စီးပွားရေး

ဝင်ငွေခွန် ဥပဒေသစ် ၂၀၁၉ ခုနှစ်တွင် ပြဌာန်းမည်

လက်ရှိ ကျင့်သုံးနေသော ဝင်ငွေခွန် ဥပဒေမှာ ၁၉၇၄ ခုနှစ် ဆိုရှယ်လစ် စနစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေ ဖြစ်ပြီး ခေတ်နှင့် မလျော်ညီတော့သဖြင့် ဥပဒေ အသစ်ကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီး ဌာနက သိရသည်။

ပြည်သူ့ ငွေစာရင်း ပူးတွဲ ကော်မတီ အဖွဲ့ဝင်၊ ဇလွန် မဲဆန္ဒနယ် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက “၁၉၇၄ ခုနှစ်က ဆိုရှယ်လစ် စနစ်ကို အခြေခံထားတဲ့ ကာလမှာ ဆွဲထားတဲ့ ဥပဒေက ဒီနေ့ ကျနော်တို့ သွားနေတဲ့ ဈေးကွက် စီးပွားရေး စနစ်နဲ့ ကိုက်ညီပါ့မလား။ အခြေခံအားဖြင့်တော့ အခု ပြဋ္ဌာန်းမယ့် ဝင်ငွေခွန် ဥပဒေသစ်က ပိုကောင်း တဲ့ ဥပဒေပဲ ဖြစ်ပါတယ်။ အခုသွားနေတဲ့ စနစ်နဲ့ ကိုက်တဲ့ ဥပဒေဖြစ်အောင် ပြင်ခြင်းဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဝင်ငွေခွန် ဥပဒေကို ၁၉၇၄ ခုနှစ်မှ စတင်ပြဋ္ဌာန်းခဲ့ပြီး ၁၉၈၉ ခုနှစ်၊ ၁၉၉၁ ခုနှစ်၊ ၂၀၀၆ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့၌ ပြုပြင်ခြင်းများကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ကာ လက်ရှိအချိန်တွင် ၅၀ ရာခိုင်နှုန်းခန့် ပြင်ဆင်ရ မည် ဖြစ်သဖြင့် အသစ် ရေးဆွဲခြင်း ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

ပြည်တွင်း အခွန်များ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က “အခုပြဋ္ဌာန်းမယ့် ဝင်ငွေခွန် ဥပဒေသစ်ကို ၂၀၁၇ ခုနှစ်ထဲက သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ဆွေးနွေးနေတာ ဖြစ်တယ်။ ၂၀၁၉ ခုနှစ်မှာ ပြီးအောင်တော့ ချိန်ပြီး လုပ်နေကြ တယ်။ ဥပဒေဟောင်းကို ဖြေးဖြေးချင်း ပြုပြင်ရာကနေ ပြုပြင်လို့မရတဲ့ အချက်တွေ ရှိတဲ့ အတွက် ရှေ့နေချုပ်ရုံးက အကြံပြု တယ်။ ဒါကြောင့် အသစ်ကို ရေးဆွဲဖို့အတွက် မူကြမ်း ပြုစုနေကြတာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) က ဦးစီးပြီးတော့ ဌာနနဲ့ ပေါင်းပြီး ရေးဆွဲတာ ဖြစ်တယ်”ဟု ပြောသည်။

လက်ရှိ ကျင့်သုံးနေသော ၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေကို စတင်ပြဌာန်းစဉ်က OAS (အခွန်ရုံးမှ ကြီးကြပ်သည့် စနစ်)ကို အခြေခံ ရေးဆွဲထားသောကြောင့် စနစ် ၁ မျိုးထဲသာ အသုံးပြုနိုင်သည်။

ထိုကြောင့် ၂၀၁၉ ခုနှစ်၌ အသစ်ပြဌာန်းမည့် ဝင်ငွေခွန် ဥပဒေကို OAS နှင့် လက်ရှိ ကျင့်သုံးနေသော SAS (ကိုယ်တိုင် စည်းကြပ်သည့် စနစ်)အပါ ၂ မျိုးစလုံး အသုံးပြုနိုင်ရန် ပြုပြင်ပြောင်းလဲခြင်းလည်း ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီး ဌာနမှ သိရသည်။

OAS စနစ်ဆိုသည်မှာ အခွန်ပေးသွင်းသည့် ကိစ္စနှင့် ပတ်သက်ပြီး အခွန်ရုံးမှ တာဝန်ခံရပြီး SAS စနစ်ဆိုသည်မှာ အခွန် ထမ်းပြည်သူမှ ကိုယ်တိုင် တာဝန်ခံ ဆောင်ရွက်ရခြင်း ဖြစ်ပြီး အခွန်ထမ်းရန် ပျက်ကွက်မှု ရှိလျှင် ဒဏ်ငွေရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “လက်ရှိ ဝင်ငွေခွန် ဥပဒေ ရေးဆွဲထားတာက ၁၉၇၄ ခုနှစ်ထဲက ရေးဆွဲထားတာ နှစ်ပေါင်းအားဖြင့် ကြည့်လိုက်ရင် တော်တော်ကြာသွားပြီ။ နိုင်ငံတကာမှာလည်း အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနေတယ်။ ဒါကြောင့်မို့ ကျနော်တို့က ဥပဒေကို အသစ်ကို ပြန်လည် ရေးဆွဲတာ ဖြစ်ပါတယ်။ ဒီဥပဒေ သစ် ပြောင်းလဲလိုက်ရင် ပိုမိုပြီး ပြည့်စုံတဲ့ အခွန်ထမ်းတွေအတွက် ရှင်းလင်းမှုတွေ ဖြစ်လာမယ်”ဟု ဧရာဝတီသို့ ပြော သည်။

ဥပဒေ ပြောင်းလဲလိုက်ခြင်း အားဖြင့် အခွန်ရရှိငွေ အသုံးစရိတ်များနှင့် ပတ်သက်သော ယေဘုယျဆန်သည့် အချက် အလက်များကို ဥပဒေသစ်တွင် တိတိကျကျနှင့် အသေးစိတ် ထည့်သွင်းမည် ဖြစ်သောကြောင့် အခွန်ထမ်း ပြည်သူများ အနေနှင့် ပိုမိုရှင်းလင်းစွာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဥပမာ အရင် ဝင်ငွေခွန် ဥပဒေမှာ ဆိုရင် စုစုပေါင်း ရငွေ ရှိတယ်။ နောက်ပြီး ရငွေရဖို့အတွက် အသုံးစရိတ်တွေ ရှိမယ်။ အသုံးစရိတ်တွေ ဖယ်လိုက်ရင် အသားတင် အမြတ်တွေ ထွက်မယ်။ အဲဒါတွေကို ထုတ်ပယ်ခွင့်မပြုတဲ့ စရိတ်တို့ လုပ်ငန်း နဲ့ မဆီလျော် စရိတ်တို့ ဒီလောက်ပဲပါတယ်။ ယေဘုယျဆန်တဲ့ အချက်တွေ အခု ဥပဒေမှာက ဖော်ပြထားတယ်” ဟု ဦးမင်းထွဋ် က ပြောသည်။

ဆက်လက်၍ ၎င်းက “ဒါကြောင့် ဥပဒေအသစ် ကျရင်တော့ ဘာတွေပေးမယ် ဆိုတာ အသေးစိတ်တွေ ပိုပါလာမယ်။ အဲဒီ တော့ အခွန်ထမ်းတွေအနေနဲ့ ပိုပြီးတော့ ရှင်းလင်းမယ်။ ငါသည် ဒီစရိတ်တွေ သုံးရင် ငါဘယ်လောက်ပဲ သုံးခွင့်ရမယ်။ မရ ဘူး။ ပိုရှင်းလင်းသွားမယ်။ ဒီလိုပဲ အသေးစိတ်တွေ ရေးထားတဲ့ အတွက်ကြောင့် အခွန်ထမ်းက ပိုရှင်းလင်းသွားမှာ ဖြစ် တယ်” ဟု ပြောသည်။
ဝင်ငွေခွန် ဥပဒေသစ်ကို ၂၀၁၉ ခုနှစ်တွင် ပြဌာန်းနိုင်ရန် အတွက် ဥပဒေ မူကြမ်း ရေးဆွဲထားပြီး မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ ပြည်သူ့ ငွေစာရင်း ကောင်စီတို့နှင့် တွေ့ဆုံခြင်း၊ သက်ဆိုင်ရာ ဌာနများနှင့် ညိုနှိုင်း ဆောက်ရွက်ခြင်း၊ ရှေ့နေချုပ်ရုံးတင်ခြင်း အစရှိသည့် လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း ပြည် တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာတွင် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ကျပ် ၅၈၃၃ ဘီလီယံ ကောက်ခံရရှိထားပြီး ညွှန်ချုပ် အပါအဝင် အခွန်ရုံး ဝန်ထမ်း ၄၉၀၀ ကျော်ဖြင့် လုပ်ငန်းများ လည်ပတ်လ ျှက် ရှိသည်။

လက်ရှိ၌ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ကောက်ခံနေသော ဝင်ငွေခွန်ကို ၁၉၇၄ ခုနှစ် ဥပဒေနှင့် ကောက်ခံခြင်း၊ ကုန် သွယ်လုပ်ငန်းခွန်ကို ၁၉၉၀ ပြည့်နှစ် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေနှင့် ကောက်ခံခြင်း၊ အထူး ကုန်စည်ခွန်ကို ၂၀၁၆ ခုနှစ် အထူး ကုန်စည်ခွန် ဥပဒေနှင့် ကောက်ခံခြင်း၊ ရုံးခွန်ကို ၁၈၇၀ ပြည့်နှစ် ရုံးခွန် ဥပဒေနှင့် ကောက်ခံခြင်း၊ တံဆိပ်ခေါင်းခွန်ကို ၁၈၉၉ ခုနှစ် တံဆိပ်ခေါင်းခွန် ဥပဒေနှင့် ကောက်ခံပြီး အောင်ဘာလေ သိန်းဆုခွန်ကို ဌာန၏ ညွှန်ကြားချက်နှင့် အညီ ကောက်ခံလျက် ရှိကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန မှ သိရသည်။

Loading