ဘင်္ဂလားပင်လယ်အော်အား မျက်နှာမူထားသော ငါးဖမ်းလှေဆိပ်လေးတခုကို ပတ်ဝိုင်းထားသော ကျောက်ဖြူမြို့၏ လေထုထဲ မကြာမီ ချမ်းသာတော့မည်ဆိုသော မျှော်လင့်ချက် ရှိကောင်းရှိနေနိုင်သည်။
သစ်သား ငါးဖမ်းလှေများပေါ်မှ ချလာသည့် ပင်လယ်ထွက်ကုန်များ ရောင်းချပြီး အမှိုက်သရိုက်များ ပြန့်ကျဲနေသည့် ဆိပ်ကမ်းရှိ ပင်လယ်ပြင်ဘေးမှ ဈေးတွင် တရုတ်နိုင်ငံလုပ် အရုပ်များနှင့် စမတ်ဖုန်းများလည်း အများအပြား ရောက်ရှိလာသည်။
အနားတွင်ရှိသော အထပ်မြင့် ရုံးခန်းအဆောက်အဦးများနှင့် ရာသီဥတုကြောင့် ပျက်စီးနေသော ဘန်ဂလိုများနေရာတွင် အစားထိုးမည့် ဟိုတယ်များ တည်ဆောက်နေသည့် လုပ်ငန်းခွင်များကြား၌ နွားများက မြက်စားနေကြသည်။ ခေါင်မိုးပေါ်တွင် ဖွင့်ထားသည့် စားသောက်ဆိုင်များနှင့် ဂေါက်ကွင်းတခုက အသွင်ကူးပြောင်းမှု သဏ္ဍန်ကို ဖော်ပြနေကြသည်။
တိုးတက်မှု အများစုနှင့် မြေဈေးများ ခုန်တက်သွားခြင်းတို့က လူဦးရေ ၅၀၀၀၀ ရှိပြီး ဝေးလံသော မြန်မာနိုင်ငံ အနောက်ဘက်စွန်းရှိ မြို့တမြို့အတွက် အလွန်ကြီးမားသော လာဘ်တခုက ဝင်လာရန် စောင့်ဆိုင်းလို့နေသည်။ တရုတ်နိုင်ငံ၏ ငွေကြေးထောက်ပံ့မှုဖြင့် ဆောက်လုပ်မည့် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံတန် ရေနက်ဆိပ်ကမ်းတခု နှင့် စက်မှုဇုန်တခု ဖြစ်သည်။
သီရိလင်္ကာနှင့် ကင်မရွန်းတွင် တရုတ်နိုင်ငံက တည်ဆောက်ခဲ့သော ဆိပ်ကမ်းများ၏ ကုန်ကျစရိတ်ထက် ၇ ဆ ပိုများသော ရင်းနှီးမြှုပ်နှံမှု အစီအစဉ်က ကျောက်ဖြူမြို့ကို တရုတ်နိုင်ငံ၏ ခမ်းနားကြီးကျယ်သော ခေတ်သစ်ပိုးလမ်းမ ဗျူဟာမှ မည်သူက အမှန်တကယ် အကျိုးကျေးဇူး ခံစားရမည် ဆိုခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် အာရှတလွှားမှ အချေအတင် ငြင်းခုန်မှုများ၏ အလယ်ဗဟို သို့ ရောက်ရှိစေခဲ့သည်။
“ဆိပ်ကမ်းရဲ့ တကယ့် အန္တရာယ်ကတော့ စီမံကိန်းရဲ့ အလွန်ကြီးမားတဲ့ ကုန်ကျစရိတ်က မြန်မာ အစိုးရ ဘယ်လိုမှ ပြန်မဆပ်နိုင်တဲ့ အကြွေးအဆင့်ကို ရောက်ရှိသွားစေနိုင်တာပါပဲ” ဟု ဝါရှင်တန်ရှိ ဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စန်တာ မှ Asia Maritime Transparency Initiative ဆိုင်ရာ ဒါရိုက်တာ Greg Poling ကပြောသည်။ “အဲဒါက မြန်မာ နိုင်ငံအတွင်းက လက်ရှိနဲ့ အနာဂတ် စီမံကိန်းတွေနဲ့ ပေါင်းပြီး လာမယ့် နှစ်တွေ အတွင်းမှာ အကြွေး ထောင်ချောက် တခုထဲကို ရောက်သွားစေနိုင်ပါတယ်။”

