လွန်ခဲ့သော လေးငါးနှစ်က အကယ်၍ သင်သည်သာ မြန်မာနိုင်ငံ ဈေးကွက်သို့ ရှေ့ဦးဝင်ရောက်လာသော နိုင်ငံခြား ကုမ္ပဏီကြီး တခုမှ အမှုဆောင်တယောက် ဖြစ်နေခဲ့လျှင် ရန်ကုန်မြို့လယ်၌ ရုံးခန်းတခု ဖွင့်လှစ်ရန် နေရာတခုသာ ရှိခဲ့ပါ သည်။ ဆာကူရာတာဝါ Sakura Tower ဖြစ်ပါသည်။
တချိန်က အပယ်ခ ံစစ်အစိုးရ အပေါ် ချမှတ်ထားသည့် အနောက်တိုင်းမှ စီးပွားရေး ပိတ်ဆို့ အရေးယူမှု အများစုကို ပယ်ဖျက်စေခဲ့ပြီး တိုင်းပြည်၏ အလားအလာနှင့်ပတ်သက်၍ အကောင်းမြင်မှုများ ပေါ်ပေါက်စေခဲ့သော ထိုစဉ်က သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနောက်ပိုင်း ၂၀၁၃-၁၄ ခုနှစ်များ မှ သွေးကြွနေသော ကာလတွင် Sakura Tower မှ ငှားရမ်းခများက နယူးယောက်မှ မန်ဟက်တန် Manhattan နှင့် အဆင့်တူ ရှိနေခဲ့သည်။
“Sakura Tower ကဈေးနှုန်းတွေက ၁ စတုရန်းမီတာကို အမေရိကန်ဒေါ်လာ ၁၁၀ လောက်အထိ ဖြစ်ခဲ့ပါတယ်” ဟု Colliers International/Myanmar ၏ မန်နေးဂျင်း ဒါရိုက်တာ Dan Davies ကပြောသည်။ ယခုအခါ Sakura Tower မှ အငှားဈေးနှုန်းက ၁ စတုရန်းမီတာ လျှင် ၃၅ ဒေါ်လာခန့် အထိ ကျဆင်းသွားခဲ့သည်။
ပြီးခဲ့သည့် ၂ နှစ် အတွင်း ရန်ကုန်မှ ရုံးခန်းငှားရမ်းခ ပျမ်းမျှနှုန်းထားများ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်အထိ သိသိသာ သာ လျော့ကျသွားရခြင်းတွင် Collier ၏ ခန့်မှန်းတွက်ချက်မှုအရ အကြောင်းရင်းများစွာ ရှိနေသည်။ အကြောင်းအားလုံးမှာ ပြီးခဲ့သည့် နှစ် သြဂုတ်မှ စက်တင်ဘာလများ အတွင်းတွင် တပ်မတော်၏ ပြင်းထန်သော တိုက်ခိုက်ဖြိုခွဲမှုကြောင့် ရိုဟင်ဂျာ မွတ်ဆလင် ၇၀၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးရခြင်းနှင့် မြန်မာနိုင်ငံက ယခင်က အပယ်ခံအနေအထားအချို့ ပြန်ရသွားခြင်းတို့ကြောင့် ဖြစ်သည်ဟု မှတ်ယူ၍ မရနိုင်ပါ။
“အဲဒါက ပျက်ကျတာ Crashing လို့ ကျနော်တို့ မပြောချင်ပါဘူး။ အမှားပြင်ဆင်ခြင်း Correction ပါ” ဟု Dan Davies က ငှားရမ်းခများ လွတ်လွတ်လပ်လပ် ကျဆင်းသွား ခြင်းနှင့် ပတ်သက်၍ ပြောသည်။ တနည်းဆိုရသော် မြို့တော်နှင့် နိုင်ငံတလွှားတွင် မြေဈေးများ ကျဆင်းသွားခြင်း၏ ကူးစက်သက်ရောက်မှု တခု ဖြစ်သည်။
အမှားပြင်ဆင်ခြင်း၏ တစိတ်တပိုင်းမှာ ရောင်းလိုအားနှင့် ဝယ်လိုအားကြောင့် ဖြစ်သည်။ ၂၀၁၃/၁၄ တွင် ရန်ကုန်၌ ရုံး ခန်းအဖြစ် ငှားရမ်း အသုံးပြုနိုင်သည့် နေရာ စတုရန်းမီတာ ၈၀၀၀၀ ခန့်သာ ရှိခဲ့သည်။ ယခုအခါ Junction City နှင့် Sule Square အပါအဝင် ရုံးခန်း အဆောက်အဦးသစ် အများအပြားက ပြီးခဲ့သည့် နှစ်အတွင်း မြို့လယ်တွင် ဖွင့်လှစ်ခဲ့ခြင်းနှင့် အတူ ငှားရမ်းနိုင်သော နေရာက စတုရန်းမီတာ ၄၀၀၀၀၀ အထိ ဖြစ်လာခဲ့သည်။
