၂၀၁၈ ခုနှစ် သြဂုတ်လတွင် အသက်ဝင်မည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ် အရ ကုမ္ပဏီများ ပွင့်လင်း မြင်သာမှု အားကောင်း လာစေရန် အွန်လိုင်း မှတ်ပုံတင်စနစ်ကို စတင် ကျင့်သုံးသွားမည် ဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက“အွန်လိုင်း မှတ်ပုံ တင် စနစ် ဖြစ်တာကြောင့် ကုမ္ပဏီရဲ့ရာဇဝင်အားလုံးက အွန်လိုင်းမှာ ရှိသွားမယ်။ အခု လက်ရှိမှာ ကုမ္ပဏီ တခုက ဘယ်လောက်ထိ ဥပဒေ လိုက်နာမှုရှိတယ် မရှိဘူးဆိုတဲ့ မှတ်တမ်းတွေကို DICA နဲ့ ကုမ္ပဏီပဲ သိလိမ့်မယ်။ နောင် အနာဂတ်မှာတော့ တကမ္ဘာလုံး တနိုင်ငံလုံးက သိနိုင်ပြီ” ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၌ ယနေ့ ကျင်းပသည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ (၂၀၁၇) ရှင်းလင်းပွဲတွင် ဦးအောင်နိုင်ဦးက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာက အတည်ပြုထားပြီး ယင်းဥပဒေ အသက်ဝင်မည့် သြဂုတ် ၁ ရက်တွင် အွန်လိုင်းမှတဆင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို စတင်လုပ်ဆောင်နိုင်မည် ဖြစ်သည်ဟု ဆိုသည်။
လက်ရှိ ကုမ္ပဏီများ ပွင့်လင်းမြင်သာမှု အားနည်းသည့် အတွက် အားကောင်းလာစေရန် ယခု ဥပဒေ အသစ်တွင် လိုက်နာရမည့် အချက်များ ထည့်သွင်းထားခြင်း ဖြစ်ပြီး ဥပဒေအရ ပေးထားသည့် အခွင့်အရေး၊ အကာအကွယ်များ ကို လုပ်ငန်းရှင်များ အနေနှင့် ရယူသင့်သည်ဟုလည်း ဦးအောင်နိုင်ဦးက ပြောဆိုသည်။
အွန်လိုင်းမှ မှတ်ပုံတင်ထားသော ကုမ္ပဏီများသည် ဥပဒေလိုက်နာရန် ပျက်ကွက်ပါက အကြိမ်ရေ အလိုက် မင်နီ အမှတ်အသားဖြင့် ဖော်ပြထားမည် ဖြစ်ရာ အကယ်၍ ယင်းကုမ္ပဏီက ဝန်ကြီးဌာန တင်ဒါများ ဝင်ပြိုင်ခြင်း (သို့မဟုတ်) မိမိလုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်ရန် ချိတ်ဆက်လာပါက ကုမ္ပဏီ၏ နောက်ကြောင်း ရာဇဝင်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဝက်ဆိုက် www.dica.gov.mm/mm (MyCO) ၌ ဝင်ရောက် စစ်ဆေးနိုင်မည် ဖြစ်သည် ဟု ကုမ္ပဏီရေးရာ ဌာနခွဲမှ ညွှန်ကြားရေးမှုး ဦးမျိုးမင်း ကလည်း ပြောသည်။
အွန်လိုင်း မှတ်ပုံတင် စနစ်၌ အသစ် တည်ထောင်မည့် ကုမ္ပဏီများ သာမက တည်ထောင်ပြီး ကုမ္ပဏီ အဟောင်းများ လည်း ပြန်လည် မှတ်ပုံတင်ရမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ မှတ်ပုံတင်ရာတွင် ကုမ္ပဏီ မှတ်ပုံတင်ကြေးကို ကျပ် ၂ သိန်းခွဲ သတ်မှတ်ထားပြီး ကုမ္ပဏီ အဟောင်းများ အတွက်မူ အခမဲ့ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ပြောသည်။
မြန်မာသကြား ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းဌေးက“အွန်လိုင်းစနစ် ဖြစ်လာ မယ် ဆိုတဲ့အတွက် အချိန်ကုန်၊ ငွေကုန်သက်သာသွားမယ်။ ပွဲစား ရှာစရာ မလိုတော့ဘူးပေါ့။ တိတိကျကျ ဖြစ်လာ မယ်။ ဒါပေမယ့် အွန်လိုင်းမှာ တင်ထားတဲ့ အချက်အလက်တွေ မှန်ကန်မှု ရှိ မရှိဆိုတာ တကယ့် လက်တွေ့မှာ ဘယ်လို ပြန်စိစစ်မလဲ ဆိုတဲ့ အပိုင်းတော့ ရှိတာပေါ့”ဟု ပြောဆိုသည်။
အွန်လိုင်းမှ မှတ်ပုံတင်ရန်အတွက် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ တက်ဘလက် တို့ဖြင့် လျှောက်ထားနိုင်ပြီး အခက်အခဲရှိပါ က သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် သွားရောက်ကာ ဆောင်ရွက်နိုင်မည် ဟု သိရသည်။
ယခင် ကုမ္ပဏီ အက်ဥပဒေအဟောင်းမှာ ၁၉၁၄ ခုနှစ်က ပြဌာန်းခဲ့သည့်အတွက် ခေတ်စနစ်နှင့် မလျော်ညီတော့ဘဲ ကုမ္ပဏီများ အတွက် ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များ ရှိသဖြင့် ပြောင်းလဲ ပြင်ဆင်ခြင်း ဖြစ်ကြောင်း ယင်းဥပဒေ အသစ် ရေးဆွဲရာ၌ ပါဝင် အကူအညီ ပေးခဲ့သည့် Aust Cham Myanmar အဖွဲ့ ဥက္ကဋ္ဌ Mr. Chris Hughes က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ စုစုပေါင်း ၆ သောင်းကျော်ရှိပြီး အာဆီယံ နိုင်ငံများတွင် အရေ အတွက် အနည်းဆုံး ဖြစ်ကြောင်း သိရသည်။