ဆိပ်ကမ်းတည်ဆောက်ရန် ယခင် အရပ်သားတပိုင်း အစိုးရက CITIC ကို ရွေးချယ်ခဲ့သည့် လွန်ခဲ့သည့် ၃ နှစ်က စ၍ အဆိုပါ စိုးရိမ်ပူပန်မှုများက စတင်ပေါ်ထွက်လာခဲ့သည်။ တရုတ်နိုင်ငံ၏ ပထမဆုံးသော နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း ဖြစ်သည့် CITIC က စီမံကိန်း၏ ရှယ်ယာ ၇၀ ရာ ခိုင်နှုန်းကို ရယူရန် အဆိုပြုခဲ့သည်။ ကျန်သည့် ရှယ်ယာကို မြန်မာအစိုးရနှင့် ပြည်တွင်း ကုမ္ပဏီများ ပါဝင်သည့် အုပ်စု တခုက ခွဲဝေ ရရှိမည် ဖြစ်သည်။ တရုတ်ကုမ္ပဏီက စီးပွားရေးဇုန်ကို ၇၅ နှစ် လုပ်ကိုင်မည် ဖြစ်ပြီး မြန်မာ၏ ရှယ်ယာကို ထည့်ဝင်ပေးလိမ့်မည် ဖြစ်သည်။
“အဲဒါဆောက်မယ်လို့ ကျနော်တို့ ၂၀၁၅ ခုနှစ်ကထဲက ကြားနေရပါတယ်။ ဒါပေမယ့် အခုချိန်အထိတော့ ဘာမှဖြစ်မလာ သေးပါဘူး” ဟု စီးပွားရေးဇုန် အဖြစ် သတ်မှတ်သည့် နေရာအတွင်းတွင် ရှိသော ကဘလန် ကျေးရွာ အကြီးအကဲ အသက် ၃၄ နှစ် အရွယ် ဦးရွှေမောင်က ပြောသည်။ ထိုကျေးရွာတွင် အိမ်ထောင်စု ၄၆၀ ရှိပါသည်။ “ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲဆိုတာ ကျနော်တို့ အတိအကျမသိပါဘူး။ ဒါပေမယ့် အလုပ်အကိုင်တွေ ပေါ်ပေါက်လာလိမ့်မယ်လို့ ကျနော်တို့ အားလုံး မျှော်လင့်နေပါတယ်။”
ဒိုမေနီကန် သမ္မတနိုင်ငံထက်ပင် စီးပွားရေးသေးငယ်သည့် မြန်မာနိုင်ငံ အနေဖြင့် စီမံကိန်းအတွက် ချေးယူရန် လိုအပ်နေ သည့် ဘီလီယံနှင့် ချီသော ဒေါ်လာများကို ပြန်လည်ပေးဆပ်ရေးနှင့် ရပ်တည်ရေး အတွက် အခက်အခဲ ရှိနိုင် ကြောင်း အစိုးရထိပ်တန်း တာဝန်ရှိသူ အချို့က စိုးရိမ်နေကြသည်။
“အတိုး ပမာဏက အတော်လေးများတယ်။ ကျနော်တို့ ဂျပန် အစိုးရဆီက ရတဲ့ ချေးငွတွေလို မဟုတ်ဘူး။ တရုတ်ချေးငွေ တွေက အများကြီး ပိုဈေးကြီးတယ်” ဟု အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုစီးပွားရေး ကော်မတီဝင် တဦး ဖြစ်ပြီး ယခုအခါ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးသစ် ဖြစ်လာသူ ဦးစိုးဝင်းက ပြောသည်။ အဆိုပြုထားသည့် ချေးငွေနှင့် ပတ်သက်၍ အသေးစိတ်ပြောဆိုရန် သူက ငြင်းဆိုခဲ့သည်။