ယခင် စစ်အစိုးရနှင့် ဆက်နွယ်မှုရှိသော (ယခုအခါ တိုင်ကွန်းများဟု သက်သက်ညှာညှာ ရည်ညွှန်းခံရသူ) အရင်းရှင် ခရိုနီများက သူတို့၏ ငွေကြေးများကို တရားဝင်သည့် သေချာသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်သော မြို့တော်၏ ပိုင်ဆိုင်မှု ဈေးကွက်တွင် မြှုပ်နှံခဲ့ကြခြင်းနှင့် အတူ မြေဈေးများ (အထူးသဖြင့် ရန်ကုန်တွင်) လွန်ခဲ့သော နှစ်အနည်းငယ်က စိတ်ပျက် လောက်စရာ မြင့်တက်နေခဲ့သည်။
“အခု အိမ်ခြံမြေ ဈေးနှုန်းတွေက ၃၅ ရာခိုင်နှုန်းလောက်ကျသွားခဲ့တယ်” ဟု မြန်မာနိုင်ငံ၏ ထင်ရှားသော အိမ်ခြံမြေ တိုင်ကွန်းများထဲတွင် တဦးအပါအဝင် ဖြစ်သည့် ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေက ပြောသည်။ သူက ရန်ကုန်၏ ပထမဆုံးသော အိမ်ယာ စီမံကိန်းတခု ဖြစ်သည့် Mingalardon Garden City complex နှင့် ဟိုတယ်နှင့် ဘက်စုံသုံး အဆောက် အဦး စီမံကိန်း အများအပြားတွင် ရင်းနှီးမြှုပ်နှံထားသည်။
“စီးပွားရေးအပေါ် မူတည်ပါတယ်။ စီးပွားရေးတက်နေတယ် ဆိုရင် အိမ်ခြံမြေ ဈေးနှုန်းတွေလည်း တက်မယ်။ စီးပွားရေး ကျဆင်းမယ်ဆိုရင် အိမ်ခြံမြေ ဈေးနှုန်းတွေ ကျသွားမယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ မြန်မာပြည်သူတွေက ပိုက်ဆံများများ မရှိဘူး။ အိမ်ခြံမြေ ဝယ်ဖို့ မတတ်နိုင်ကြဘူး” ဟု ဦးခင်ရွှေက ပြောသည်။
၂၀၁၁ မှ ၂၀၁၄ အတွင်း အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) နှင့် ရုံးခန်း နှင့် အိမ်ခန်းများအတွက် ငွေကြေး အမြောက်အများပေးနိုင်သည့် ကျောထောက်နောက်ခံကောင်းသော နိုင်ငံခြား စီးပွားရေး အမှုဆောင်များ အမြောက်အများ ဝင်ရောက်လာလိမ့်မည်ဟု ယူဆခန့်မှန်းခဲ့သည့် အပေါ်တွင် အများဆုံး မူတည်နေပါ သည်။
သို့သော်လည်း ပြီးခဲ့သည့် ၂ နှစ် အတွင်းတွင် FDI ခွင့်ပြုခြင်းက နှေးကွေးခဲ့ပြီး မတ်လ ၃၁ ရက်တွင် ပြီးဆုံးသည့် ၂၀၁၅/၁၆ ဘဏ္ဍာရေး နှစ်တွင် အမေရိကန်ဒေါ်လာ ၉.၅ ဘီလီယံ ရှိရာမှ ၂၀၁၇/၁၈ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၇ ဘီလီ ယံသို့ ကျဆင်းသွားခဲ့သည်။ ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခြင်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦး စီးဌာန(DICA) မှ ရရှိသည့် အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာရေး နှစ် အတွင်းတွင် ခွင့်ပြုပေးခဲ့သော FDI ဒေါ်လာ ၄.၆ ဘီလီယံခန့်သည် မြန်မာနိုင်ငံ၏ အစဉ်အလာ အရ အဓိက ရင်းနှီးမြှုပ်နှံသူများ ဖြစ်သည့် တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ စင်ကာပူ၊ တောင်ကိုရီးယား နှင့် ထိုင်းနိုင်ငံများ မှ ဖြစ်ကြသည်။
