝေးမှာ Coffee Concepts Myanmar Limited (CCM) ကုမ္ပဏီကို Starbucks အမှတ်တံဆိပ်ပါ အစားအစာ၊ အဖျော်ယမကာ၊ ကုန်ပစ္စည်းများရောင်းချခြင်းနဲ့ စတားဘတ် ဆိုင်ခွဲများဖွင့်နိုင်တဲ့ တဦးတည်း ကိုယ်စားလှယ်အဖြစ် ရောင်းချခွင့်ကို ခွင့်ပြုပေးခဲ့ပါတယ်။
CCM ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက မှတ်ပုံတင်ရရှိထားတာ ဖြစ်ပါတယ်။
စတားဘတ်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ၂၀၁၃ ခုနှစ်ကတည်းက မျက်စိကျခဲ့တာပါ။ ၂၀၁၃ ခုနှစ်၊ မေလမှာ စတားဘတ်ရဲ့ ယခင် အမှုဆောင်အရာရှိချုပ် Howard Schultz (ယခု အမှုဆောင် ဥက္ကဋ္ဌ) က ၎င်းကုမ္ပဏီ ဆိုင်ခွဲတွေ ထပ်မံတိုးချဲ့ဖို့ ရည်မှန်းထားတဲ့ နိုင်ငံထဲ မြန်မာနိုင်ငံပါတယ်လို့ ဘန်ကောက်မြို့မှာ သတင်းထောက်များကို ပြောကြားခဲ့ဖူးပါတယ်။
စတားဘတ် ကော်ဖီမြန်မာမှ ပြောရေးဆိုခွင့်ရှိသူတဦးက ပထမဆုံးကော်ဖီဆိုင်ခွဲကို ဆူးလေစကွဲမှာ ဖွင့်လှစ်ပြီးနောက် နောက်ထပ် ၁၈ လအတွင်းတွင် ဆိုင်ခွဲပေါင်း ၁၀ ဆိုင် ထပ်မံတိုးချဲ့နိုင်ရန် မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ ဆိုင်စဖွင့်မယ့်ရက်ကိုတော့ ထပ်မံကြေငြာသွားမယ် ဆိုပါတယ်။
မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဋ္ဌ ဦးရဲမြင့်က စတားဘတ် ကော်ဖီဆိုင်များ လာရောက်ဖွင့်လှစ်တာကို ကြိုဆိုပြီး နာမည်ကြီး နိုင်ငံခြား အမှတ်တံဆိပ်တခု ဝင်ရောက်လာတဲ့အတွက် ကော်ဖီဆိုုင်ယဉ်ကျေးမှု မြန်မာနိုင်ငံတွင်း ကျယ်ပြန့်လာနိုင်ကာ ကော်ဖီစိုက်တောင်သူတွေရဲ့ အကျိုးစီးပွားအတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
တားဘတ်ဟာ ၁၉၇၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ၂၀၁၈ ဧပြီလ စာရင်းအရ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ အပါအဝင် ကမ္ဘာတလွှားက ဈေးကွက် ၇၇ ခုမှာ ဆိုင်ခွဲပေါင်း ၂၈၂၀၉ ဆိုင် ဖွင့်လှစ်ထားပါတယ်။
အမေရိကန်အခြေစိုက် ကော်ဖီလုပ်ငန်းအနေနဲ့ မြန်မာတနိုင်ငံလုံးကို ပျံ့နှံ့ဖွင့်လှစ်သွားနိုင်ပါက မြန်မာကော်ဖီစိုက်တောင်သူအတွက် အခွင့်အလမ်းတွေ ရရှိလာဖို့ မိမိမျှော်လင့်ကြောင်း ဦးရဲမြင့်က ပြောပါတယ်။
“နိုင်ငံခြားသား အများအပြားက စတားဘတ်ကို မြင်ရင် သူတို့ ကော်ဖီတော့ သောက်လိုက်ကြမှာပဲ။ ဆိုတော့ တိုရစ်ဇင် အတွက် ဒီ နိုင်ငံခြား ဘရန်း (ကော်ဖီ)တွေက လိုတယ်” လို့ သူက ဆိုပါတယ်။
“မြန်မာကော်ဖီအတွက် အလားအလာ ပိုကောင်းတယ်နော်။ တို့ဘက်က ကောင်းတဲ့ အကျိုးသက်ရောက်မှုကိုပဲ စဉ်းစားတယ်။ တို့ ကော်ဖီစိုက်တောင်သူတွေအတွက်က ဝမ်းသာစရာပဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရလာမယ်” လို့ ဧရာဝတီကို ရှင်းပြပါတယ်။
၎င်းတို့ကုမ္ပဏီအနေနဲ့ အရည်အသွေးမြင့်ထုတ်ကုန်ကို မြန်မာနိုင်ငံကို ယူဆောင်လာမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားရသလို ပြည်တွင်းနဲ့လည်း ဆက်စပ် လုပ်ကိုင်သွားမှာဖြစ်တယ်လို့ စတားဘတ် ကော်ဖီမြန်မာရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ဆိုပါတယ်။
စတားဘတ်ဟာ တကမ္ဘာလုံးရှိ သူ့ရဲ့ကုန်ကြမ်းထောက်ပံ့မှုကွင်းဆက်မှာ ကော်ဖီစိုက် တောင်သူတွေရဲ့ အကျိုးအမြတ်ရဖို့၊ အရည်အသွေး တိုးတက်လာဖို့ တောင်သူပံ့ပိုးရေးဌာနပေါင်း ၉ ဌာန စီစဉ်ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ အဲဒီထဲက ဌာနတခုကို အရှေ့တောင်အာရှနိုင်ငံ တနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ စူမတြားကျွန်းမြောက်ပိုင်းမှာ ၂၀၁၅ ခုနှစ်က ဖွင့်လှစ်ထားပါတယ်။