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ရန်ကုန်တောင်ပိုင်းရှိ သီလဝါတွင် ဒေါ်လာ ၃.၂၈ ဘီလီယံတန် အထူးစီးပွားရေးဇုန်တခု တည်ဆောက်ရန် ငွေကြေးကူညီထောက်ပံ့ခဲ့သည်။ သီလဝါ စီမံကိန်းနှင့် ယှဉ်ပြီး ကျောက်ဖြူ စီမံကိန်းကဲ့သို့ကြီးမားသော စီမံကိန်း မြန်မာတွင် လိုအပ်ခြင်း ရှိ မရှိ နှင့် တရုတ်ကုမ္ပဏီများ ဦးစီးပြီး တရုတ်နိုင်ငံအတွက်သာ ဂိတ်ပေါက်တခု ဖြစ်လာ မလာ စသည့် မေးခွန်းများ ဖြစ်စေခဲ့သည်။
“ဒီ ရေနက်ဆိပ်ကမ်းကနေ မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူး ခံစားရ မှာလား” ဟု မြန်မာနိုင်ငံမှ Parami Energy ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဦးကံထွန်းက ပြောသည်။ Parami Energy သည် စီမံကိန်းအတွက် ဆန်ကာတင်စာရင်း ဝင်ခဲ့သည့် တခုတည်းသော ပြည်တွင်း ကုမ္ပဏီတခု ဖြစ်သည်။ “တကယ်လို့ ကျနော်တို့မှာ ရေနက် ဆိပ်ကမ်းတခု ရှိပြီးတော့ အဲဒါကို မြန်မာက ထိန်းချုပ်တာ မဟုတ်ဘူးဆိုရင် အဲဒါ ပြသနာပဲ။”
မြန်မာ အစိုးရ အဖွဲ့ဝင် အချို့အတွက် အဓိက စိုးရိမ်ပူပန်မှုမှာ သီရိလင်္ကာတွင် ဖြစ်ခဲ့သည့် ကိစ္စဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်က သီရိလင်္ကာမှ Hambantota တွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် တရုတ်နိုင်ငံနှင့် ဖက်စပ် လုပ်ကိုင်ခဲ့သည်။ သီရိလင်္ကာ အစိုးရက စီမံကိန်းအတွက် ချေးငွေကို ပြန်မဆပ်နိုင်သည့်အခါ အကြွေးကျေရန် တရုတ်နိုင်ငံကို ၉၉ နှစ် လုပ်ပိုင်ခွင့် ပေးလိုက်ရသည်။
“တရုတ်နိုင်ငံက မြန်မာနိုင်ငံက နိုင်ငံရေး ကိစ္စတွေမှာ သြဇာလွှမ်းမိုးဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ကျနော်တို့ စိုးရိမ်တာက သီရိလင်္ကာလိုမျိုး အဆုံးသတ်သွားမှာကိုပါ” ဟု ဦးစိုးဝင်းက Bloomberg နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
စီမံကိန်း စီမံခန့်ခွဲရေး ကော်မတီကို ကြီးကြပ်ရသော မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်က ဆိပ်ကမ်းက အကြွေးအများအပြားနှင့် အဆုံးသတ်လိမ့်မည် ဆိုခြင်းကို ငြင်းဆိုခဲ့သည်။ တည်ဆောက်ရေး လုပ်ငန်းများက အဆင့်လိုက် ဖြစ်လာမည်ဟု သူက ပြောသည်။
“မြန်မာနဲ့ သီရိလင်္ကာက မတူပါဘူး။ ပထမအဆင့်ရဲ့ အောင်မြင်မှုအပေါ်မှာ အခြေခံပြီးတော့သာ ကျနော်တို့က နောက်တဆင့်ကို လုပ်မှာပါ” ဟု ဦးတိုးအောင်မြင့်က Bloomberg နှင့် အင်တာဗျူးတွင် ပြောသည်။
ဆိပ်ကမ်းနှင့် ပတ်သက်သည့် မေးခွန်းများကို မြန်မာ အစိုးရထံသို့ မေးမြန်းရန် CITIC က ပြောသည်။ “ညှိနှိုင်းဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကျနော်တို့က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလို့ မရပါဘူး” ဟု CITIC Myanmar ၏ အကြီးအကဲ Zhang Yue က အီးမေးလ်ဖြင့် ဖြေကြားသည်။

ကျောက်ဖြူအတွက် ရေရှည်စီမံကိန်းနှင့် ပတ်သက်၍ စိုးရိမ်သူက ဦးစိုးဝင်း တဦးတည်း မဟုတ်ပါ။ ဘင်္ဂလားပင်လယ်အော် ၏ အရှေ့ဖက် အစွန်တွင် တည်ရှိသော ကျောက်ဖြူမြို့သည် အိန္ဒိယ ရေတပ်က ၎င်းတို့၏ နယူကလီးယား လောင်စာသုံး ရေငုပ်သင်္ဘောများပါဝင်သည့် တပ်ဖွဲ့သစ်ကို အခြေချမည့် INS Varsha နှင့် တည့်တည့် နီးပါးတွင် ရှိနေသည်။
ကျောက်ဖြူအတွက် တရုတ်၏ စီမံကိန်းများနှင့် နီးစပ်သည့် မြန်မာအစိုးရ အရာရှိတဦးက တရုတ်နိုင်ငံက ဗျူဟာမြောက်၍ စီးပွားရေး အားသာချက်လည်း ရှိသော ဆိပ်ကမ်းတခု တည်ဆောက်နေခြင်း နှင့် ပတ်သက်၍ အမေရိကန်၊ သြစတြေးလျ နှင့် အရှေ့တောင် အာရှနိုင်ငံများမှ စစ်သံမှူးများက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆိုသည်။
“တရုတ်နိုင်ငံ အနေနဲ့ အိန္ဒိယ သမုဒ္ဒရာရဲ့ နေရာတော်တော်များကို ရောက်ရှိနိုင်တာမျိုး ဒါမှမဟုတ် နေရာယူနိုင်တာမျိုး လိုအပ်နေပါတယ်။ မြန်မာနိုင်ငံက ရေတပ်စခန်းတခု ရှိဖို့ ကောင်းတဲ့ နေရာတခု ဖြစ်ပါလိမ့်မယ်” ဟု သြစတြေးလျနိုင်ငံ အမျိုးသား လုံခြုံရေး ကောလိပ်မှ အကြီးတန်း ပညာရှင်တဦး ဖြစ်သည့် အိန္ဒိယ-တရုတ် ပင်လယ် ရေကြောင်းလုံခြုံရေး ကျွမ်း ကျင်သူ David Brewster ကပြောသည်။
အကယ်၍ မြန်မာအစိုးရက ဆိပ်ကမ်းကို တည်ဆောက်လိုခဲ့လျှင် တရုတ်ချေးငွေအတွက် အခြားရွေးချယ်စရာ အနည်းငယ် သာ ရှိပါလိမ့်မည်။ ရိုဟင်ဂျာ လူနည်းစုများ အပေါ်တွင် ပြုမူဆက်ဆံမှုကြောင့် အမေရိကန်နှင့် ဥရောပတွင် နိုင်ငံရေး အရ မကျေနပ်မှုများ ပေါ်ပေါက်နေခြင်းကြောင့် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးပြီး နိုင်ငံများကြားတွင် မဟာမိတ် နည်းပါးစေခဲ့သည်။
စီးပွားရေးမြို့တော် ရန်ကုန်၏ အနောက်တောင်ဘက် မိုင်၂၅၀ အကွာတွင် ရှိသော ကျောက်ဖြူက ရခိုင်ပြည်နယ် အတွင်း တွင် ရှိသည်။ ကုလသမဂ္ဂမှ လူ့အခွင့် အရေး ထိပ်တန်းတာဝန်ရှိသူများက လူမျိုးဖြုတ် ရှင်းလင်းမှုဟု ခေါ်ဝေါ်ခဲ့သည့် ပဋိပက္ခအတွင်း ပြီးခဲ့သည့် သြဂုတ်လမှ စ၍ ရိုဟင်ဂျာ ၆၀၀၀၀၀ ကျော် နေအိမ်စွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ကြသည်ကလည်း ရခိုင်ပြည်နယ်မှ ဖြစ်သည်။

ပြဿနာက မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများကို စိုးရိမ်စရာ ဖြစ်စေခဲ့သောကြောင့် တရုတ်နိုင်ငံက သံတမန် အဖွဲ့တခုကို ရခိုင်ပြည်နယ်သို့ ဒီဇင်ဘာလအတွင်းက စေလွှတ်ခဲ့သည်။
“သူတို့က သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုံခြုံရေးနဲ့ ပတ်သက်လို့ ပို သိချင်ခဲ့ကြတယ်။ တရုတ်တွေ တော်တော်များများ ဒီကို ဆင်းလာနေခဲ့ကြတယ်” ဟု ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သော NLD ပါတီ ကျောက်ဖြူ မြို့နယ် ဥက္ကဌ အသက် ၇၁ နှစ်အရွယ် ဦးအောင်ဒွန်းက ပြောသည်။
ကျောက်ဖြူတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့နေသည့် ဆိပ်ကမ်းများ ရှိနှင့်ပြီး ဖြစ်သည်။ ၂၀၁၃ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သည့် ပိုက်လိုင်းများက တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ယူနန်ပြည်နယ်သို့ လောင်စာများ တိုက်ရိုက် တင်ပို့ပေးနေသည်။ ကုန်သေတ္တာ ဆိပ်ကမ်းနှင့် ဆက်သွယ်မည့် ရထားလမ်းတခုကိုလည်း တည်ဆောက်ရန် စီစဉ်ထားသည်။
“ကျောက်ဖြူက သေချာပေါက်ကို ဖွံ့ဖြိုးနေပါတယ်။ အထူးစီးပွားရေး ဇုံက ထပ်ပြီးတော့ တိုးတက်စေလိမ့်မယ်လို့ ကျနော် တို့ မျှော်လင့်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ ကျောက်ဖြူမြို့နယ်ဥက္ကဌ အသက် ၅၃ နှစ် အရွယ် ဦးရန်မျိုးအောင်က ပြောသည်။ သူ၏ မိသားစုက လက်လီအရောင်းဆိုင် အများအပြား ဖွင့်လှစ်ရောင်းချနေသည်။
စီမံကိန်းမှ ရရှိလာမည့် အကျိုးအမြတ်များကို မျှော်လင့်နေသော ဒေသခံများထဲတွင် ဈေးဆိုင်ပိုင်ရှင် ဦးစောမောင်နုလည်း တယောက် အပါအဝင် ဖြစ်သည်။
“ဒီနေရာမှာ ဒီအိမ်နဲ့ ဆိုင်ကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆောက်ခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ စီမံကိန်းကြောင့်ပါ။ ဒီမှာ အလုပ်လုပ်ဖို့ လာကြတဲ့သူ အားလုံးက ပစ္စည်းတွေ ဝယ်ဖို့လိုလိမ့်မယ်လို့ ကျနော်တွေးခဲ့တယ်” ဟု ကလေး ၈ ဦး၏ ဖခင် အသက် ၅၈ နှစ် အရွယ် ဦးစောမောင်နုက ပြောသည်။ သူ့အိမ်မှာ ကျောက်ဖြူမြို့ အပြင်ဘက် စက်မှုဇုန် ပြုလုပ်ရန် အဆို ပြုထားသည့်နေရာ၏ အလယ်ဗဟိုရှိ အိမ်စုကလေးတခု ဖြစ်သော သိုင်းရှောင်းတွင် တည်ရှိသည်။
မြေဈေးက တဧကလျှင် ဒေါ်လာ ၂၀၀၀၀ မှ ၅၀၀၀၀ အထိ ထိုးတက်သွားကြောင်းနှင့် ထိုနေရာမှ ဖယ်ရှားရန် အစိုးရက သူ့ကို ဈေးကွက်ပေါက် ဈေးအတိုင်း ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။
စစ်ရေးအရ အကျိုးပြုနိုင်မည့် အလားအလာများ မပါဝင်လျှင်ပင် ကျောက်ဖြူ ဆိပ်ကမ်း၏ စီးပွားရေး အရ အားသာချက်က တရုတ်နိုင်ငံ၏ ရေကြောင်းပိုးလမ်းမ ဗျူဟာ အတွက် အရေးပါသော အစိတ်အပိုင်းတခု ဖြစ်သည်။
ဆိပ်ကမ်းက တနှစ်လျှင် ကုန်သေတ္တာ ၄.၉ သန်းကို ကိုင်တွယ်နိုင်လိမ့်မည်ဟု CITIC ကပြောသည်။ ဘရာဇီးလ် နိုင်ငံ၏ အကြီးဆုံး ကုန်သေတ္တာ ဆိပ်ကမ်း၏ လက်ရှိ စွမ်းဆောင်ရည်ထက် များစွာ ပိုနေသည်။ ပိုက်လိုင်း အတွက် ရေနံများလည်း တင်သွင်းပေးနိုင်မည် ဖြစ်သည်။ ရထားလမ်း ဆက်သွယ်နိုင်ခဲ့လျှင် ယူနန်ပြည်နယ်မှ ပို့ကုန်လုပ်ငန်း ရှင်များအတွက် အိန္ဒိယ သမုဒ္ဒရာသို့ ဖြတ်လမ်းတခု ပေးလိမ့်မည် ဖြစ်သည်။ အငြင်းပွားနေသော တောင်တရုတ်ပင်လယ်နှင့် ပြည့်ကျပ် ပိတ်ဆို့ နေသည့် မလက္ကာရေလက်ကြားတို့ကို ရှောင်ရှားနိုင်လိမ့်မည် ဖြစ်သည်။
“ယူနန်က သူတို့ အတွက် အရမ်းအရေးကြီးပါတယ်။ အဲဒါက ကုန်းတွင်းပိတ် ဖြစ်နေယ်။ တကယ်လို့ သူတို့က သူတို့ရဲ့ ကျောက်ဖြူ ဆိပ်ကမ်းကို ကုန်သွယ်ရေး ဆိပ်ကမ်းအနေနဲ့ အသုံးပြုမယ်ဆိုရင် ကျနော်တို့ ဝမ်းသာရမှာပါ။ ဒါပေမယ့် တကယ်လို့ သူတို့က အဲဒါကို စစ်အခြေစိုက် စခန်း ပုံစံမျိုး ပြောင်းလဲပစ်ချင်တယ် ဆိုရင်တော့ ကျနော်တို့ အလွန် ဝမ်းနည်းရပါလိမ့်မယ်” ဟု ဦးစိုးဝင်းက ပြောသည်။
(Bloomberg စီးပွားရေး သတင်းဌာနပါ Jason Koutsoukis ၏ The Fishing Port That May Become a $10 Billion Chinese Debt Bomb ကို ဘာသာပြန်ဆိုသည်။)