“အခု အမေရိကန်နဲ့ ဥရောပ သမဂ္ဂက မလာဘူး။ သူတို့က စောင့်ကြည့်နေကြတယ်” ဟု ဦးခင်ရွှေက ပြောသည်။ ကုလ သမဂ္ဂနှင့် အခြားနေရာများတွင် လူမျိုးဖြုတ် ရှင်းလင်းခြင်း၊ လူမျိုးတုန်းသတ်ဖြတ်ခြင်း ဟု ပြောဆိုမှုများ ပေါ်ထွက်စေသည့် ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာ ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းတွင် သူတို့က ထပ်၍ စောင့်ကြည့်နေကြဖွယ်ရာ ရှိပါသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သူ၏ NLD အစိုးရ ဦးဆောင်မှုအောက်တွင် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုကလည်း နှေးကွေးသွားခဲ့သည်။ GDP တိုးတက်နှုန်းက ၂၀၁၆/၁၇ ဘဏ္ဍာရေး နှစ်တွင် ၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ပြီးခဲ့ သည့် ဘဏ္ဍာရေး နှစ်တွင် ၅.၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်ဟု ကမ္ဘာ့ဘဏ်၏ ခန့်မှန်းမှုအရ သိရသည်။
NLD အစိုးရက ချိုးခြံချွေတာသည့် (ရငွေ သုံးငွေ ကွာခြားမှု နည်းပါးအောင် ပြုလုပ်ခြင်း) မူဝါဒ တခုကို ရွေးချယ်ခဲ့သည်။ ယခင်စစ်အစိုးရများ လက်ထက်က ကျင့်သုံးခဲ့ပြီး ငွေကြေး ဖောင်းပွမှုကို ဖြစ်စေသည့် အလေ့အထ တခုဖြစ်သော ဘတ်ဂျက်ကို ဖြည့်တင်းရန် ငွေစက္ကူများ ရိုက်နှိပ်ခြင်းကို ထိန်းချုပ်ခဲ့သည်။ ထိန်းချုပ်မှုကြောင့် ကျပ်ငွေတန်ဖိုးက ပြီးခဲ့သည့်လများအတွင်းတွင် အတော်လေးတည်ငြိမ်မှု ရှိခဲ့ပြီး ငွေကြေးဖောင်းပွနှုန်းကိုလည်း စီမံခန့်ခွဲနိုင်လောက်သည့် နှုန်း တခု( ၄ ရာခိုင်နှုန်း နှင့် ၅ ရာခိုင်နှုန်းအတွင်း) သို့ လျှော့ချနိုင်ခဲ့သည်။ သို့သော်လည်း တိုးတက်မှုနှင့် အလုပ်အကိုင် နေရာ ဖန်တီးမှုက နှေးကွေးသွားခဲ့သည်။
NLD အစိုးရ၏ သက်တမ်း အစပိုင်းတွင် ရန်ကုန်မှ ဆောက်လုပ်ရေး စီမံကိန်း အများအပြားကို ၎င်းတို့၏ သဘာဝပတ်ဝန်း ကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်မှုများဖြင့် ရွေးကောက်ခံ အစိုးရသစ်က ဆိုင်းငံ့မှုများ ပြု လုပ်ခဲ့သည်။
ရောင်းလိုအား များလာနေခြင်းနှင့် အထပ်မြင့် နေရာများအပေါ် ဝယ်လိုအား ကျဆင်းနေခြင်းတို့အရ ထိုသို့ တားမြစ်ခြင်းက ကောင်းသည့် အရာတခု ဖြစ်ကောင်းဖြစ်ခဲ့နိုင်ပါသည်။
စီးပွားရေးနှေးကွေးနေသော်လည်း Sule Square နှင့် Junction City တို့ကဲ့သို့သော မြို့လယ်ရုံးခန်း အဆောက်အဦးသစ် များတွင် အငှားသွက်ခဲ့သည်။ သို့သော်လည်း ပိုမိုသစ်လွင်တောက်ပသည့် နေရာကို ရှာဖွေကြသည့် ဖောက်သည်ဟောင်း များကြောင့် ဖြစ်ဖွယ်ရာ ရှိပါသည်။
