စီးပွားရေး

ဆောက်လုပ်ရေး လုပ်ငန်းများ ကျဆင်းနေ

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်း ဆောက်လုပ်ရေး ကဏ္ဍ၌ လုပ်ငန်းကြီးများသာမက လုပ်ငန်းငယ်များပါ ရပ်ဆိုင်းရခြင်းနှင့်အတူ ဝန်ထမ်း လျှော့ချ ရမှုများကိုပါ ကြုံတွေ့နေရကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။

ကိုဘိုဆန်း ဆောက်လုပ်ရေး ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဘိုဆန်းက“ကျနော်တို့ လုပ်ငန်းဆိုရင် လုပ်ငန်း လုပ်ကိုင် မှုက ၆၀ ရာခိုင်နှုန်းနဲ့ ဝန်ထမ်းဆို ၅၀ ရာခိုင်နှုန်းလောက် လျှော့ချလိုက်ရတယ်။ အရင်ကဆိုရင် စီမံကိန်း တခု ကို အကြီးဆို ရင် ၆ လ ၁ ကြိမ်နဲ့ အသေးဆိုရင် ၄ လ ၁ ကြိမ်လုပ်နေရတယ်။ အဟောင်းတွေ ပြီးသွားရင် အသစ် စရတယ်။ ဒီလို လည်နေရာကနေ အခု ရပ်ပစ်လိုက်ရတယ်။ ရှိတဲ့စီမံကိန်းတွေ မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းတွေသာ လုပ်နေရပြီး ကျန်တဲ့ဟာတွေက ရပ်ပစ်လိုက်ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းများ အရောင်းအဝယ် မကောင်းခြင်း၊ ရောင်းရသည့် အိမ်မြေ တိုက်ခန်းတို့မှ ရရှိသော အမြတ် အစွန်းငွေအပေါ် ကောက်ခံသည့် ဝင်ငွေခွန် (ရောင်းခွန်)နှင့် အိမ်ခြံမြေ တိုက်ခန်းတို့ ဝယ်ယူမှုအပေါ် ကောက် ခံ သည့် ဝင်ငွေခွန်တို့ (ဝယ်ခွန်) နှုန်းထားကြီးမြင့်ခြင်းနှင့် ဘဏ်ချေးငွေ စနစ်များ ခိုင်မာမှု မရှိသောကြောင့် လုပ်ငန်း အကြီး ၃၀ ရာခိုင်နှုန်းနှင့် လုပ်ငန်းအသေး ၆၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်းသွားကြောင်း သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုလျှင်အလုပ်သမား ၁ ထောင်မှ ၁၅၀၀ ကြားရှိနေသဖြင့် လုပ်ငန်းခွင်တခု ပိတ်ရလျှင် အလုပ်လက်မဲ့များစွာ ဖြစ်လာနိုင်သည်ဟု လုပ်ငန်းရှင် တဦးက ဆိုသည်။

ဆောက်လုပ်ရေး လုပ်ငန်းများ ကောင်းမွန်လာစေရန်အတွက် ဘဏ်ချေးငွေ စနစ်များကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပြီး အခွန်နှုန်းထားများ ထိုက်သင့်သလောက် လျှော့ပေးရန် လိုအပ်ကြောင်း လုပ်ငန်းရှင် တချို့က ပြောသည်။

“အခွန်စနစ်က အခု ကောက်နေတာက ၃၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒါကို လျှော့ချပေးလိုက်မယ်ဆိုရင် ငွေတွေ ပြန်ပြီး လည်ပတ်လာနိုင်မယ် ထင်တယ်။ အခုက ၃၀ ရာခိုင်နှုန်းကျော်ကျော် ဆိုတော့ လုပ်ငန်းတွေက တုံ့ဆိုင်း တုံ့ဆိုင်း ဖြစ်နေ တာ လည်း ပါတယ်”ဟု ဦးဘိုဆန်းက ရှင်းပြသည်။

လက်ရှိ ဆောက်လုပ်ရေး ဈေးကွက်မှာ အေးနေပြီး အရှိန်အဟုန်ရအောင် ကြိုးစားနေရသည့် အခက်အခဲ ကာလ တခု ဖြစ်နေကြောင်း B & I Builder ဆောက်လုပ်ရေး ကုမ္ပဏီ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် ဦးထင်အောင်လင်း က ပြောသည်။

ဆောက်လုပ်ရေး ကဏ္ဍသည် နိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသော မဏ္ဍိုင်တရပ်အနေနှင့် ဦးဆောင်နေပြီး ယခု ကဲ့သို့ ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းရခြင်းသည် နိုင်ငံ၏ စီးပွားရေး ကောင်းမွန်စေရန် အခက်အခဲ ဖြစ်စေ သည်ဟု ဆိုသည်။

ဆောက်လုပ်ရေး လုပ်ငန်း လုပ်သက် နှစ်၂၀ ကျော် အတွေ့အကြုံရှိသည့် ဦးဘိုဆန်းက “အခုက တကယ့်ကို ကျဆင်း တဲ့ အခြေအနေကို ရောက်နေပါတယ်။ အခု လောလောဆယ် ရှိတာတွေကို ဖြည်းဖြည်းချင်း မှေးလုပ်နေရတယ်။ ၁၀၀ ဖိုး လောက် လုပ်နေရမယ့် အချိန်မှာ ၁၀ဖိုးလောက်ပဲ လုပ်လို့ရတယ်။ ဒီအတိုင်းဆက်သွားရင် ရေရှည်မှာ ဆောက် လုပ် ရေး လုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲသွားမယ်”ဟု ပြောသည်။

ယင်းအပြင် ယခုအချိန်၌ ဆောက်လုပ်ရန် အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC)သို့ တင်ပြ သည့် ကြိုတင်ပြင်ဆင်ခြင်း၊ မြေကွက်များ ရှာခြင်း၊ ပုံဆွဲ၍ ပါမစ်လျှောက်ခြင်း လုပ်ငန်းများကို ရပ်ဆိုင်းထားရ ကြောင်း သိရသည်။

ထိုသို့ ဆောက်လုပ်ရေး လုပ်ငန်းများ အခက်အခဲ ကြုံတွေ့နေရခြင်းနှင့် ပတ်သက်၍ အစိုးရက အရောင်းအဝယ် ကောင်းမွန်လာစေရန် လုပ်ပေးမည့် အခြေအနေ တခုပေါ်တွင် မူတည်နေကြောင်း လုပ်ငန်းရှင်များ က ဆိုသည်။

ထို့ပြင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အတွက် ဦးဆောင်နေသော မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း (MAEC) ၏ ဦးဆောင်မှုသည် အရေးကြီးသဖြင့် အမှန်တကယ် အလုပ်လုပ်မည့် သူများသာ ဦးဆောင်စေလို ကြောင်းလည်း လုပ်ငန်းရှင်များ က ပြောဆိုသည်။

CHAMPION ဆောက်လုပ်ရေး ကုမ္ပဏီ ဒါရိုက်တာ ဦးကျော်ကျော်မိုးက “ကျနော်တို့တွေ ဆောက်လုပ်ရေး လောကမှာ ဂယက်ရိုက်သွားတဲ့ အခက်အခဲတွေ ရှိတယ်။ ဒီအခြေအနေမှာ MCEA အသင်းက ဘာမှမလုပ်ပေးဘူး။ ကိုယ်ဖြစ် ကိုယ်ခံ သဘောပဲ ဖြစ်နေတယ်။ ဒါကြောင့် အခုလာမယ့် မေလ ၂၇ ရက်မှာ ရွေးမယ့် အသင်း ဥက္ကဋ္ဌ နေရာမှာ ကျနော် တို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ့် လူမျိုး အလုပ်လုပ်တဲ့ သူမျိုးဖြစ်စေချင်တယ်။ ဒါမှသာ ကျနော်တို့ အခု ကြုံတွေ့နေ ရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ဒီဆောက်လုပ်ရေး လုပ်ငန်းအသင်းကြီးက အရေးပါတယ်။ ဘာလို့လဲ ဆိုတော့ ရွှေလုပ်ငန်းရှင် များ အသင်း၊ ဆန်စပါး ရောင်းဝယ်ရေး အသင်း ဒါတွေက သူ့အသင်းနဲ့ သူ ပါဝင်တဲ့အသင်းသူ အသင်းသားတွေရဲ့ စီးပွားရေး ကောင်းဖို့ လုပ်ငန်းတွေ အဆင်ပြေဖို့အတွက် နိုင်ငံတော် အဆင့်အနေနဲ့ ကြိုစားနေကြတယ်။ အဲဒီလိုလုပ်ရင် ကဏ္ဍ အားလုံးက ကောင်းလာမှာဖြစ်တယ်။ ဒီအတွက် အသင်းကြီးကလည်း အရေးကြီးတယ်”ဟုလည်း ပြောဆိုသည်။

သို့မှသာ လက်ရှိ ဆောက်လုပ်ရေး ကဏ္ဍတွင် ဖြစ်ပေါ်နေသော အခက်အခဲများကို အသင်းချုပ် ဦးဆောင်သူမှတဆင့် အစိုးရက သိရှိစေပြီး လုပ်ငန်းများ ပြန်လည် ဦးမော့လာစေလိုသဖြင့် MCEA အသင်းချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များကို အပြောင်းအလဲ ဖြစ်စေလိုကြောင်း လုပ်ငန်းရှင်များက ပြောသည်။

လက်ရှိ၌ အရောင်းအဝယ် ပိုမိုကောင်းမွန်စေရန် အိမ်ရာဝယ်ယူမည့်သူများ လွယ်ကူစွာ ဝယ်ယူနိုင်ရေးအတွက် ဘဏ် များ မှ Home Loan စနစ်များဖြင့် ဝန်ဆောင်မှု ပေးလာသော်လည်း လက်တွေ့၌ အတိုးနှုန်း မြင့်မားနေခြင်းကြောင့် အခက်အခဲများ ရှိနေကြောင်း ဦးကျော်ကျော်မိုးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မေလ၌ အထပ်မြင့် အဆောက်အအုံများကို အစိုးရက ပြန်လည် စိစစ်မည်ဆိုသည့် အချိန်မှ စ၍ ဝယ်ယူသူများ ယုံကြည်မှု ကျဆင်းပြီး ဆောက်လုပ်ရေးကဏ္ဍနှင့် အိမ်ခြံမြေအရောင်းအဝယ်များသည် လက်ရှိ ၂၀၁၈ ခုနှစ် အထိ ကျဆင်းနေလျက် ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading