လုပ်ငန်းများရပ်ဆိုင်းရန် ပြည်ထောင်စု အစိုးရက ထုတ်ပြန်ထားသော အမိန့်ကို အာခံပြီး ဦးကျောက်တောင် ဦးဆောင်သော ဒေသခံဆောက်လုပ်ရေးလုပ်ငန်းတခုသည် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းကြီးတခုကို ဆက်လက်ဆောင်ရွက်လျှက်ရှိသည်။
ဧကရာချီ ကျယ်ဝန်းသော အဆိုပါမြို့သစ်စီမံကိန်းကို ထာဝရအောင်မြေ အများပိုင် ကုမ္ပဏီက တောင်ကုတ်မြို့အနီးတွင် အကောင်အထည်ဖော်လျှက်ရှိသည်။ ထာဝရအောင်မြေ ကုမ္ပဏီကို နေလသစ္စာဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးကျောက်တောင် ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ပြီးခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အစိုးရ အုပ်ချုပ်စဉ်ကာလတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးလှမောင်တင်၏ ကနဦးခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဦးကျောက်တောင်သည် ထာဝရအောင်မြေကို မြို့မိမြို့မ ၅၂ ဦး ဖြင့် အများပိုင်ကုမ္မဏီအဖြစ် စတင်တည်ထောင်ခဲ့သည်။ ထိုကုမ္ပဏီသည် မြို့စွန်ရှိ ဧကရာနှင့်ချီသော မြေများကို ရယူထားခဲ့သည်။ စီမံကိန်းဆောင်ရွက်မည့် မြေဧက ၄၅၀ တွင် ဒီရေတောများ၊ လယ်မြေများ၊ အသုံးမပြုသော မြေများနှင့် စားကျက်မြေများ ပါဝင်သည်ဟု ဦးကျောက်တောင်၏ ပြောပြချက်အရသိရသည်။
စီမံကိန်းတွင် အိမ်ရာများ၊ ပန်းခြံတခု၊ ဘောလုံးကွင်းတ ခု၊ ဈေးတခုနှင့် မင်္ဂလာဆောင်ခန်းမတခုတို့ကို တည်ဆောက်ရန် ရည်ရွယ်ထားသည်။ ငွေကျပ် ၂ ဘီလျှံ ရင်းနှီးမြှုပ်နှံထားပြီး လမ်းများ၊ တံတားများ၊ ရေပေးဝေရေး စနစ်တခုနှင့် မဟာဓါတ်အားလိုင်းနှင့် ချိတ်ဆက်မှုအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းများ၏ ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သူကဆိုသည်။ စီမံကိန်းတခုလုံးအတွက် ရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၁၀ ဘီလျှံ ကုန်ကျမည်ဟု ဦးကျောက်တောင် ခန့်မှန်းထားသည်။
ဆောက်လုပ်ရေးလုပ်ငန်းများရပ်ဆိုင်းထားရန် သူ၏ ကုမ္ပဏီကို ပြည်ထောင်စု အစိုးရက ညွှန်ကြားထားကြောင်းလည်း ဧရာဝတီ သတင်းဌာနသို့ သူပြောသည်။ သို့သော် ဧရာဝတီသတင်းဌာနက ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည်ကို မေလအစောပိုင်းတွင် လွတ်လပ်စွာ သီးခြားအတည်ပြုနိုင်ခဲ့သည်။ မြေအသုံးပြုခွင့်အမိန့်ကို ပြည်ထောင်စု အစိုးရက ထောက်ခံပေးထားခြင်း မရှိသေးသော်လည်း တောင်ကုတ်မြို့ လမ်းဆုံတချို့တွင် စီမံကိန်းကြော်ငြာ ပိုစတာကြီးများကိုပင် တွေ့မြင်ခဲ့ရသည်။
