စီးပွားရေး

ကြိုတင်စာရင်း ပယ်ဖျက်မှုများရှိ၍ အနောက်နိုင်ငံများမှ ခရီးသွား ကျဆင်းနိုင်ဟု ခန့်မှန်း

Want create site? Find Free WordPress Themes and plugins.

ရခိုင် ပဋိပက္ခများ အပြီး အနောက်နိုင်ငံများမှ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ကြိုတင် စာရင်းပေးထားခြင်း (Booking) များ ဖျက်သိမ်မှု ရှိလာသဖြင့် ခရီးသွား ဧည့်သည် ဝင်ရောက်မှု ကျဆင်းနိုင်သည်ဟု ခရီးသွား လုပ်ငန်းရှင် တချို့က ခန့်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ခရီသွား လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက “မနှစ်က စက်တင်ဘာ ရခိုင်အရေး ပြီးတဲ့ နောက်ပိုင်းမှာတော့ ဘွတ်ကင်တချို့ ဖျက်သွားတာတွေ ဖြစ်တယ်။ အထူးသဖြင့် ဘွတ်ကင်တွေက ၁ နှစ်ကြိုပြီး လုပ် တာ ဆိုတော့ ၂၀၁၈ ခုနှစ်မှာ အနောက် ဥရောပဘက်က ပိတ်ဆို့မှုတွေ ဝေဖန်မှုတွေ၊ ကန့်ကွက်မှုတွေ ရှိခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “ဒါနဲ့ ပတ်သက်လို့ တန်ပြန်သက်ရောက်မှု ရှိတဲ့အတွက်ကြောင့် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင် နှုန်း လောက်ထိ ကျဆင်းဖွယ်ရာ ရှိပါတယ်။ ဒါကတော့ အနောက်နိုင်ငံ ဈေးကွက်ကို ပြောတာပါ” ဟု ပြောဆိုသည်။

သို့သော်လည်း အာရှ ဈေးကွက်များဖြစ်သော ဂျပန်၊ ကိုရီးယား၊ တရုတ် အစရှိသည့် နိုင်ငံများမှ မြန်မာနိုင်ငံသို့ ခရီး သွား ဝင်ရောက်မှု တိုးတက်နေပြီး တရုတ်နိုင်ငံသား ဝင်ရောက်မှုက ၇၀ ရာခိုင်နှုန်းနှင့် အများဆုံး ဖြစ်သည်ဟုလည်း ဦးသက်လွင်တိုးက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ခရီးသွားဝင်ရောက်မှု အခြေအနေမှာ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် နှိုင်းယှဉ်ချက်များအရ ၂၀၁၇ ခုနှစ်တွင်၂၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည့် အပြင် လေဆိပ်နှင့် ရေဆိပ် ဝင်ပေါက်များမှလည်း ၇ ရာခိုင်နှုန်းခန့် တိုးတက် ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းမှာ အစိုးရသစ်လက်ထက် ခရီးသွားကဏ္ဍကို နည်းစနစ်ပြောင်းလဲ၍ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့မှ ပူးပေါင်းပြီး ကောက်ယူထားသော စာရင်းများ ဖြစ်ကြောင်း သိရသည်။

ခရီးသွားဧည့်သည် ဝင်ရောက်ရာတွင် စာရင်းကောက်ယူမှုနှင့် ပတ်သက်ပြီး ဦးသက်လွင်တိုးက အာဆီယံ အိမ်နီးချင်း နိုင်ငံများ ဖြစ်သော ထိုင်း၊ လာအို၊ ကိုရီးယား၊ ဗီယက်နမ် စသည့် နိုင်ငံများအနေနှင့်လည်း ယခုကဲ့သို့ နိုင်ငံအတွင်းသို့ ဝင်ပေါက်အားလုံးမှ ကောက်ယူခြင်းကြောင့် ၂၀၁၁-၂၀၁၂ ခုနှစ်မှ စတင်၍ နှစ်စဉ် လူဦးရေ ၁ သန်း ခန့်တိုးတက်လာ ကြောင်း ပြောသည်။

“အရင်က သိန်းဂဏန်းတောင် မရှိသေးတဲ့ အခြေအနေကနေ တဖြည်းဖြည်းတက်လာတာ နောက်ဆုံး ၅ သန်းလောက် အထိ ရလာခဲ့ပြီး အခု ပြန်ဆင်းသွားသလိုတော့ မြင်တယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ၃၀ ရာခိုင်နှုန်း ကျဆင်းတယ်။ ဒါကို ပြန်ကြည့်တဲ့ အခါကျတော့ ဒီနေ့ နိုင်ငံခြားသားတွေကို အဓိက ထားမယ်ဆိုရင် ကျနော်တို့ က နိုင်ငံခြားသားတွေရဲ့ စစ်တမ်းကိုပဲ ယူရမှာဖြစ်တယ်”ဟု ဦးသက်လွင်တိုး က ပြောဆိုသည်။

ဆက်လက်၍ ၎င်းက “ဒါကတော့ Data တွေအရ သုံးသပ်တာပဲ။ ဒါပေမယ့် မြေပြင်မှာ ရှိတဲ့ အခြေအနေကို ကြည့်ခြင်း အားဖြင့် လက်တွေ့မှာ ရေများရာပဲ မိုးရွာနေသလား။ အင်အားကြီးတဲ့ ကုမ္ပဏီတွေမှာပဲ အလုပ်ဖြစ်နေပြီးတော့ လုပ်ငန်း အသေးလေးတွေက ငုတ်တုတ် ထိုင်နေရတယ်။ တချို့လည်း မထိန်းသိမ်းနိုင်လို့ လုပ်ငန်း ဖျက်သိမ်းလိုက်ရတာတွေ ကြုံတွေ့နေရတယ်”ဟု ရှင်းပြသည်။
ထို့ပြင် ဦးသက်လွင်တိုးက “ဒါတွေအားလုံးက ကျနော်တို့ ဒီနေ့ ရည်မှန်းထားတဲ့ All inclusive (အားလုံးပါဝင်ရေး) ခရီး သွား ဆိုတာ နဲ့ မကိုက်ညီတာတွေ တွေ့ရတယ်။ ဒါတွေကို ပေါ်လစီမိတ်ကာ (မူဝါဒရေးဆွဲချမှတ်သူ) ဝန်ကြီးဌာနနဲ့ ဦးဆောင်နေတဲ့ သူတွေက ညီမျှအောင် လုပ်ရမှာ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။

ထို့ကြောင့် ယနေ့ ခရီးသွားကဏ္ဍ၏ အခြေအနေများကို ပြန်လည်ဆန်းစစ် သုံးသပ်ရမည်ဟု မြင်ကြောင်း ခရီးသွား လုပ်ငန်း လုပ်သက် နှစ်ပေါင်း ၂၅ နှစ်ခန့်် အတွေ့အကြုံရှိသော ဦးသက်လွင်တိုးက ပြောသည်။

ယင်းသို့ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ခရီးသည် ကိန်းဂဏန်း တက်နေသော်လည်း လက်တွေ့ ခရီးသွား ဝင်ရောက်မှု ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း (ပုဂံ) ပြန်ကြားရေးမှူး ဦးထက်ထွန်းအောင် က ရှင်းပြသည်။

“ဟိုတယ်ခရီးက ထုတ်တဲ့ ကိန်းဂဏန်းတွေကတော့ နယ်စပ် ဂိတ်ပေါက်တွေ ဝင်တာပါ ထည့်တွက်တဲ့ အတွက် များ တယ်။ ဒါပေမယ့် တကယ့် ဧည့်သည် အစစ်ကတော့ နည်းသွားတယ်။ ဒါကျနော်တို့ မြင်တွေ့နေတဲ့ အရရော မှတ်တမ်း တွေ အရရော ဆိုရင်၂၀၁၆ ခုနှစ်ကစပြီး နိုင်ငံခြားသား ခရီးသွားက ကျဆင်းနေတယ်။ နယ်စပ်ပေါက်ကနေ အလုပ် ကိစ္စ နဲ့ လာတယ်။ ၁ ရက်တည်း ဝင်ပြီး ပြန်ထွက်သွားတယ်။ အဲဒီလို သူတွေ စာရင်း လိုက်ကောက်နေလို့ကတော့ တိုးတက်မှု အစစ် မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

ဆက်လက်၍ ဦးထက်ထွန်းအောင်က “ကျနော်တို့ဆို မနှစ်ကနဲ့ ဒီနှစ် ခရီးသွားလိုက်ရတဲ့ ရက်တွေကို ချိန်ထိုးကြည့်ရင် စိတ်ညစ်စရာ ရက်တွေတောင် ရှိတယ်။ ခရီးသွားကျတာတော့ ရခိုင်အရေးက နံပါတ်တစ်ပဲ။ ကျနော်တို့က အင်္ဂလိပ် ကုမ္ပဏီတွေ လိုက်တာ များတယ်။ အရမ်းဝင်တဲ့ ကုမ္ပဏီတွေတောင် ဒီနှစ်လုံးဝကို နည်းသွားတယ်။ ကျနော်ဆို ဒီလ ဧည့် ၂ ဦးရှိတယ်။ ၂ ဦး စလုံးက အာရှပဲ ဖြစ်သွားတယ်။ အဲဒီလောက်ထိ အနောက်နိုင်ငံက ဝင်တာနည်းသွားတယ်” ဟု ရှင်းပြသည်။

လာမည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများ၌ နှစ်စဉ် စပိန်လူမျိုးများ ဝင်ရောက်လေ့ ရှိသောကြောင့် ယင်းအချိန်ကို တချက် စောင့် ကြည့်ရမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကလည်း“ရခိုင်ကိစ္စ ဖြစ်လိုက်တဲ့ အခြေအနေမှာ ကျနော်တို့ ရန်ကုန်ကို ရိုက် ခတ်မှု တခုရှိပါတယ်။ ခရီးသွားလုပ်ငန်း ကဏ္ဍ နယ်ပယ်မှာ နည်းနည်းလေး ကျသွားပါတယ်။ အကြမ်းဖက်မှုနဲ့ အကြမ်း ဖက် ခံရမှုမှာ နိုင်ငံတကာ မီဒီယာကို အသုံးပြုပြီး ကျနော်တို့ကပဲ အကြမ်း ဖက်နေသလိုမျိုးဖြစ်အောင် ဆောင်ရွက်နေ တဲ့ အခြေနေတွေက ခရီးသွားကဏ္ဍ နယ်ပယ်မှာ တော်တော်လေးကို ရိုက်ခတ် ခံခဲ့ရပါတယ်”ဟု ပြောသည်။

မေလ ၁၁ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်သော ပုဂ္ဂလိ က ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒု သမ္မတ ၁ နှင့် ပုဂ္ဂလိက ကဏ္ဍ ကိုယ်စားလှယ်များ ပုံမှန် ဆွေးနွေးပွဲတွင် ပြောခြင်း ဖြစ်သည်။

ယခုလ အတွင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော မြန်မာ့ စီးပွားရေး အစီရင်ခံစာတွင်လည်း ရခိုင်အရေး ကိစ္စရပ်များ ကြောင့် ခရီးသွားကဏ္ဍတွင် မရေရာ မသေချာမှုများ ရှိနေပြီး နှေးကွေးနေကြောင်း ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading