စီးပွားရေး

ဖွံဖြိုးရေး စီမံကိန်းကြီး ၄ ခု အစိုးရ ထုတ်ပြန်

မြန်မာနိုင်ငံ၏ စီးပွားရေးမြိုတော် ရန်ကုန်နှင့် ဒုတိယ အကြီးဆုံးမြို့ဖြစ်သော မန္တလေးအနီး မြေ ဧက ၁၃၀၀၀ ကျော်ပေါ်တွင် တည်ဆောက်မည့် သတင်းနည်းပညာဆိုင်ရာ ထုတ်လုပ်ရေး လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းနှင့် လူနေအဆောက်အအုံများပါဝင်သော ဖွံဖြိုးရေး စီမံကိန်းကြီးလေးခုကို မြန်မာအစိုးရက ထုတ်ပြန်ကြေညာထားသည်။

အချို့ စတင်တည်ဆောက်နေပြီဖြစ်သော ထိုပြည်ထောင်စု အဆင့်စီမံကိန်းကြီး ၄ ခု ကို ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်မှ မြို့ပြနှင့်အိမ်ရာ ဖွံဖြိုးရေး ဦးစီးဌာနက ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုများဖြင့် တည်ဆောက်နေသည်။ စီမံကိန်း ၃ ခုသည် ရန်ကုန်မြို့စွန်တွင် ရှိပြီး အခြားတခုသည် မန္တလေးတိုင်း ပြင်ဦးလွင် မြို့နယ်တွင်ရှိသည်ဟု ပြီးခဲ့သည့် ရက်များအတွင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့အနက် အကြီးဆုံးမှာ အထက်မြန်မာနိုင်ငံ မန္တလေးတိုင်းရှိ ရတနာပုံမြို့သစ် စီမံကိန်း New Mandalar Resort City ဖြစ်သည်။ ထိုစီမံကိန်း အဆင့် ၃ ဆင့်ကို ပြင်ဦးလွင်ရှိ မန္တလေး-မူဆယ် အဝေးပြေးလမ်းမကြီးဘေးရှိ မြေ ၉၈၉၃ ဧကပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။ ထိုစီမံကိန်းမူကြမ်းအရ မြို့သစ်တွင် သတင်းနည်းပညာနှင့်ပတ်သက်သော ထုတ်လုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့်သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုလုပ်ငန်းဇုံများနှင့် လူနေနှင့် ဘက်စုံသုံးဇုံများ ပါဝင်မည်ဟု သိရသည်။

လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားမှု ဖိတ်ခေါ်ပြီး ၆ ခုကို ပဏာမရွေးချယ်ထားသည်ဟု မြို့ပြနှင့်အိမ်ယာ ဖွံဖြိုးရေး ဦးစီးဌာနမှ မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယ ညွုန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့် က ဧရာဝတီ သတင်းဌာနသို့ပြောသည်။

“ဒါပေမယ့် စီမံကိန်း အကောင်အထည်ဖေါ်မယ့် ကုမ္မဏီ (master developer) ကိုတော့ အပြီးသတ် မရွေးရသေးဘူး” ဟု ဒုညွှန်ချုပ် ဒေါ်အေးအေးမြင့်ကပြောသည်။

ရန်ကုန်တိုင်းရှိ စီမံကိန်း ၃ ခုတို့မှာ လှည်းကူးတွင် ကိုရီးယားမြန်မာ စက်မှုဇုံ၊ Eco Green City နှင့် ပဲခူးမြစ်အနီး ဒဂုံဆိပ်ကမ်း မြို့နယ်မှ Smart District Project တို့ဖြစ်သည်။

ကိုရီးယားမြန်မာ စက်မှုဇုံသည် ယခင်စစ်အစိုးရက ၂၀၀၇ ခုနှစ်တွင် အမျိုးသားညီလာခံကျင်းပသော ညောင်နှစ်ပင် ရွာ အနီးတွင်ရှိသည်။ စီမံကန်းအကောင်အထည်ဖေါ်မည့်နေရာ အကျယ်အဝန်းမှာ ၅၅၅ ဧကရှိပြီး ကိုရီးယားမြေနှင့် အိမ်ရာလုပ်ငန်း Korea Land and Housing Cooperation ( ၆၀ ရာခိုင်နှုန်း) နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ယာဖွံဖြိုးရေး ဦးစီးဌာန (၄၀ ရာခိုင်နှုန်း) တို့ အကျိုးတူလုပ်ငန်းဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်း ၁၁၀ မြှုပ်နှံမည့် ထိုစီမံကိန်းတွင် အသေးစားနှင့်အလတ်စာ လုပ်ငန်းများ၊ အကြီးစားလုပ်ငန်းများ၊ အသက်မွေးဝမ်းကြောင်း ပညာသင်ကျောင်းများ စသည်တို့ပါဝင်ပြီး ၂၀၂၃ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားသည်။

ထိုစီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့တင်သွင်း ခွင့်ပြုချက် ရယူသွားမည်ဟု ဒေါ်အေးအေးမြင့်၏ အဆိုအရသိရသည်။

“ခွင့်ပြုချက်ရရင် အစိုးရဖက်က အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးရမယ်။ အခုလောလောဆယ်တော့ မြေပြင်မှာ ဘာမှမလုပ်ရသေးဘူး” ဟု ဒေါ်အေးအေးမြင့်က ဆိုသည်။

ထိုမြို့နယ်ထဲမှ အခြားစီမံကိန်းဖြစ်သော Eco Green City စီမံကိန်းမှာ လွန်ခဲ့သော နှစ် ဒီဇင်ဘာလ ကပင် ပန္နက်ရိုက်ခဲ့ပြီး ထိုပွဲကို ယခင်ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံမည့် Alliance Group of Companies တို့တက်ရောက်ခဲ့သည်။ ၁၀နှစ်ကြာပြီး အမေရိကန်ဒေါ်လာ ၂ ဘီလျှံနီးပါး ရင်းနှီးမြှုပ်နှံမည့် ထိုစီမံကိန်းသည် ဟံသာဝတီလေဆိပ်အနီး မြေ ၁၄၅၃ ဧကပေါ်တွင် တည်ရှိသည်။ လူနေအိမ်များ၊ သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှု အချက်အခြာနေရာတခုနှင့် ဘက်စုံသုံး ဇုန်များ ပါဝင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။ ထိုမြေအနက် ဧက ၂၀၀ ခန့်ကို အစိုးရ၏ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ အစီအစဉ်အတွက် အသုံးပြုမည်ဟု ဒေါ်အေးအေးမြင့်က ဧရာဝတီသတင်းဌာနကို ပြောသည်။

ပြည်တွင်းလုပ်ငန်း ရွှေတောင်ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သည့် ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဧက ၁၁၀၀ ကျယ်ဝန်းသော ဧရာဝဏ်-ရတနာ Smart District စီမံကိန်းသည် စီမံကိန်းကြီး လေးခုအနက် တတိယအကြီးဆုံးဖြစ်သည်။ အမေရိကန်ဒေါ်လာ ၁၈၅ သန်းကုန်ကျမည့် ထိုစီမံကိန်းသည် ယခုအခါ အခြေခံအဆောက်အအုံများကို စတင်တည်ဆောက်နေပြီဖြစ်ပြီး ထိုမြေ၏ ၆၀ ရာခိုင်နှုန်းကို တန်ဖိုးနည်း၊ ပုဂ္ဂလိက၊ လူနေနှင့်စီးပွားရေးလုပ်ငန်းသုံးအဆောက်အအုံများတည်ဆောက်မည်ဖြစ်သည်။

(အင်္ဂလိပ်ဘာသာဖြင့် Govt Reveals 4 Mega Development Projects တွင် ဖတ်ရှုပါ)

Loading