ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင် ဒုက္ခသည်များ သိန်းနှင့်ချီ ထွက်ပြေးသောကြောင့် ဥရောပနှင့် အမေရိကန် ကုမ္ပဏီများက လက်ရှောင်နေချိန်တွင် ဂျပန်ကုမ္ပဏီများသည် ၎င်းတို့အစိုးရ၏ အကူအညီဖြင့် မြန်မာနိုင်ငံတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေကြသည်။
ဂျပန်လုပ်ငန်းများသည် ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လအထိ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁.၄၇ ဘီလျံ မြှုပ်နှံရန် ခွင့်ပြုချက်ရပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ အဆိုအရ သိရသည်။ ထိုပမာဏတွင် ပြည်ပ လုပ်ငန်းခွဲများမှ ရင်းနှီးမြှုပ်နှံသော ငွေများလည်းပါဝင်ပြီး ယခုနှစ် အတွက် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသော နိုင်ငံများအနက် တနိုင်ငံ ဖြစ်လာစေသည်။ ဂျပန်နိုင်ငံ၏ အမြင့်မားဆုံး ရင်းနှီးမြှုပ်နှံမှု စံချိန်မှာ ယခင် ၂၀၁၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၁. ၀၂ ဘီလျံဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁.၃၉ ဘီလျံ မြှုပ်နှံသော်လည်း ပြည်ပလမ်းကြောင်းမှ သွယ်ဝိုက်ရင်းနှီးမြှုပ်နှံမှုတွင် ဂျပန်ထက် လျော့နည်းနေသည်ဟု DICA သတင်းရင်းမြစ်များက ဆိုသည်။
ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ထက်ဝက်သည် အိမ်ခြံမြေ ကဏ္ဍတွင်ဖြစ်သည်။
ဖူဂျီတာ Fujita နှင့် တိုကျိုတာတီမိုနို Tokyo Tatemono တို့သည် ပြည်တွင်းကုမ္ပဏီတခုနှင့် ပူးပေါင်းပြီး ခရီးသွားလုပ်ငန်း အချက်အခြာ ကျသည့် ရွှေတိဂုံဘုရားလမ်းနှင့် ဦးဝိစာရလမ်းအကြား ယခင် ဂျူဗလီဟောနှင့် စစ်သမိုင်းပြတိုက် တည်ရှိခဲ့ရာ စတုရန်းမီတာ ၁၆၀၀၀ ကျယ်သော စီးပွားရေးလုပ်ငန်း အဆောက်အအုံ တည်ဆောက်ရန် လုပ်ကိုင်နေသည်။ အစိုးရ ကျောထောက်နောက်ခံပြု သယ်ယူပို့ဆောင်ရေးနှင့် မြို့ပြ ဖွံ့ဖြိုးရေး ဆိုင်ရာ ဂျပန် ပြည်ပ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (Japan Overseas Infrastructure Investment Corp. for Transport & Urban Development) သည်လည်း ထိုစီမံကိန်းတွင် ရှယ်ယာပါဝင်သည်။
မြန်မာအစိုးရနှင့် လုပ်ကိုင်မည့် ရန်ကင်းလမ်းနှင့် ဆရာစံလမ်း အကြား တခြားစီမံကိန်းတခုတွင် ပါဝင်ဆောင်ရွက်ရန် ကာဂျီးမား Kajima ကိုလည်း ဂျပန်နိုင်ငံ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ဖွဲ့စည်းပေးထားသော Japan Conference on Overseas Development of Eco-Cities က ရွေးချယ်ထားသည်။ အထက်ပါ စီမံကိန်း နှစ်ခုတို့သည် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်စီ တန်ဖိုးရှိသည်။