ပြီးခဲ့သည့် မတ်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်ကလည်း အများပိုင် ကုမ္ပဏီ တခုသည် ခွင့်ပြုချက်မရဘဲ မြို့သစ်တခု နီးပါးကြီးမားသော စီမံကိန်းတခုကို ဆောင်ရွက်ခြင်းမှာ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်ခြင်း ရှိ မရှိ ပြည်သူ့လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့သော စီမံကိန်းကြီးများသည် ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက် လိုအပ်သည်ဟု ထိုလွှတ်တော်ကိုယ်စားလှယ်က ထောက်ပြသည်။ မေးခွန်းနှင့် ပတ်သတ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက အစိုးရ၏ ခွင့်ပြုချက်မရဘဲ အများပိုင် ကုမ္ပဏီများသည် ထိုသို့သော စီမံကိန်းကြီးများကို လုပ်ခွင့်မရှိကြောင်း ဖြေကြားခဲ့သည်။
မတ်လ ၃ ရက်နေ့တွင် ထာဝရအောင်မြေကုမ္မဏီသည် စည်ပင်သာယာရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် မြို့နယ်အာဏာပိုင်များပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတခုကို ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးသို့ စီမံကိန်း ဒါရိုက်တာနှင့် ရှယ်ယာပိုင်ရှင်များက ၎င်းတို့အနေဖြင့် မြို့သစ်စီမံကိန်းအတွက် မြေ ဧက ၃၁၀ ဝန်းကျင် လျာထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်းပြောဆိုချက်မှာ ကုမ္မဏီ၏ ဥက္ကဌ ဦးကျောက်တောင်ပြောဆိုချက်နှင့် ကွဲလွဲနေပါသည်။
ထာဝရအောင်မြေ ကုမ္ပဏီသည် လယ်သမားများထံမှ လယ်မြေ ၁၇၉ ဧကသာ ဝယ်ယူထားကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အထက်ပါ လွှတ်တော်ကိုယ်စားလှယ်နှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစန်းငွေက ပြောသည်။ သို့သော် ကုမ္ပဏီ၏ စာရွက်စာတမ်းတွင် ၎င်းတို့သည် မြေလွတ် ၁၂၃ ဧကနှင့် ဒီရေတော ၆ ဧကကိုပါ ဝယ်ယူခဲ့သည်ဟု ဖော်ပြထားကြောင်းပြောသည်။ လယ်သမားများကို လယ်မြေတဧကလျှင် ကျပ် ၂၅ သိန်း ပေးဝယ်သည်ဟု သိရသည်။
တနင်္လာနေ့က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ဦးကျောက်တောင်က မြေအတိုင်းအတာ အသေးစိတ်ကို ပြောဆိုရန် ငြင်းသည်။ ကုမ္ပဏီ၏ စာရင်းတွင် ပလပ်မြေဟု ဖေါ်ပြထားသော စားကျက်မြေများကို လယ်သမားများက အခမဲ့ အသုံးပြုခွင့်ပေးခဲ့သည်ဟု သူပြောသည်။ အချို့သော တောင်ကုန်းများကို စီမံကိန်းအတွက် ဖြိုချထားသည်ကို ဧရာဝတီ သတင်းဌာနက သီးခြား အတည်ပြုနိုင်ခဲ့သည်။
စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစန်းငွေက ဦးကျောက်တောင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နီးစပ်သူဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲအတွင်းကထိုပါတီကို တက်ကြွစွာ ထောက်ခံခဲ့သူဖြစ်ကြောင်း ပြောသည်။ တောင်ကုတ်မြို့တွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရမည်ဟု တွက်ထားပြီး ထိုကုမ္ပဏီသည် စက်ယန္တရားကြီးများဖြင့် လမ်းများ စတင်ဖောက်လုပ်ခြင်း၊ မြေဖို့ခြင်းများကို ပြည်ထောင်စုအစိုးရ၏ ခွင်ပြုချက်ကို မစောင့်ဆိုင်းဘဲ စတင်ဆောင်ရွက်တော့သည်။
ထိုမဲဆန္ဒနယ်တွင် ကြံ့ခိုင်ရေးပါတီသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းကို လုံး၀ ရှုံးနိမ့်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရက ထိုစီမံကိန်းကို ပြန်လည်သုံးသပ်ရန် ညွှန်ကြားခဲ့သည်။
