မြန်မာ့ စီးပွားရေး ရှေ့အလားအလာသည် “အခွင့်ကောင်း favorable” တွင် ရှိနေပြီး၂၀၁၈-၂၀၁၉ ခုနှစ်၌ ဖွံ့ဖြိုးမှုနှုန်း ၆ ဒသမ ၇ ရာခိုင်နှုန်း အထိ တက်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်သော မြန်မာ့ စီးပွားရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်း အစီအရင်ခံစာ ထုတ်ပြန်ပွဲကို မေလ ၁၇ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
စိုက်ပျိုးရေး ကဏ္ဍ ဖြစ်သော ကောက်ပဲသီးနှံ ထုတ်လုပ်မှု အခြေအနေ ကောင်းမွန်လာခြင်း၊ ကုန်ထုတ် လုပ်ငန်းများ အား ကောင်းလာခြင်း နှင့် ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍတို့တွင် တည်ငြိမ်မှုရှိလာခြင်း တို့ကြောင့် ပြည်တွင်း အသားတင် ထုတ် လုပ်မှု တန်ဖိုး (GDP) တိုးတက်လာနိုင်သည် ဟု ကမ္ဘာ့ဘဏ် အစီအရင်ခံစာ၌ ဖော်ပြထားသည်။
မြန်မာ၊ ကမ္ဘောဒီယားနှင့် လာအို နိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ညွှန်ကြားရေးမှူး အယ်လင်ဂိုးလ် စတိန်းက “လက်ရှိ မြန်မာနိုင်ငံ အနေနဲ့ အသွင် ကူးပြောင်းရေးကို ဖြတ်သန်းနေရတဲ့ အခြေအနေမှာ ကောင်းနေတဲ့ စီးပွားရေး အရှိန်အဟုန်ကို ထိန်းထားဖို့ လိုအပ်တယ်” ဟု ပြောသည်။
မြန်မာ့ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၇-၂၀၁၈ ခုနှစ်၌ ၆ ဒသမ ၄ ရာခိုင်နှုန်းသို့ ရောက်ရှိလာသည်။
ထို့အပြင် ငွေကြေး ဖောင်းပွမှုနှုန်းမှာလည်း၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်၌ ၄ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ကမ္ဘာ့ဘဏ် အစီရင်ခံစာ တွင် ခန့်မှန်းထားကြောင်း အယ်လင်ဂိုးလ် စတိန်းက ဆိုသည်။
စီးပွားရေး စွမ်းဆောင်ချက်များ အားကောင်းနေပြီး မက်ခရိုစီးပွားရေး အခြေအနေ အပေါင်းလက္ခဏာ ပြသော်လည်း ပြုပြင်ပြောင်းလဲရေး အရှိန်နှေးကွေးနေခြင်း၊ ဘဏ္ဍာရေးကဏ္ဍ အားနည်းချက်များခြင်းနှင့် ရခိုင်ပြည်မြောက်ပိုင်းအရေး ဖြေရှင်းရာတွင် အကန့်အသတ်ရှိနေခြင်းတို့ကြောင့် စီးပွားရေးတွင် အန္တရာယ် ပိုများလာပြီး စွမ်းဆောင်နိုင်မှု အားပျော့လာနိုင်ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားခရီးသွား ကျဆင်းခြင်းက အစိုးရဝင်ငွေကို ထိခိုက်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းစေနိုင်ကြောင်းလည်း သတိပေးထားသည်။