ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ရှိ Amara Ocean Resort – AOR အငြင်းပွားမှု နှင့် ပတ်သက်၍ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ စုံစမ်းစစ်ဆေးမှု ရလဒ်များကို လေ့လာရန် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနကို သမ္မတရုံးက ညွှန်ကြားထားကြောင်း သိရသည်။
ပြည်ထဲရေး ဝန်ကြီးဌာနက ဦးဆောင်သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က စုံစမ်းစစ်ဆေးမှုကို မတ်လ ၅ ရက် နေ့တွင် အဆုံးသတ်ခဲ့သည်။ AOR နှင့် ပတ်သက်၍ တရားဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက် နိုင်သည်များ ရှိ မရှိကို ဆုံးဖြတ်ရန် သမ္မတရုံးက စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနကို တာဝန်ပေးခဲ့သည်။
မေလ ၃ ရက်နေ့ရက်စွဲ ဖြင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန က ရန်ကုန်မြို့ရှိ ဂျာမနီသံရုံးသို့ ပြန်ကြားသည့် စာတစောင်တွင် အဆိုပါ ညွှန်ကြားချက်ကို ဖော်ပြထားသည်။ စာအရ ဂျာမနီ သံအမတ် ဟောင်း ခရစ်ရှန်လုဒ်ဝစ် ဝက်ဘာလော့ချ် Christian-Ludwig Weber-Lortsch နှင့် AOR ပိုင်ရှင် ဒေါ်ကလျာမိုး ၏ ခင်ပွန်းဟောင်း ဂျရတ် ရှုရိုင်ဘာ Gerald Schreiber တို့က အငြင်းပွားနေသည့် ငပလီကမ်းခြေရှိ အပန်းဖြေစခန်း ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သမ္မတရုံး ဒုတိယ ဝန်ကြီး ဦးမင်းသူနှင့် တွေ့ဆုံခွင့် ပြုရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။
တွေ့ဆုံရန် တောင်းဆိုခြင်းကို သမ္မတရုံး ဒုတိယ ဝန်ကြီးက ငြင်းဆန်ခဲ့သည်။ အမှုသည် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည့်အတွက် တွေ့ဆုံရန် ငြင်းပယ်ရခြင်း ဖြစ်ကြောင်းကိုလည်း အတိုချုပ်ဖော်ပြထားသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနတို့အနေဖြင့် “သင့်တော်သလို အရေးယူဆောင်ရွက်ရန်” စာတွင် ဖော်ပြထားသော်လည်း မည်သူ့ကို အရေးယူရမည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိပါ။
ဧရာဝတီသို့ မေလ ၉ ရက်နေ့က ပေးပို့ခဲ့သော အီးမေးလ် တစောင်တွင် ဂျရတ် ရှုရိုင်ဘာက “အံ့သြစရာ ကောင်းပါတယ်။ ကျနော်တို့ အရင်က ဒါမျိုး မကြုံခဲ့ဖူးပါဘူး။ အစိုးရက ကျနော်တို့ ဆီကို အရင် ဘယ်တုန်းကမှ တရားဝင် စာပို့တာ မရှိပါဘူး။ ၂၀၁၂ ခုနှစ်လောက်ကတည်းက အစိုးရ တာဝန်ရှိသူတွေနဲ့ ကျနော်တို့ ဆက်တိုက်တွေ့နေခဲ့တာပါ။ ဒါပေမယ့် အခုလို (တရားဝင်) စာနဲ့ အကြောင်းကြားတာ တခါမှ မရဖူးပါဘူး” ဟု ပြောသည်။
၂၀၁၁ ခုနှစ်တွင် ဂျရတ် ရှုရိုင်ဘာနှင့် ထိုစဉ်က သူ၏ ဇနီး (နောက်ပိုင်းတွင် ကွာရှင်းခဲ့သူ) ဒေါ်ကလျာမိုး တို့က ဂျာမနီ အခြေစိုက် DJE Group ၏ ဥက္ကဌ ဒေါက်တာ ယန်စ်ယားဟာ့ Dr. Jens Ehrahrdt နှင့် ပူးတွဲပြီး ငပလီကမ်းခြေအနီး ဝယ်ယူထားသော ၁၇ ဧကကျယ်ဝန်းသော ကမ်းခြေမြေကွက်တခုတွင် ၆ ဧက ဝန်းကျင် ကျယ်ဝန်းသော ရေချိုဆည် စီမံကိန်းတခုကို အကောင်အထည် ဖော်ရန် ပူးတွဲသဘောတူညီချက် ရရှိခဲ့ကြသည်။ ယင်းအပန်းဖြေစခန်း စီမံကိန်းမှာ သံတွဲလေဆိပ်နောက်ဖက် မိုင် အနည်း ငယ်အကွာရှိ ဂေါ ကျေးရွာရွာအနီးတွင် တည်ရှိသည်။
ဒေါက်တာ ယန်စ်ယားဟာ့က စီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်း နှင့် ချီ၍ ရင်းနှီးမြှုပ်နှံခဲ့သည်။ စီမံကိန်းတွင် သူက ရှယ်ယာ ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ဂျရတ် ရှုရိုင်ဘာနှင့် ဒေါ်ကလျာမိုး တို့က တဦးလျှင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ပြီး လုပ်ငန်း အကျိုးအမြတ်ကို အချိုးကျ ခွဲဝေယူရန် သဘောတူညီခဲ့ကြသည်။
ဧရာဝတီက ရရှိခဲ့သည့် စာရွက်စာတမ်းများအရ မြန်မာနိုင်ငံသား ဖြစ်သည့် ဒေါ်ကလျာမိုးက မြေပိုင်ရှင်အဖြစ် ဆောင်ရွက်ရန် သဘောတူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံခြားသားများကို မြေပိုင်ဆိုင်ခြင်းမရှိရန် ဥပဒေ အရ တားမြစ်ထား သော ကြောင့် ဖြစ်သည်။ ၂၀၁၂ ခုနှစ်က သူတို့ လင်မယား ဂျာမနီ နိုင်ငံတွင် ကွာရှင်းပြတ်စဲခဲ့ပြီးသည့် နောက် ဒေါ်ကလျာမိုးက သူ၏ အမည်ဖြင့် မှတ်ပုံတင်ထားသော မြန်မာပြည်တွင်း ပိုင်ဆိုင်မှုမှ သူ၏ ရှယ်ယာကို DJE Group သို့ ပြန်လည် ရောင်းချရန် ငြင်းဆန်ခဲ့သည်။
၂၀၁၃ ခုနှစ်က ဦးသိန်းစိန်၏ ဂျာမနီ ခရီးစဉ် အတွင်းတွင် ဂျရတ် ရှုရိုင်ဘာနှင့် ဒေါက်တာ ယန်စ်ယားဟာ့တို့က ငပလီရှိ AOR ပိုင်ဆိုင်မှု အငြင်းပွားမှု နှင့် ပတ်သက်၍ ဦးစိုးသိန်းနှင့် ဦးဝဏ္ဏမောင်လွင် အပါအဝင် ပြည်ထောင်စု ဝန်ကြီး အများ အပြားနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ သုံးဦးစလုံး လက်မှတ်ရေးထိုးထားသည့် စာချုပ်စာတမ်းများကို ပေးအပ်ခဲ့သည်။ အဆိုပါ တွေ့ဆုံမှုသို့ ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီ သံအမတ်ကြီး ဖြစ်သည့် ဝက်ဘာလော့ချ်လည်း တက်ရောက်ခဲ့သည်။ ဂျာမန် ရင်းနှီး မြှုပ်နှံသူများကို ကူညီမည် ဖြစ်ကြောင်း ယခင်သမ္မတ ဦးသိန်းစိန်က ကတိပြုခဲ့သည်။
ဂျရတ် ရှုရိုင်ဘာ ပေးပို့သည့် အီးမေးလ်တွင် “ကျနော်တို့ စာရွက်စာတမ်း အထောက်အထား အားလုံးကို သက်သေအဖြစ် အစိုးရကို တင်ပြနိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ်ကိုလည်း စာရွက်စာတမ်းတွေ ပေးပြီးပါပြီ။ လက်ရှိ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ဒီအမှုကို စုံစမ်းစစ်ဆေးပြီး ဒေါ်ကလျာမိုး အမှားအယွင်း လုပ်ထားတာတွေကို ဖော်ထုတ်ဖို့ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့(စစစ) ကို အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဇန်နဝါရီလတုန်းက ဂျာမနီ သံအမတ်ဟောင်းနဲ့ တွေ့ဆုံခဲ့တဲ့အခါမှာ ပြည်ထဲရေး ဝန်ကြီးက ဒီအမှုကို သမ္မတ ရုံးက တားထားတယ်လို့ ပြောပါတယ်” ဟု ဆိုသည်။
အမှုကို ပြည်ထဲရေးဝန်ကြီး ဌာန နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန တို့က စုံစမ်းစစ်ဆေးနေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက မေလ ၁၀ ရက်နေ့တွင် အတည်ပြုပေးခဲ့သော်လည်း အသေးစိတ် မေးခွန်းများကို ဖြေကြားခြင်း မရှိပါ။
