အခွန်စံနှုန်းပြည့်မီစွာကောက်ခံနိုင်ရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နမိတ်အတွင်းရှိ နေအိမ် စာရင်းများကို ပြန်လည်ကောက်ယူနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင် က ပြောသည်။
ထိုသို့ စာရင်းကောက်ယူရာတွင် စာရင်း၌ရှိသည့် ထရံကာ၊ သွပ်မိုးများအစား မြေပြင်၌ နံကပ်၊ RC ၂ ထပ်၊ ၃ ထပ်ဖြစ်နေမှုများ အများဆုံးတွေ့နေရကြောင်း၊ အဆိုပါ စာရင်းများကို မီနီဘတ်ဂျက် ၆ လတာ ကာလအတွင်း အပြီးကောက်ခံသွားမည်ဟု သိရသည်။
“အများဆုံးတွေ့နေရတာက စာရင်းမှာက ထရံကာကနေ လက်ရှိမြေပြင်မှာတော့ နံကပ်၊ RC ၂ ထပ်၊ ၃ ထပ်ဖြစ်နေတာမျိုး တွေက များပါတယ်၊ အဆောက်အအုံတွေအနေနဲ့ သူ့အမျိုးအစားနဲ့သူ သတ်မှတ်နှုန်းထားတွေ ရှိပါတယ်၊ အဲဒီမှာ မြေပြင် မှာ ကောက်ခံနေတွေက ထရံကာဈေးနှုန်းတွေ ဖြစ်နေတဲ့အတွက် မြေပြင်မှာရှိနေတဲ့ အဆောက်အအုံအတိုင်း အခွန်ဆောင် လာအောင် တည့်မတ်ပေးခြင်းသာ ဖြစ်ပါတယ်”ဟု ဦးကျော်ဇောအောင်က ပြောသည်။
၎င်းက “ဟိုတယ်တွေကို အရင်ဆုံး လိုက်လံစစ်ဆေးပေးနေပါတယ်၊ ပြီးစီးတော့မှာ ဖြစ်ပါတယ်၊ ဈေးနှုန်းမကိုက်တဲ့ ဟိုတယ်တွေကို စစ်ဆေးနေပြီ၊ ဟိုတယ်တွေပြီးရင် အိမ်ခွန်ဈေးနှုန်း မကိုက်တာတွေကို ဆက်လက်လုပ်ကိုင်သွားမယ်၊ ပုံသေသတ်မှတ်ချက် ကတော့ လမ်ကျဉ်း၊ လမ်းကျယ်၊ လမ်းသွယ်၊ လမ်းမကြီးဆိုပြီး သတ်မှတ်ထားပါတယ်၊ အဲဒီလိုလုပ်ဆောင်တဲ့အတွက် မြို့နေပြည်သူလူထုကလည်း လက်ခံလိုက်နာကြပါတယ်”ဟု ဦးကျော်ဇောအောင်က ဆက်လက်ပြောသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နမိတ်အတွင်းရှိ နေအိမ်အများစုမှာ ယခုအခါ ပြောင်းလဲ ဆောက်လုပ် ထားကြပြီး အခွန်ပေးဆောင်ရာတွင် ယခင်ပြောင်းလဲဆောက်လုပ်ခြင်း မပြုမီက နှုန်းထားများဖြင့်သာ ပေးဆောင်နေကြသည့်အတွက် အခွန်များဆုံးရှုံးမှု ရှိနေသဖြင့် အခွန်စံနှုန်းပြည့်မီစွာကောက်ခံနိုင်ရေးအတွက် လုပ်ဆောင်ခြင်းဟု သိရသည်။
“မြို့ရဲ့အနေအထားနဲ့ ကြည့်မယ်ဆိုရင်တော့ အများကြီးကွဲလွဲမှုမရှိပါဘူး၊ ဒါပေမယ့် ထောင်ဂဏန်းလောက်တော့ရှိပါတယ်၊ အခွန်တိုးမြှင့်ကောက်တာမျိုး မဟုတ်ပါဘူး၊ အဆောက်အအုံအလိုက် သတ်မှတ်ထားတဲ့ အခွန်နှုန်းထားများအတိုင်း ကောက်ခံနိုင်ဖို့ အတွက်လုပ်တာပါ၊ အဲဒီလို စစ်ဆေးတွေ့ရှိခဲ့ရင် အရေးယူမှုအနေနဲ့တော့ လုပ်ဆောင်တာမျိုးမရှိပါဘူး၊ မြေပြင်မှာရှိနေတဲ့အတိုင်း သတ်မှတ်အခွန်ပေးဆောင်ဖို့ကိုသာ ရှင်းပြပြီး စည်းရုံးပြောဆိုပါတယ်”ဟု ကော်မတီဝင် ဦးကျော်ဇောအောင်က ဆက်လက် ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် စည်ပင်နယ်နမိတ်အတွင်းရှိ နေအိမ်များ အခွန်ကောက်ခံရာတွင် ခြောက်လလျှင် တကြိမ် ကောက်ခံနေခြင်း ဖြစ်ရာ နေအိမ်အချို့သည် ပြင်ဆင်၊ အသစ်တည်ဆောက်ခြင်းများကို ခွင့်ပြုချက်မယူဘဲ ပြုလုပ်နေကြကြောင်း သိရသည်။
အဆောက်အအုံများပြောင်းလဲဆောက်လုပ်ရာတွင် ခွင့်ပြုချက်ယူ၍ ဆောက်လုပ်ရမည်ဖြစ်သော်လည်း မိမိသေဘောဆန္ဒဖြင့် လုပ်ဆောင်ခြင်း၊ မူလပိုင်ရှင်ထံမှတဆင့် ပြန်လည်ဝယ်ယူ၍ အိမ်များကို ပြောင်းလဲဆောက်လုပ်ကြသော်လည်း အမည်ပေါက်ပြောင်းလဲခြင်း မပြုလုပ်ကြသည့်အတွက်ကြောင့်လည်း အခွန်များ အလိုအလျောက် ဆုံးရှုံးလျက်ရှိသည်။
“လောလောဆယ်အခြေအနေက သက်ဆိုင်ရာမြို့နယ် တာဝန်ခံများဆီကနေ စာရင်းရှိနဲ့ မြေမြင် ကိုက်ညီမှု မရှိတာတွေကို ကောက်နေပါပြီ၊ သတ်မှတ်ထားတဲ့ အခွန်စံနှုန်းအတိုင်း ကောက်ခံနိုင်ဖို့အတွက်က မြေပြင်နေအိမ်စာရင်းအမှန် ရဖို့လိုပါတယ်၊ ဒါကြောင့် အမြန်ဆုံးပြီးစီးအောင် ကောက်ခံသွားမှာပါ၊ မန္တလေးမြို့တော်ကြီး သာယာလှပဖို့ အတွက်ဆိုရင် အားလုံးက ဝိုင်းဝန်းမှသာ ဖြစ်လာမှာပါ”ဟု ဦးကျော်ဇောအောင်က ဆက်လက်ပြောသည်။
စည်ပင်သာယာရေးကော်မတီ နယ်နမိတ်အတွင်းရှိ နေအိမ်များအား အိမ်ခွန် ကောက်ခံခြင်းကို မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ၊ အခွန်ဌာနမှ ကောက်ခံခြင်းဖြစ်ပြီး အဆိုပါအခွန်များကိုကောက်ခံရသည့် ဝန်ထမ်း အားနည်းခြင်း နှင့်အတူ စည်းကြပ်မှု အားနည်းခြင်းများကြောင့်လည်း ပြောင်းလဲဆောက်လုပ်ထားသည့်အတိုင်း အခွန်ပေးဆောင်မှု အလွန်နည်းပါးကြကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက နေအိမ်များကို နံကပ်အိမ်၊ အာရ်စီတိုက်စသည်ဖြင့် အမျိုးအစားအလိုက်၊ လမ်းကျဉ်း၊ လမ်းကျယ်၊ လမ်းမကြီးစသည်ဖြင့် နေရာအလိုက်အခွန်နှုန်ထားများကို သတ်မှတ်ထားပြီး စည်ပင်သာယာရေး ကော်မတီ နယ်နမိတ်အတွင်းရှိ မြို့နယ်ခြောက်ခုအတွင်း၌ နံကပ်အိမ်မှ အာရ်စီတိုက်များအဖြစ်သို့ ပြောင်းလဲဆောက် လုပ်ထားသော်လည်း စည်ပင်သို့အခွန်ပေးဆောင်ရာတွင် နံကပ်အိမ်အတွက် သတ်မှတ်ထားသည့် နှုန်းထားများ အတိုင်းသာ ပေးဆောင်နေသည့်အိမ်ပေါင်း တစ်ထောင်ကျော်ရှိနေသဖြင့် အခွန်ငွေ သိန်းပေါင်းတထောင်ခန့် နှစ်စဉ် ဆုံးရှုံးနေလျက်ရှိကြောင်း သိရသည်။