ကျပ် ၁ ထောင်တန် ထီလက်မှတ်သစ်များကိုလာမည့် စတင်ထုတ်ဝေရန် စီစဉ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဧရာဝတီသို့ ပြောသည်။
အလားအလာကောင်းနေသည့် မြန်မာ့ ထီဈေးကွက် အတွင်းမှတဆင့် နိုင်ငံတော် အတွက် ဘဏ္ဍာငွေများ ပိုမိုရရှိစေရန် အတွက် အသစ်ထုတ်ရန် ဆောင်ရွက်ရခြင်းဖြစ်ပြီး ထုတ်ဝေရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တဆင့် အစိုးရဌာနဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြရန် ပြင်ဆင်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ဦးမင်းထွဋ်က “ကျနော်တို့ က အခု အဆင့်ဆင့် တင်ပြပြီး နှစ်မျိုးရောင်းဖို့ ပြင်ဆင်နေတာပါ။ ငါးရာတန် ထိုးချင်တဲ့သူက ငါးရာတန်ထိုး။ ၁ ထောင်တန် ထိုးချင်တဲ့သူက တထောင်တန်ထိုးပေါ့။ အဲဒီလိုမျိုးပုံစံနဲ့ တင်ပြလို့ သူတို့က သဘောတူမယ်ဆိုရင် ငါးရာတန်ထီရော ၁ ထောင်တန် ထီပါ ၂ မျိုးရောင်းမယ်” ဟု ပြောသည်။
အဆိုပါ ထီလက်မှတ်များကို ထုတ်ဝေနိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တဆင့် အစိုးရဌာနဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြထားချက် ကို အမြန်ဆုံး အကောင်အထည်ဖော် လုပ်ဆောင်နိုင်မည် ဆိုပါက ၂၀၁၈ ခုနှစ် အောက်တိုဘာလထဲတွင် စတင်ရောင်ချနိုင်ဖွယ်ရှိပြီး လုပ်ငန်းစဉ် နှောင့်နှေးပါက ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အထိ ဖြစ်သွားနိုင်သည်ဟု ဆိုသည်။
မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ အရောင်းကိုယ်စားလှယ် တဦးက “အခုကျပ် ၅၀၀ တန်ထီမှာဆုငွေ ကျပ်သိန်း ၁ သောင်းက အများဆုံး ဆိုတော့ အခုကျပ် ၁ ထောင်တန်သာထွက်ရင် ထီဆုကြေးတိုးမှာ ဆိုတော့ လူတွေက စိတ်ဝင်စားမှာပါ။ အခုက ဆုကြေး အသေအချာ မသိသေးတော့ ပြောလို့တော့မရသေးဘူးပေါ့” ဟု ပြောသည်။
ယင်းကဲ့သို့ ကျပ် ၁ ထောင်တန် ထီလက်မှတ်သစ်များကို ထုတ်ဝေရာ၌ လက်လီလက်ကား ရောင်းချပေးနေသော ထီလုပ်ငန်း ကိုယ်စားလှယ်များကိုလည်း ပြင်ပရောင်းဈေးနှင့် နိုင်ငံတော်မှ သတ်မှတ်ထားသည့် နှုန်းထားကွာဟချက် အနည်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမည် ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ရှင်းပြသည်။
ဦးမင်းထွဋ် က “ကျပ် ၁ ထောင်တန်ထုတ်ရင် ထီဆုကြေးလည်း တိုးမှာဖြစ်တယ်။ အရင်လိုပဲ ထီအစောင်ရေ ၈၁၈၁၈ ပါရှိတဲ့ ထီစာအုပ် တအုပ်ချင်းစီရဲ့ ရောင်းရငွေကိုကျပ် ၅ ထောင်နဲ့ မြှောက်ပြီးရလာတဲ့ ငွေကြေးထဲကမှ ၆၀ ရာခိုင်နှုန်းကို ဆုကြေး အဖြစ်ပေးမယ်။ ၄၀ ရာခိုင်နှုန်း ကို နိုင်ငံတော်ကယူတယ်။ အဲဒီလိုပဲအခုကျပ် ၁ ထောင်တန်ထီဆုကြေးကိုလည်း ပေးမှာဖြစ်တယ်” ဟု ပြောသည်။
ထီလက်မှတ် ၁ စောင်လျှင် ၂၀၀ နှုန်းသတ်မှတ်ရောင်းချခဲ့စဉ်က နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် ဘဏ္ဍာနှစ် တနှစ်လျှင် ကျပ် ၄၀ ဘီလီယံ ရရှိခဲ့ပြီး၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ထီ ၁ စောင် ၅၀၀ ကျပ် ပြောင်းလဲ သတ်မှတ်ပြီး ရောင်းချရာ၌ နိုင်ငံတော် ဘဏ္ဍာငွေ ကျပ် ဘီလီယံ ၁၀၀ ရရှိခဲ့ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန စာရင်းများကို ကိုးကား၍ ဦးမင်းထွဋ်က ပြောသည်။
ယခုအစိုးရမှ ရောင်းချနေသောကျပ် ၅၀၀ တန် ထီလက်မှတ်များကို ပြင်ပထီအရောင်းကိုယ်စားလှယ် တချို့က နားလည်မှု ယူ၍ တစောင်လျှင် ကျပ် ၆၀၀မှ ၆၅၀ ကျပ်အထိ ရောင်းချနေမှုများရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အစိုးရက မြန်မာ့ အောင်ဘာလေထီကို ၁၉၃၈ ခုနှစ်မှ စတင်၍ ထီ ၁ စောင်လျှင် ၂ ကျပ် နှုန်းဖြင့် စတင်ရောင်းချခဲ့ရာမှ နောက်ပိုင်း ၁ စောင်လျှင် ကျပ် ၂၀၀ နှင့် ရောင်းချခဲ့ဲပြီး ၂၀၁၇ ခုနှစ်မှစတင်ကာထီ ၁စောင်လျှင် ကျပ် ၅၀၀ နှုန်းနှင့် ရောင်းချလျက်ရှိသည်။
ပြည်တွင်းအခွန်များဦးစီးဌာန အနေနှင့် အွန်လိုင်းထီ အကောင်အထည်ဖော်ရန် အတွက်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ယင်းဦးစီးဌာနမှ သိရသည်။