စီးပွားရေး

စက်မှုဇုန်များ၏ စီမံခန့်ခွဲမှု စရိတ်များ ပြောင်းလဲကောက်ခံရန် အစိုးရ သုံးသပ်နေ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်အသီးသီးတွင် ကောက်ခံလျက်ရှိသော စီမံခန့်ခွဲမှု စရိတ်များကို ပြောင်းလဲကောက်ခံရန် ပြန်လည်သုံးသပ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။

“စက်မှုဇုန်များ မြှင့်တင်ရေး အတွက် အခြေခံ အဆောက်အအုံ မြှင့်တင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းသည် အဓိကကျသည့် အတွက် ယခုလက်ရှိကောက်ခံနေသည့် စီမံခန့်ခွဲမှု စရိတ်ဖြင့် အခြေခံ အဆောက်အအုံများ ပြုပြင်ရန်နှင့် ထိန်းသိမ်းဆောင်ရွက်ရန် မလွယ်ကူသဖြင့် ဇုန်အသီးသီးတွင် ငွေကြေးကောက်ခံမှုနှုန်းထားနှင့် ဆောင်ရွက်ချက်များကို စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီများနှင့် ပြန်လည်သုံးသပ် စိစစ်လျက်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေးကို မေလ ၃၁ ရက်နေ့က ကျင်းပရာတွင် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က စက်မှုဇုန်များ အဆင့်မြှင့်တင်ရေး ကြီးကြပ်မှုကော်မတီအနေဖြင့် လှိုင်သာယာ စက်မှုဇုန်အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေမှုအခြေအနေကို မေးမြန်းရာတွင် ဝန်ကြီးဒေါ်နီလာကျော်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များ အဆင့်မြှင့်တင်ရေးကော်မတီကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က နာယကအဖြစ် ဦးဆောင်ပြီး ၁၂ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ အင်မတန်မှ ကောင်းမွန်ပြီး ထိရောက်နိုင်တဲ့ ဖွဲ့စည်းမှု ဖြစ်ပါတယ်။ ဒီကော်မတီကို ဖွဲ့စည်းထားတာ လပေါင်းများစွာရှိပါပြီ ဒီအချိန်မှာ ဒီကော်မတီ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များကို အဆင့်မြှင့်တင်ဆောင်ရွက်မှုဟာ မြန်ဆန်ထိရောက်စွာ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်” ဟု ဦးဝင်းမောင်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များအဆင့်မြှင့်တင်ရေးအတွက် ကနဦးဆန်းစစ်မှုများအနေဖြင့် လှိုင်သာယာ၊ တောင်ဒဂုံနှင့် ရွှေပြည်သာစက်မှုဇုန်များအား လေ့လာခဲ့ရာ လှိုင်သာယာစက်မှုဇုန်များသည် ကျူးကျော်များပြားခြင်းသည် အဓိကပြဿနာ ဖြစ်နေပြီး ကျူးကျော်တဲများကြောင့် အမှိုက်နှင့် ရေမြောင်းပိတ်ဆို့ခြင်းကို ဆောင်ရွက်ရန် အခက်အခဲများရှိနေကြောင်း ဒေါ်နီလာကျော်က ပြောသည်။

ဆက်လက်ပြီး ဒေါ်နီလာကျော်က တောင်ဒဂုံစက်မှုဇုန်များသည် အခြေခံအဆောက်အဦပိုင်းတွင် အဆင့်မြှင့်တင်ရန် ပြုပြင်မှုများစွာ လိုအပ်နေပြီး ရေနုတ်မြောင်း ပိတ်ဆို့ခြင်း၊ လမ်းများပိတ်ဆို့ခြင်းနှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများ ဆောင်ရွက်ရန် လိုအပ်နေကြောင်း ၊ ရွှေပြည်သာ စက်မှုဇုန်များသည် လုံခြုံရေးအရ လိုအပ်ချက်များ၊ မီးသတ်ရေလှောင်ကန် ထားရှိနိုင်မှု အခြေအနေစသည့် လိုအပ်ချက်များ ရှိနေကြောင်း ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် စက်မှုဇုန်များအဆင့်မြှင့်တင်ရေး ကြီးကြပ်မှုကော်မတီကို ၂၀၁၇ခုနှစ် ဧပြီလ ၂၄ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading