စီးပွားရေး

ကယားပြည်နယ်သို့ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စတင်ဝင်ရောက်

ယခုအစိုးရသစ် လက်ထက်အတွင်း ကယားပြည်နယ်သို့ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်လုပ်ငန်း ၁ ခု စတင် ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) စာရင်းများအရ သိရသည်။

DICA ဒုတိယ ညွှန်ကြားရေးမှူး ဦးသန့်စင်လွင်က “ကယားပြည်နယ်ကို အခု ဝင်ရောက်တဲ့ ရင်းနှီးမြှုပ်နှံမှုက ဒီအစိုးရသစ်လက်ထက်မှာ ပထမဆုံးဝင်ရောက်မှု ဖြစ်ပါတယ်။ ဟိုတယ်ကဏ္ဍမှာ ဝင်ရောက်တာ ဖြစ်ပါတယ်။ အခုလည်း ကယားပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ဖို့အတွက် ပြည်နယ်အစိုးရ အကူအညီနဲ့ မေလ ၂၆ ရက်နေ့မှာဖိုရမ် လုပ်ဖို့ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့  မိုင်းလုံးရပ်ကွက်တွင် Myanmar New Ray Co.,Ltd က မြန်မာကျပ်ငွေသန်းပေါင်း ၆၀၀၀  ပမာဏရှိသော ဟိုတယ်ရင်းနှီးမြုှပ်နံှမှု လုပ်ငန်း ၁ ခုကို ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အစည်းအဝေး အမှတ်စဉ် (၆/၂၀၁၈) ခုနှစ် မေလ ၁၂ ရက်နေ့ က ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ကယားပြည်နယ်သို့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန်အတွက် ပြည်နယ်အစိုးရ ဘဏ္ဍာငွေဖြင့် မေလ ၂၆ ရက်၌ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုကဏ္ဍနှင့် ဟိုတယ်ကဏ္ဍတို့ကို ဦးစားပေးမြင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကယားပြည်နယ် ဟိုတယ်ခရီးတာဝန်ခံ ဦးလင်းဇော်ထွဋ်က “အခုခွင့်ပြုလိုက်တဲ့ ဟိုတယ်က အထပ်ပေါင်း ၁၁ ထပ်နဲ့ အခန်းပေါင်း ၈၀ ကျော်ပါမယ်။ မြန်မာငွေသန်း ၆ထောင် နဲ့ ညီမျှတဲ့ နိုင်ငံတကာအဆင့်မီ အနည်းဆုံး ကြယ် ၄ ဆင့် အဆင့်ရှိတဲ့ ဟိုတယ်စဆောက်ပြီး ရင်းနှီးမြှုပ်နှံတာဖြစ်တယ်။ ကျနော်တို့က ပြည်တွင်း၊ ပြည်ရင်းနှီးမြှုပ်နှံမှုသူတွေကို ဖိတ်ခေါ်နေပါတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ ကယားပြည်နယ်တွင် ဟိုတယ်အလုံး ၂၀ ကျော်နှင့် အခန်းပေါင်း ၄၀၀ ကျော်ရှိနေပြီ ဖြစ်သောကြောင့် လက်ရှိ ဝင်ရောက်လျက်ရှိသော ခရီးသည်ပမာဏနှင့် လုံလောက်သော်လည်း နယ်စပ်ဂိတ်ပေါက်ဖွင့်ပေးလျှင် ဝင်ရောက်လာမည့် ခရီးသည် ပမာဏအတွက် ကြိုတင်စီစဉ်ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သူ ဦးလင်းဇော်ထွဋ်က “အခု ဧည့်သည်ဝင်တဲ့ အနေအထားနဲ့ဆို လုံလောက်တယ်။ ဒါပေမယ့် ထိုင်းနယ်စပ် မဲဟောင်ဆောင် နယ်စပ်ပေါက်ကလည်း ဖွင့်ဖို့က ၈၀ ရာခိုင်နှုန်းရှိနေပြီ။ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆဲရေး သဘောတူစာချုပ် (NCA) ထိုးဖို့လည်း နီးစပ်နေပြီ။ ဟိုဘက်နိုင်ငံမှာက ဝင်တဲ့ခရီးသွားက ၃ သန်းလောက်ရှိတယ်။ နယ်စပ်ဂိတ်ပေါက်ဖွင့်လို့ ဒီဘက်ကိုသာလှည့်ဝင်ခဲ့ရင် ကျနော်တို့မှာက ဟိုတယ်တွေ အသင့်အနေအထားမရှိဘူး။ ဒါကြောင့် ဟိုတယ်နဲ့ ခရီးသွားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်တာဖြစ်တယ်”ဟု ၎င်းက ဧရာဝတီသို့ပြောသည်။

ထို့ကြောင့် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန်အတွက် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၈ ကို ကျင်းပသွားရန်အတွက် ရင်းနှီးမြှုပ်သူ စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၅၀၀ ခန့်ဖိတ်ကြားထားပြီး ဟိုတယ်ခရီးကဏ္ဍကို ဦးစားပေး ဖိတ်ခေါ်သွားမည် ဖြစ်သည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသို့ ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင် ကယားပြည်နယ်နှင့် ချင်းပြည်နယ် ဝင်ရောက်မှုမှာ မရှိသလောက်ဖြစ်နေကြောင်း MIC စာရင်းများအရ သိရသည်။

”ရင်းနှီးမြှုပ်နှံမှု နည်းတာက နိုင်ငံရေးပေါ်လစီ မငြိမ်တာရယ်။ ငြိမ်းချမ်းရေး မငြိမ်တာရယ် ဆိုပြီး ကြောက်ကျတယ်။ စီးပွားရေးသမားဆိုတာ သူတို့ ဒါကို ရင်းနှီးမြှုပ်နှံထားပြီး နိုင်ငံရေးကြောင့် ပျက်ပျက်၊ ငြိမ်းချမ်းရေးကြောင့်ပဲပျက်ပျက် သူတို့အတွက် ဒုက္ခရောက်ပြီဖြစ်တယ်။ ခရီးသွားဆိုတာလည်း ငြိမ်းချမ်းရေးမရှိရင်၊ နိုင်ငံရေးပေါ်လစီမငြိမ်ရင် အဆင်မပြေဘူး။ ဒါကို ကြောက်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင် မဝင်ရဲသေးတာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “ကျနော်တို့ဆီမှာ လူထုအခြေပြုခရီးသွားလုပ်ငန်း Community Base Tourism -CBT ရွာများ ဖွင့်ထားတယ်။ အခုပဲ ဒီ CBT ရွာတွေလုပ်ထားတယ်။ အခုပဲဖွင့်လို့ သွားလို့ရတယ်။ အခုပဲသွားလို့မရဘူး ဆိုတော့ နိုင်ငံရေး ပေါ်လစီမငြိမ်ဘူး ဆိုတဲ့အဓိပ္ပါယ်က ဒါကို ပြောချင်တာ ဖြစ်တယ်”ဟု ရှင်းပြသည်။

သို့ဖြစ်၍ လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံမှု လာရောက်လုပ်ကိုင်မည့် ပြည်တွင်း၊ပြည်ပ လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ဖြေလျှော့မှုများကို ပြည်နယ် အစိုးရမှ ပြုလုပ်ပေးမည်ဖြစ်ပြီး ဝင်ငွေခွန်ကင်းလွတ်ခွင့်ကိုလည်း ၇ နှစ်ပေးထားကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် တပ်မတော်အစိုးရ၊ ဦးသိန်းစိန်အစိုးရ လက်ထက်တို့တွင် သတ္တုသန့်စင်ခြင်းလုပ်ငန်းတွင် တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တခုမှ အမေရိကန်ဒေါ်လာသန်း ၂ ဒသမ ၄၃၁ ရှိပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတွင် စက်မှု လုပ်ငန်း ၁ ခု၊ သတ္တုတူးဖော်ရေး လုပ်ငန်း ၁ခုနှင့် လျှပ်စစ် ဓာတ်အားပေးရေး လုပ်ငန်း  ၁ ခု ရှိသောကြောင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း စုစုပေါင်း ၄ ခု ရှိကြောင်း DICA စာရင်းဇယား/ ကိန်းဂဏန်း အချက်အလက်ဆိုင်ရာကိစ္စများ ဌာနမှတာဝန်ရှိသူ တဦးက ပြောသည်။

စက်မှုကဏ္ဍတွင် ညီညာစွမ်းအားလုပ်ငန်းစု ကုမ္ပဏီမှ တရက်လျှင် တန် ၄ ထောင်ကျ ဘိလပ်မြေထုတ်လုပ်ရေး လုပ်ငန်းကို မြန်မာကျပ်ငွေ သန်းပေါင်း ၇၂၀၀၀ ကျော် ရင်းနှီးမြှုပ်နှံထားပြီး လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် အနာဂါတ် စွမ်းအားကုမ္ပဏီမှ BOT စနစ်နှင့် ဘီလူးချောင်းရေအားလျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို မြန်မာကျပ်ငွေ သန်းပေါင်း ၁ သိန်းကျော် နှင့် သတ္တုထုတ်လုပ်ရေးကဏ္ဍတွင် ကယားပြည်နယ်သတ္တုထုတ်လုပ်ရေးကုမ္ပဏီလီမိတက်မှ မော်ချီးသတ္တုတွင်းမှ သတ္တုထုတ်လုပ်ရေးကို မြန်မာကျပ်ငွေ သန်းပေါင်း ၅၀ ကျော်ရင်းနှီးမြှုပ်နှံထားကြောင်း MIC စာရင်းများအရ သိရသည်။

Loading