“ဒီစီမံကိန်းက ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ချိုးဖောက်တာကို အစိုးရသစ်က တွေ့ရှိလို့ ရပ်ခိုင်းထားတယ်” ဟု ဦး စန်းငွေက ပြောသည်။
ထာဝရအောင်မြေသည် စားကျက်မြေ ဧက ၁၃၀ ခန့်ကိုလည်း လျှော်ကြေးမပေးဘဲ လယ်သမားများထံမှ သိမ်းယူခဲ့ကြောင်း မြို့နယ်အာဏာပိုင်များနှင့် မြေယာစိစစ်ရေးအဖွဲ့က တွေ့ရှိခဲ့သည်ဟုလည်း ပြောသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဦးကျောက်တောင်က မြေဧက ၁၃၀ ဝန်းကျင်ကို ဒေသဓလေ့အရ ရယူခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ချေပသည်။
“ကျနော်တို့လယ်သမားဆီက မြေဝယ်ရင် ဝယ်သူက ပတ်ဝန်းကျင်မှာရှိတဲ့တောင်ကုန်းတွေကိုပါ ရတယ်။ ဒါက ကျနော်တို့ဒေသမှာ ထုံးစံပဲ။ ခင်ဗျား လာကြည့်ရင် ဒါ အစဉ်အလာပဲဆိုတာကို သိလိမ့်မယ်” ဟု ဆိုပြန်သည်။
မြို့သစ်စီမံကိန်းမတိုင်မီ ယခင် ကြံ့ခိုင်ရေးပါတီ အစိုးရခေတ်ကလည်း တောင်ကုတ်တက္ကသိုလ်စီမံကိန်းအတွက် မြေ ၂၆၄ ဧကကို အထက်ပါနည်းအတိုင်း ဝယ်ယူခဲ့ကြောင်းပြောသည်။ ယင်းမြေများ ဝယ်စဉ်ကလည်း ခြံဝင်းအတွင်း တောင်ကုန်းမြေများ အများအပြားပါဝင်ပြီး အနည်းအကျဉ်းသာပေးရကြောင်း ဦးကျောက်တောင်က ဆိုသည်။ ယခုမြို့သစ်အတွက် မြေဝယ်ယူရာတွင်လည်း ထိုအတိုင်းလုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြောသည်။
“ဒီမြေတွေက စိုက်ပျိုးရေးအတွက် မသင့်တော်ဘူး။ တောင်ကုတ်မှာ အစိုးရဌာနတွေက ဘာလိုလို ကျနော်မြေဝယ်ပေးနေတာကြာပြီ။ ဘယ်အစိုးရကပဲဖြစ်ဖြစ် ကျနော့်ကို တခုခုတောင်းဆိုရင် ကျနော်ဖြစ်အောင် လုပ်ပေးတယ်” ဟု ဦးကျောက်တောင်က ပြောသည်။
စားကျက်မြေ ဧက ၁၃၀ ခန့်ကို ကုမ္ပဏီက မြေလွတ်မြေရိုင်းနှင့် ပလပ်မြေအဖြစ် သိမ်းယူခဲ့သည်ဟု စည်ပင်သာယာရေး ကော်မတီကလည်း အတည်ပြုပြောကြားသည်။ ယေဘုယျအားဖြင့် ရခိုင်ပြည်နယ်မှ လယ်သမားများသည် ထိုကဲ့သို့သော မြေများကို ထုံးတမ်းစဉ်လာအရ ပိုင်ဆိုင်သည်ဟု ရပ်ရွာအတွင်း အချင်းချင်း အသိအမှတ်ပြုထားသောကြောင့် ပိုင်ဆိုင်မှုကို အစိုးရထံတွင် သီးခြား လျှောက်ထားခြင်း မရှိကြကြောင်း ဦးစန်းငွေပြောသည်။
ထို့အပြင် ကုမ္ပဏီကို ဒီရေတောများမြေဖို့ရန်သာ ခွင့်ပြုထားပြီး ကျန်မြေများမှာ ပုံစံ လန (၃၉) ခွင့်ပြုချက် စောင့်ဆိုင်းနေဆဲဖြစ်သည်။ ပုံစံ လန (၃၉) မှာ လယ်ယာမြေကို အခြားကိစ္စရပ်များအတွက် အသုံးပြုခွင့်ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းက အမှန်တကယ် အသုံးပြုသည့် မြေပမာဏသည်လည်း ကနဦး အဆိုပြုချက်ပါ မြေပမာဏနှင့် ကွဲလွဲနေသည်။ ထိုစီမံကိန်းနေရာအတွက် အတိုင်းအတာကို ပြန်လည်အကဲဖြတ်ရန်လည်း အကြံပြုမှုများရှိနေသည်။
