ဆော်ဒီအာရေးဗျ နိုင်ငံသို့ ရေထွက်ပစ္စည်းများ ပြန်လည် တင်ပို့နိုင်ရန် အတွက် မြန်မာ့ ရေထွက်ကုန် မွေးမြူ ထုတ်လုပ် သည့် စက်ရုံများနှင့် အစိုးရတို့ ပူးပေါင်း၍ ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးလှကျော်က ပြောသည်။
ယနေ့ ကျင်းပသည့် ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး တတိယနေ့၌ မကွေးတိုင်း ဒေသ ကြီး မဲဆန္ဒနယ် အမှတ် ၄ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဆော်ဒီအာရေးဗျ၊ အမေရိကန် နိုင်ငံနှင့် ဥရောပ သမဂ္ဂ နိုင်ငံများသို့ မြန်မာ့ ရေထွက်ပစ္စည်းများ လတ်တလော ပိတ်ဆို့မှုကို အလျင်အမြန် ကုစားနိုင်ရေး နှင့် ဈေးကွက် ချဲ့ထွင်နိုင်ရေး အတွက် မည်ကဲ့သို့ စီစဉ် ဆောင်ရွက်နေခြင်း အခြေအနေအား မေးမြန်းမှုကို ဒု ဝန်ကြီးက ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်၌ အရှေ့တောင် အာရှနိုင်ငံများမှ တင်သွင်းသော ရေထွက်ကုန် ပစ္စည်းများ၌ ရောဂါပိုး ၂ မျိုး ပါဝင်နေသည်ဟု ဆော်ဒီအာရေဗျ နိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါး အဖွဲ့အစည်း (SFDA) က ကြေညာခဲ့သဖြင့် မြန်မာ့ ရေထွက်ကုန် ပစ္စည်းများ တင်ပို့မှုကို တားမြစ်ခံရခြင်း ဖြစ်သည်ဟု ဒု ဝန်ကြီးက ဖြေကြားသည်။
“မြန်မာနိုင်ငံ အနေနဲ့ ရေထွက်ပစ္စည်းတွေကို ဆော်ဒီအာရေးဗျနိုင်ငံသို့ ဆက်လက် တင်ပို့ခွင့် ရရှိနိုင်ရေး အတွက် ဆော်ဒီ အာရေးဗျနိုင်ငံ Food and Drug Authority (FDA)ရဲ့ သတ်မှတ် ပြဌာန်းချက်များအား လုပ်ငန်းရှင်များက လိုက်နာနိုင်ရေး ကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟုလည်း ဒုဝန်ကြီး ဦးလှကျော်က ထည့်သွင်း ပြောကြားသည်။
ပြီးခဲ့သည် ဧပြီလ ၁ ရက်မှစတင်၍ ဆော်ဒီနိုင်ငံသို့ မြန်မာ နိုင်ငံအပါအဝင် ဗီယက်နမ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံများမှ တင်ပို့သော ရေထွက်ကုန် ပစ္စည်းများအား ဝယ်ယူမှု ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့သဖြင့် ယင်းကဲ့သို့ မေးခွန်းကို မေးမြန်းရခြင်း ဖြစ်ကြောင်း ဦးအောင်ကြည်ညွန့်က ပြောဆိုသည်။
ဆော်ဒီအာရေးဗျ နိုင်ငံသည် ယခုကိစ္စကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) သို့ အရေးပေါ် ဆောင်ရွက်မှု အဖြစ် အကြောင်း ကြားစာ ပေးပို့ တားမြစ်ခဲ့ပြီး WTO ၏ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ကြိုတင် အသိပေး တားမြစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
တားမြစ်ခြင်းမှာ White Tail Disease (MrNV) ရောဂါကြောင့် ယာယီ တားမြစ်ခြင်းသာ ဖြစ်ကြောင်း ယင်းရောဂါ အမျိုး အစား သည် မြန်မာနိုင်ငံ၏ တချို့နေရာများတွင် ဖြစ်ပွားနေကြောင်း Quarterly Aquatic Animal Disease Report ( Asia-Pacific Region) – 2017/ 2 ကို ကိုးကားထားသည့် OIE (ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေးအဖွဲ့) ၏ အစီရင်ခံစာကို အထောက်အထား ပြု၍ WTO သို့ တင်ပြခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒု ဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင် က “နိုင်ငံတကာ အဆင့်မီတဲ့ စက်ရုံတွေ ရှိပါတယ်။ စက်ရုံ ပိုင်းကို စစ်မယ်ဆိုရင် ပြဿနာ သိပ်မရှိနိုင်ပေမယ့်။ မွေးမြူရေးပိုင်းကို စစ်မယ်ဆိုရင်တော့ ကြက်နဲ့ တွဲမွေးတာတွေ၊ ဝက်နဲ့ တွဲမွေး တာတွေတော့ တွေ့လို့ မရဘူးပေါ့။ အဲ့ဒီလိုမျိုး တွေ့ရင်တော့ စာမေးပွဲကျမယ့် သဘောမျိုး ဖြစ်ပါတယ်”ဟု ပြောကြား သည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန် ပစ္စည်းများကို ဆော်ဒီအာရေးဗျ နိုင်ငံသို့ နှစ်စဉ် တင်သွင်းလျက်ရှိရာ အမေရိကန် ဒေါ်လာ သန်း ၂၀ မှ ၃၅ သန်းကြား ရရှိနေကြောင်း ဒုဝန်ကြီး က ပြောသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွက် မြန်မာ့ ရေထွက်ကုန်များ ပြည်ပသို့ တင်ပို့ရာ၌ ဒေါ်လာ သန်း ၇၀၀ ရရှိရန် မျှော်မှန်း ထားပြီး မတ်လ ၁၁ ရက်အထိ ဒေါ်လာ ၆၆၂ ဒသမ ၉၇၃ သန်း ရရှိပြီး ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန စာရင်းများတွင် ဖော်ပြထားသည်။
လက်ရှိ မြန်မာ့ ရေထွက်ကုန်များကို တရုတ်၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်း ဒေသ နိုင်ငံများနှင့် ဥရောပ နိုင်ငံများသို့ တင်ပို့လျက် ရှိကြောင်း သိရသည်။