“ကျနော် သတင်းပေးနိုင်တာကတော့ ဖောက်သည် အသစ် အလွန်နည်းပါတယ် ဆိုတာပါပဲ” ဟု ရန်ကုန်မြို့မှ အဆောက် အဦး ၂၅ ခုအတွက် ငှားရမ်းမှုများကို ကိုင်တွယ်ပေးနေသော Colliers မှ Dan Davies က ပြောသည်။ “ဒီနှစ် အိမ်ခြံမြေဈေးကွက်ကို ပံ့ပိုးနေသူတွေက ဒီမှာ ရောက်နေပြီးသား လူတွေပါပဲ။ ပြီးခဲ့တဲ့ နှစ်မှာ တွေ့ခဲ့ရတာက လူအတော်များများက အိမ်ဟောင်းတွေကနေ ရုံးအသစ်တွေဆီကို ပြောင်းရွှေ့ကြတာပါပဲ။ ကျနော်တို့ကတော့ အရည်အသွေးဆီသို့ ပျံသန်းခြင်းလို့ ခေါ်ပါတယ်။ အဲဒါက တကယ့် မြို့လယ်တခုကို ဖန်တီးနေပါတယ်။”
လွန်ခဲ့သော နှစ် အနည်းငယ်က မြို့တော် စီမံကိန်းဆွဲသူများနှင့် အမွေအနှစ် ထိန်းသိမ်းလိုသူများကြားတွင် ရန်ကုန်၏ ဗဟို စီးပွားရေး အချက်အချာနေရာ (Central Business District – CBD) ကို ရန်ကုန်၏ သမိုင်းဝင်မြို့လယ် (ဆူးလေဘုရားလမ်း နှင့် ဗိုလ်ချုပ် အောင်ဆန်းလမ်း ဝန်းကျင်) တွင် ပေါ်ထွက်လာရန် ခွင့်ပြုသင့်/မသင့်နှင့် သို့မဟုတ် မြောက်ပိုင်း ဆင်ခြေဖုံး (ဥပမာ အား ဖြင့် ဗီယက်နမ် က တည်ဆောက်သည့် HAGL office complex နှင့် Melia ဟိုတယ်တို့ တည်ရှိရာ ကမ္ဘာအေး ဘုရားလမ်း တလျှောက်) သို့ ပြောင်းရွှေ့ရန် သင့်/မသင့် ကို အရေးတကြီး အချေအတင် ငြင်းခုံမှုများ ရှိခဲ့သည်။
“စီးပွားရေး အတွက် အချက်အချာနေရာက ဘယ်နေရာ ဖြစ်လာလိမ့်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ဈေးကွက်တွင်းမှာ မရေရာ မှု တွေ အများကြီးနဲ့ ကွဲလွဲမှု အရိပ်အယောင်တွေ အများကြီးရှိခဲ့ပါတယ်။ အဲဒါက နောက်ဆုံးမှာတော့ ဆုံးဖြတ် ချက် တချို့ ပြုလုပ်ခဲ့ခြင်းနဲ့ အတူ ပြီးခဲ့တဲ့ နှစ် အတွင်းမှာ အထိုင် ကျသွားတဲ့ အသွင်ရှိပါတယ်” ဟု နာမည်ကျော် စီးပွားရေး လုပ်ငန်း ရှင် ဦးသိမ်းဝေ ခေါ် Mr. Serge Pun ပိုင်ဆိုင်သည့် Yoma Strategic Holding Ltd ၏ လုပ်ငန်းခွဲ တခုဖြစ်သော Meeyatha Development Ltd ၏ အထွေထွေမန်နေဂျာ Stephen Purvis ကပြောသည်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC) က ကာလကြာရှည် ဆိုင်းငံ့ နေခဲ့သည့် Yoma ၏ ဘက်စုံ စီမံကိန်းတခုကို ရှေ့ဆက်ဆောင်ရွက်ခွင့် ပြုလိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်း လမ်း တွင် တည်ရှိသည့် အဆိုပါစီမံကိန်းတွင် မြန်မာ့မီးရထား ရုံးချုပ် အဆောက်အဦးဟောင်းကို အခန်း ၈၈ ခန်းပါ Peninsula Yangon အဖြစ်ပြောင်းလဲခြင်း၊ အထပ်မြင့်ရုံးခန်း အဆောက်အဦး ၂ ခု (ဈေးကွက်တွင်းသို့ နောက်ထပ် ၈၄၀၀၀ စတု ရန်း မီတာ ဝင်ရောက်လာမည်ဖြစ်သည်)၊ ရှော့ပင်းမော ၁ခု နှင့် Peninsula Residences အထပ်မြင့် လူနေ အဆောက်အဦး ၁ ခု တို့ ပါဝင်သည်။