ထိုကုမ္ပဏီသည် တောင်ကုပ်မြို့စွန်ရှိ ၎င်းတို့အား ခွင့်ပြုထားခြင်း မရှိသော နေရာတွင်လည်း အုတ်ဖြင့် တည်ဆောက်ထားသော အဆောက်အအုံများ တည်ဆောက်ထားပြီး ဖြစ်နေသည်။ ၎င်းသည် ပေ ၄၀ ကျယ်ပြီး ပေ ၆၀ ရှည်သော လူနေအိမ်မြေကွက်များကို သိန်း ၁၅၀ ဖြင့် ရောင်းချနေကြောင်း သိရသည်။ မြို့သစ်တည်ဆောက်မည်ဟု ဆောက်လုပ်ရေးလုပ်ငန်းက ပြောကြားပြီးနောက် မကြာသေးမီနှစ်များအတွင်း အိမ်ခြံမြေဈေး သိသိသာသာ တက်လာကြောင်း ဝဲကြီးကျေးရွာမှ ဒေသခံများက ဧရာဝတီ သတင်းဌာနသို့ပြောသည်။
အိမ်ရာတည်ဆောက်ခြင်းမှာ သာမန် စီမံကိန်းသာဖြစ်ပြီး မည်သည့်အိမ်ရာကိုမျှလည်း မရောင်းချရသေးဟု ဦးကျောက်တောင်က ပြောသည်။
ပိုင်ရှင်များထံမှ မြေဧက ၁၀၀ ကျော်ကို လျှော်ကြေးမပေးဘဲ သိမ်းယူထားသော်လည်း လယ်သမားများထံမှ မည်သည့်တိုင်ကြားမှုကိုမျှ မရရှိကြောင်း မြို့နယ် မြေယာစိစစ်ရေး အဖွဲ့နှင့် မြေယာအရေး တက်ကြွလှုပ်ရှား သူများက ပြောသည်။ တောင်ကုတ်ရှိ လူကုန်ထံများနှင့် ရပ်ရွာခေါင်းဆောင်များ အားလုံးနီးပါးသည် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ထိုစီမံကိန်းတွင် ပါဝင်ပတ်သက်ကြကြောင်း တက်ကြွလှုပ်ရှားသူ တဦးက ဧရာဝတီ သတင်ဌာနသို့ပြောသည်။ ထို့ကြောင့် မြန်မာကျောက်ဖြူ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ၏ ဒု ဥက္ကဌလည်း ဖြစ်သော ဦးကျောက်တောင်ကို ဆင်းရဲသော လယ်သမားများက မဆန့်ကျင်ရဲကြပေ။
ပြည်သူ့လွှတ်တော်တွင် မေးမြန်းခံရပြီးနောက် သူ၏ စီမံကိန်းကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနကလည်း စစ်ဆေးနေကြောင်း ဦးကျောက်တောင်ကပြောသည်။ သူ၏ကုမ္ပဏီသည် မြို့သစ်စီမံကိန်းမြေနေရာပေါ်တွင် ကုတင် ၁၀၀ ဆန့်ဆေးရုံတည်ဆောက်ရန် မြေ ၁၅ ဧက လှူဒါန်းခဲ့သည်ဟုလည်း သူပြောသည်။ ထိုနေရာတွင် အဆောက်အအုံကို တည်ဆောက်ပြီး ဖြစ်ကြောင်းနှင့် ယခင်အစိုးရ သက်တမ်းအတွင်းက မြေ ၇ ဧကကို အိုးအိမ်ဦးစီးဌာနသို့ မူရင်းဈေးအတိုင်း ရောင်းချပေးခဲ့ကြောင်းလည်း ပြောသည်။ သို့သော် သူ၏ ကုမ္ပဏီသည် ဆေးရုံကို တာဝန်ယူတည်ဆောက်ခြင်းဟုတ် မဟုတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
စည်ပင်သာယာရေးကော်မတီသည် ၎င်းတို့၏ တွေ့ရှိချက်များကို ရခိုင်ပြည်နယ်အစိုးရသို့တင်ပြထားပြီးဖြစ်ကြောင်း ကော်မတီ ဥက္ကဌ ဦး စန်းငွေက ပြောသည်။ ဥပေ၏ အရ ဆိုပါက ထိုကုမ္ပဏီသည် ပြည်နယ်အစိုးရသို့ အဆိုပြုချက်မတင်သွင်းမီ မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ ထောက်ခံချက်လိုကြောင်းနှင့် နောက်ဆုံးတွင် ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်လိုသည်။ တောင်ကုတ် စည်ပင်သာယာရေးကော်မတီ၏ အစီရင်ခံစာကို လက်ခံရရှိထားကြောင်း နှင့် လာမည့်အပါတ်များအတွင် အစိုးရ အစည်းအဝေးများတွင် ဆွေးနွေး မည်ဖြစ်ကြောင်း အသစ်ခန့်အပ်ထားသော ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်ကပြောသည်။
“သူတို့က လုပ်ထုံးလုပ်နည်း မညီရင်တော့ ဒီစီမံကိန်းက ပယ်ချခံရဖို့များပါတယ်” ဟု ဦးဝင်းမြင့်က ပြောသည်။
(အင်္ဂလိပ်ဘာသာဖြင့် Rakhine Developer Defies Gov’t Order to Halt New Town Project တွင် ဖတ်ရှုပါ။)