“ဒီအမှုရဲ့နောက်မှာ ဘယ်သူရှိနေသလဲ ဆိုတာ ကျနော်တို့ သေချာ မသိပါဘူး။ ဒါပေမယ့် ကျနော်တို့ သေသေချာချာ သိတာကတော့ ကလျာက ဦးဝင်းထိန်နဲ့ အနီးကပ် ဆက်သွယ်မှု ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက သူ AOR ဟိုတယ်ကို ရက် အနည်းငယ် လာရောက်ခဲ့ပါတယ်” ဟု ဂျရတ် ရှုရိုင်ဘာက အီးမေးလ်တွင် ပြောသည်။
ဦးဝင်းထိန်သည် လက်ရှိ အာဏာရပါတီ NLD ၏ ထင်ရှားသော ထိပ်တန်းခေါင်းဆောင် တယောက် ဖြစ်ပါသည်။ ယင်းကိစ္စနှင့်ပတ်သတ်၍ ဧရာဝတီက မေလ ၁၀ ရက်နေ့တွင် ဆက်သွယ်မေးမြန်းရာ ဦးဝင်းထိန်က “ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ် ဘာမှ မပြောချင်ဘူး” ဟုသာ ဖြေဆိုခဲ့သည်။
ယင်းနေ့တွင် ဒေါ်ကလျာမိုးထံမှ မှတ်ချက် တောင်းခံ၍ မရရှိခဲ့ပါ။
၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းတွင် ဂျရတ် ရှုရိုင်ဘာက ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ထံသို့ စာရေးသားပေးပို့ ခဲ့ပြီး သက်ဆိုင်ရာ စာရွက်စာတမ်းများ ပေးအပ်ခဲ့သည်။ သို့သော်လည်း သင့်တော်သော အဖြေတခု ရရှိရေး ဒေါ်ကလျာမိုးကို ဖျောင်းဖြရန် ဂျရတ် ရှုရိုင်ဘာအား ဦးအောင်နိုင်ဦးက တိုက်တွန်းခဲ့သည်။
ဂျရတ် ရှုရိုင်ဘာက သူနှင့် သူ၏ စီးပွားဖက်ဖြစ်သည့် ဒေါက်တာ ယန်စ်ယားဟာ့တို့က AOR ကို ရင်းနှီးမြှုပ်နှံသူ အသစ်တဦးထံသို့ သင့်တင့်လျောက်ပတ်သော ဈေးနှုန်းဖြင့် ရောင်းချခြင်း သို့မဟုတ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ ကမ်းခြေဟိုတယ် ပါမစ်တစောင် ရယူခြင်းတို့ဖြင့် ပြဿနာကို ဖြေရှင်းလို ကြောင်း အကြောင်းပြန်ခဲ့သည်။ သို့သော် ထိုသို့ဖြစ်လာရန်မှာ ဒေါ်ကလျာမိုးက မြေပိုင်ဆိုင်မှုကို စွန့်လွှတ်ပေးမှသာလျှင် ဖြစ်မည်ဟု ဂျရတ် ရှုရိုင်ဘာက ရှင်းပြသည်။
၂၀၁၇ ခုနှစ် မေလတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက AOR ၏ လုပ်ငန်း လိုင်စင်ကို ပြန်လည် ရုပ်သိမ်းခဲ့သည်။ သို့သော် ၂၀၁၇ ခုနှစ်တွင် ဦးဝင်းထိန် လာရောက်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် တရာသီ ထပ်မံလုပ်ကိုင်ရန် ယာယီ လိုင်စင် ရရှိခဲ့သည်။ ဧပြီလ အတွင်း ရန်ကုန်မြို့ရှိ ဒေါ်ကလျာ၏ နေအိမ်တွင် ဧရာဝတီက တွေ့ဆုံ မေးမြန်းခဲ့စဉ် ဒေါ်ကလျာမိုးက ဦးဝင်းထိန် လာရောက်ခဲ့ခြင်းကို နှုတ်အားဖြင့် ဝန်ခံခဲ့သည်။ သို့သော်လည်း ထိုခရီးစဉ်အတွက် စပွန်ဆာ ပေးခြင်း မဟုတ်ဟု ငြင်းဆန်ခဲ့သည်။ AOR အတွက် ယာယီလိုင်စင်က ဧပြီလ ၃၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးခဲ့သည်။
ဒေါ်ကလျာမိုးသည် ရန်ကုန်တိုင်း တရားရုံးတွင် ၂၀၁၄ ခုနှစ်ကတည်းက ကွာရှင်းခွင့် အတွက် တရားရင်ဆိုင်နေရသည်။ သူ၏ စီးပွားဖက်ဟောင်း DJE group က ဒေါ်ကလျာမိုးကို ရာဇဝတ်ကြောင်း အရ တရားစွဲဆိုရန် မင်္ဂလာဒုံ မြို့မ ရဲစခန်း တွင် ကနဦး အဆင့်အနေဖြင့် တိုင်ကြားမှု ပြုလုပ်ထားသည်။
ဆက်စပ်ဖတ်ရှုရန် – ငပလီရှိ Amara Ocean Resort ပိုင်ရှင်ကို တရားစွဲရန် ဂျာမန် စီးပွားရေးသမားတဦး ကြိုးပမ်း