၁၀ ဧက ကျယ်ဝန်းသည့် စီမံကိန်းတွင် Mitsubishi Corp က ၃၀ ရာခိုင်နှုန်း၊ Yoma Strategic Holdings က ၄၈ ရာခိုင် နှုန်း နှင့် FMI က ၁၂ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် Yoma Central Complex နှင့် Peninsula Group က ၇၀ ရာခိုင်နှုန်း နှင့် Yoma က ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် Peninsula Yangon ဟိုတယ် အပါအဝင် သီးခြား ဖက်စပ် လုပ်ငန်း ၂ ခုဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသည်။
၂၀၂၀ တွင် အပြီးသတ်ရန် မျှော်မှန်းထားသည့် ဧရာမ တည်ဆောက်ရေး နေရာတခုဖြစ်သည့် (Yoma Central ၏ တဖက်) ရန်ကုန် ဘူတာကြီး ဝန်းကျင် ဖွံ့ဖြိုးလာရေးကို ရည်ရွယ်ထားသည့် နောက်ထပ် အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်းတခု ရှိ နေသည်။
ဖေဖော်ဝါရီလအတွင်းတွင် အစိုးရက မြန်မာနိုင်ငံမှ Mottama Holdings နှင့် စင်ကာပူနိုင်ငံမှ Oxley Holdings တို့ ပါဝင်သည့် ကုမ္ပဏီ အုပ်စုတခု ကို ၆၂ ဧက ကျယ်ဝန်းသည့် နေရာကို နောက်ထပ် မျိုးစုံအသုံးပြုနိုင်သည့် နေရာတခု (mixed-use complex) အဖြစ်သို့ ပြောင်း လဲရေး အတွက် ရွေးချယ်ခဲ့သည်။ ရန်ကုန် ဘူတာကြီး အဆောက်အဦးကို ထိန်းသိမ်းစောင့်ရှောက်ရေး တင်းကြပ်သော စည်းကမ်းများနှင့် အညီ ဆောင်ရွက်ရမည် ဖြစ်သည်။
သမိုင်းအမွေအနှစ် အဆောက်အဦးများ (မီးရထားရုံးချုပ်နှင့် ရန်ကုန်ဘူတာကြီး) တို့၏ ဝန်းကျင်တွင် စီမံကိန်း ၂ ခုကို တည်ဆောက်ရန် ရှိနေခြင်းက မြို့လယ်ရှိ ကိုလိုနီခေတ် အဆောက်အဦးများ၏ ပသာဒကို ထိန်းသိမ်းရင်း ၎င်းတို့ကို ရန်ကုန်၏ ဗဟို စီးပွားရေးခရိုင်တွင် ပါဝင်ခွင့်ပေးရခြင်းတွင် မြို့တော် စီမံကိန်းရေးဆွဲသူများ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများကို ဖော်ပြနေသည်။
“လူတိုင်းမှာ ရှိတဲ့ စိန်ခေါ်မှုကတော့ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းရင်း ဗဟိုစီးပွားရေး အချက်အချာနေရာရဲ့ တောင်းဆိုမှုတွေကို ဟန်ချက်ညီမျှအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ဖြစ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု Stephen Purvis က ပြောသည်။ အနာဂတ်တွင် နောက်ထပ်စိန်ခေါ်မှုတခုက ရုံးခန်းသစ်များ အားလုံးပြည့်အောင် အိမ်ငှားသစ်များ ရှာဖွေရေးပင်။
( Asia Times တွင်ဖော်ပြထားသော Peter Janssen ၏ Myanmar property falls back to earth ကို ဘာသာပြန်ဆိုသည်)