နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထား မြင့်တက်လာခြင်းကြောင့် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ဖွယ် ရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့် က ပြောသည်။
“လက်ရှိ ပေါက်ဈေးနဲ့ ကြည့်မယ်ဆိုရင် ဒီဇယ်ဆိုပါတော့၊ ပြီးခဲ့တဲ့ မေလ ၁၇ ရက်စွဲနဲ့ လက်ကား ဈေးနှုန်း တွက်ချက်မှု အရ အခု ဒီဇယ်ကို ရောင်းနေတဲ့ဈေးက ၁ လီတာ ၈၈၁ ကျပ်နဲ့ ရောင်းနေတယ်။ အဲဒီနေ့ နိုင်ငံခြားပေါက်ဈေး ငွေလဲလှယ်နှုန်းနဲ့ အခွန်အပါ တွက်လိုက်တဲ့အခါကျတော့ အရင်းဈေးက ၉၀၁ ကျပ်ကျတယ်။ ဒါကို ၈၈၁ ကျပ်နဲ့ရောင်းတော့ ၂ ဒသမ ၂၅ ရာခိုင်နှုန်းလောက်က အရှုံးဖြစ်တယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
လက်ရှိ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်နေရခြင်းမှာ ပြည်ပမှ တင်သွင်းရသည့် စက်သုံးဆီ ဈေးနှုန်းများပေါ်တွင် မူတည် နေပြီး ယခုအခါ ကမ္ဘာ့ ရေနံစိမ်း ဈေးတက်ခြင်း နိုင်ငံတော်သို့ ပေးသွင်းရသည့် အခွန်အခများကို ထည့်သွင်း ပေါင်းရခြင်း၊ နိုင်ငံခြား ငွေလဲလှယ်မှုနှုန်းထား မြင့်တက်နေခြင်း တို့ကြောင့် ဖြစ်ကြောင်း စက်သုံးဆီ လုပ်ငန်းရှင်များထံမှ သိရသည်။
ဆက်လက်၍ ၎င်းက “ဒီဇယ်ဈေးအနေနဲ့ ၁ လီတာ ၉၀၁ ကျပ်ကို ဆိုတာက ဆိုင်အရောက်ကို ၁ လီတာ စရိတ်စက အနေ နဲ့ ၂၃ ကျပ်လောက် ပေါင်းတဲ့သဘောဖြစ်တယ်။ ဒါက ဆိုင်မှာရှိတဲ့ ဝန်ထမ်းခတွေ ဘာတွေ အပါအဝင်ဖြစ်တယ်။ ဒီဈေးနဲ့ မှတ်ချက်ပေးရမယ် ဆိုရင် နိုင်ငံခြားဈေးက မပြောင်းဘူး။
ဒီအတိုင်းပဲ နေမယ်။ အခု လက်ရှိ အနေအထားနဲ့ အရှုံးပေါ်နေတဲ့ အတွက်ကြောင့်မို့ ဈေးက အရင်းရအောင်ဆိုပြီး ထပ်တက်ဖို့ သဘောရှိတယ်။ လက်ကားဈေးက တက်ရင်လည်း ချက်ချင်း တက်တယ်။ ကျရင်လည်း ချက်ချင်းကျတယ်”ဟု ရှင်းပြသည်။
မေလ ၂၁ ရက် စက်သုံးဆီဈေးကွက်တွင် အောက်တိန်း- 92 ၁ လီတာလျှင် ၈၆၅ ကျပ်၊ အောက်တိန်း-95 ၁ လီတာ လျှင် ၉၁၅ ကျပ်၊ ဒီဇယ် ၁ လီတာလျှင် ၉၀၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် ၁ လီတာလျှင် ၉၁၅ ကျပ်နှုန်းဖြင့် ရောင်းချနေလျှက်ရှိ သည်။
လုပ်ငန်းရှင်များ၏ အရှုံး၊ အမြတ်များ တွက်ချက်ပုံနှင့် ပတ်သက်ပြီး အတွင်းရေးမှူး ဦးဝင်းမြင့်က “အခု ရောင်းနေတာက ပြီးခဲ့တဲ့ တပတ် ဈေးမတက်ခင်က ဝယ်ထားတဲ့ ဆီတွေကို ရောင်းနေတာဖြစ်တယ်။ ရောင်းဈေးက လက်ရှိ ပေါက်ဈေးထက် နိမ့်နေရတဲ့ အကြောင်း ဖြစ်တယ်”ဟု ပြောသည်။
၎င်းက ဆက်လက်၍ “ဘယ်အခါမှ ရူံးလည်းဆိုရင် လုပ်ငန်းရှင်ရဲ့ လက်ထဲမှာရှိတဲ့ဆီတွေကုန်ပြီ။ လက်ရှိ ပေါက်ဈေး ပေါက် ဈေးထက် ၈၇၅ ကျပ်တန်တဲ့ ဝယ်ရမယ့် ပစ္စည်းကို ၈၄၀ နဲ့ရောင်းရင် ၁၅ ကျပ်နဲ့ လျှော့ရောင်းတယ်။ ဒါပေမယ့် အရင်က ၈၃၀ ကျပ် လောက်နဲ့ ဝယ်ခဲ့တော့ ဒါက မြတ်နေတယ်။ ဒါပေမယ့် ဒီဆီတွေကုန်လို့ ပြန်ဝယ်ရပြီ ဆိုရင် အခု ပေါက်ဈေးနဲ့ ပြန်ဝယ်ရမှာ ဖြစ်တဲ့အတွက် အိတ်ထဲက ပိုက်ဆံစိုက်ရတော့ ရူံးမှာဖြစ်တယ်။ ဒါကြောင့် ဆီပြန်ဝယ်တဲ့အခါမှ အရူံးအမြတ် တွက်ရတာဖြစ်တယ်” ဟု ရှင်းပြသည်။
သို့ဖြစ်၍ ယခုတပတ်အတွင်း လုပ်ငန်းရှင်များမှ အမြင့်ဈေးနှင့် စက်သုံးဆီ ဝယ်ယူရမည် ဖြစ်သောကြောင့် ဈေးနှုန်းများ ထပ်မံ မြင့်တက်နိုင်ခြင်း ဖြစ်သည်။
အငှားယာဉ်မောင်း ကိုမျိုးအောင်က “ဒီတပတ်အတွင်းမှာပဲ စက်သုံးဆီဈေးနှုန်းက မြင့်လာတယ်။ တရက်ကို ၁၀ ကျပ်နှုန်းနဲ့ တက်လာတာ။ အခု တပတ်အတွင်းမှာ ၁ လီတာ ကျပ် ၅၀ လောက်တက်တယ်။ ဆီဈေးတက်လို့ ကားမောင်းရမကိုက်ပေ မယ့် ခရီးသည်ကို တိုးတောင်းလို့လည်း မရဘူး။ ဈေးများရင် မလိုက်ဘူး ပုံမှန်ဈေးပဲ လိုက်ကြတာ။ ဈေးတက်လာရင်တော့ အခြေခံ စားသုံးသူတွေကိုပဲ ထိတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသော စက်သုံးဆီမှာ ပြည်တွင်း လိုအပ်ချက်ကို ၅ ရာခိုင်နှုန်းသာ ဖြည့်ဆည်းပေးနိုင်ပြီး ကျန်ရှိသော ၉၅ ရာခိုင်နှုန်းမှာ ပြည်ပမှ တင်သွင်းရခြင်းဖြစ်သည်။
ယင်းသို့ တင်သွင်းမှု အနေနှင့် ၁ လလျှင် ဓာတ်ဆီ တန်ချိန် ၂ သိန်း၊ ဒီဇယ် တန်ချိန် ၄ သိန်းနှင့် စက်သုံးဆီ တန်ချိန် ၆ သိန်းခန့် ပြည်ပမှ တင်သွင်းနေရ သည်ဟု ဦးဝင်းမြင့်က ပြောသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဓာတ်ဆီ၊ ဒီဇယ်အစရှိသည့် လောင်စာ ဆီဈေးနှုန်းများမှာ ကုန်စည်စီးဆင်းမှုတွင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းဖြစ်ပြီး ဈေးနှုန်းမှာ အလွန်ကြီးမြင့်နေသော ကြောင့် ယခု ၂၀၁၈ ခုနှစ်အတွင်း ထိန်းချုပ်သွားရန် အတွက် ပြင်ဆင် ဆောင်ရွက်နေကြောင်း ဒု သမ္မတ ၁ နှင့် ပုဂ္ဂလိ က ကဏ္ဍ ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၌ ပြောကြားထားသည်။