လူဦရေ သန်း ၅၀ ခန့်ရှိသော မြန်မာနိုင်ငံသို့ ထိုဖောက်ရန် စိတ်အားထက်သန်သည့် ဂျပန် ကုမ္ပဏီ အများအပြားလည်း ရှိနေသည်။ တခြား ဂျပန်ကုမ္ပဏီ အများအပြားတို့သည် သွင်းကုန်အချက်အခြာ နေရာများ ဆောက်လုပ်ခြင်းနှင့် ပြည်တွင်းထုတ်ကုန် တိုးတက်ရေးတို့အတွက် လုပ်ကိုင်နေကြပြီး အထူးသဖြင့် ဂျပန်နှင့် မြန်မာ ပူးပေါင်း ဆောင်ရွက်နေသော ရန်ကုန်မြို့အနီးရှိ သီလဝါ အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်နေကြသည်။
ဂျီအက်စ်ယွာဆာ GS Yuasa သည် ထိုင်းနိုင်ငံ၏ လုပ်ငန်းခွဲတခုမှတဆင့် သီလဝါတွင် အိမ်နှင့် ကားဘက်ထရီ များအတွက် သွင်းကုန် အချက်အခြာနေရာ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ သုံးရန် မျှော်မှန်းထားသည်။ JFE Holdings သံမဏိလုပ်ငန်းသည် သံမဏိရည်စိမ် စက်ရုံတခုတည်ဆောက်နေပြီး အရည်အသွေးမြင့် သံမဏိ ပြားများ ထုတ်လုပ်ရန်စီစဉ်နေသည်။ ဖူမာကီလာ Fumakilla သည် ၎င်း၏ ပိုးသတ်ဆေးဘူးများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်ရန်အတွက် စက်ရုံတခု တည်ဆောက်နေသည်။
လွန်ခဲ့သော နှစ်က သီလဝါတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ အထိရှိပြီး ဂျပန် လုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၂၃၉ သန်းဖိုး ပါဝင်သည်။ ဂျပန်နိုင်ငံ၏ ODA တရားဝင် ဖွံဖြိုးတိုးတက်ရေး အကူအညီဖြင့် တည်ဆောက်ခဲ့သော ဓာတ်အားပေးစက်ရုံခွဲကို ဖေဖောဝါရီလက စတင်လည်ပတ်ခဲ့ပြီး ဓာတ်အားပြတ်တောက်မည့် အန္တရာယ်ကို အကြီးအကျယ် လျှော့ချပေးနိုင်ခဲ့သည်။ လမ်းနှင့်အခြားသော အခြေခံအဆောက်အအုံ များကိုလည်း တည်ဆောက်နေပြီဖြစ်သည်။
သို့သော် ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆.၁၁ ဘီလီယံ ရရှိပြီး ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ နှစ်နှစ်ဆက်တိုက် ကျဆင်းခဲ့သည်။ ကမ္ဘာတွင် မြန်မာနိုင်ငံ၏ ဂုဏ်သတင်းမှာ မကောင်းလှပါ။
အမေရိကန်နှင့် ဥရောပ ကုမ္ပဏီများတို့ကမူ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်ဆလင် ဒုက္ခသည် အကျပ်အတည်းကြောင့် ပူပန်မှုများ ဖြစ်နေသည်။ လူသုံးကုန် ပစ္စည်းထုတ်လုပ်သော လုပ်ငန်းများသည် အငြင်းပွားမှုများကို ရှောင်ရှားလိုကြသည်။
ဥရောပလုပ်ငန်းများသည် လူသားချင်း စာနာမှု ပြဿနာများနှင့် ပတ်သက်လျှင် စိုးရိမ်မှုမြင့်မားကြသည်ဟု မြန်မာနိုင်ငံရှိ ဥရောပကုန်သည်ကြီးများ အသင်းမှ အမှုဆောင်ဒါရိုက်တာ ဖိလစ် လော်ဝရီဆင်က ပြောသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်ဆလင် ရိုဟင်ဂျာများကို စစ်ဖက်က ညှဉ်းပမ်းနှိပ်စက်မှုများအပေါ် နိုင်ငံတကာ အသိုင်းအဝန်းက လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် ရှုတ်ချကြသည်။
ကိုးကား။ ။ Nikkei Asian Review