ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ကျစေရန် အတွက် တည်ဆောက်မည့် Elevated Expressway (မိုးပျံလမ်း) ဒီဇိုင်းပုံစံကို လာမည့် သြဂုတ်လတွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ဝန်ကြီးဌာနက ဒီဇိုင်းပေးလိုက်မယ်။ မိုးပျံလမ်းဒီဇိုင်းကတော့ ၈ လပိုင်းနဲ့ ၉ လပိုင်းလောက်ဆိုရင် အပြီးထွက်ရမှာ ဖြစ်တယ်။ အဲဒီအခါကျရင် တွက်ချက်ရတဲ့ တင်ဒါရ ကုမ္ပဏီကို နောက်တဆင့်တင်ဒါ တင်ခိုင်းတော့မှာ ဖြစ်တယ်။ နည်းပညာကိုတော့ နိုင်ငံတကာမှာ သုံးတဲ့ နည်းပညာကို အသုံးပြုသွားမှာပါ”ဟု ၎င်းက ပြောသည်။
အဆိုပါ မိုးပျံလမ်းတည်ဆောက်ရန်အတွက် အပြည်ပြည်ဆိုင်ရာငွေကြေးကော်ပိုရေးရှင်း (IFC) နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြေပြင်စမ်းသပ်ခြင်း၊ ယာဉ်အသွား အလာအခြေအနေ အစရှိသည်တို့ကို သုတေသနပြုပြီး ပုံစံရေးဆွဲနေခြင်းဖြစ်သည်။
မိုးပျံလမ်း စီမံကိန်း ဒါရိုက်တာလည်းဖြစ်သူ ဦးကြည်ဇော်မြင့်က “ဒီဇိုင်းမှာက ကျနော်တို့ လိုချင်တဲ့ တန်အားဖြင့် ဘယ်လောက်ခံနိုင်ရမယ်။ အလေးချိန် ဘယ်လောက်ရှိရမယ်။ ဒါတွေကို အခုမှ ကျနော်တို့ တိုင်းတာ စစ်ဆေးနေတုန်းဖြစ်ပါတယ်။ နောက်တဆင့် တင်ဒါ ခေါ်ရင် လိုအပ်တဲ့ အထောက်အထားတွေ စည်းကမ်းချက်တွေ အကုန်လုံးကို ရင်းနှီးမြှုပ်နံှဖို့ စိတ်ဝင်စားတဲ့ သူကို ထည့်ပေးရမှာ အဲဒီတော့မှ ရင်းနှီးမြှုပ်နှံသူက ကျနော်တို့ ပေးလိုက်တဲ့ စာရွက်စာတမ်းကို ယူပြီး လုပ်ငန်းက တွက်ချေ ကိုက်၊ မကိုက်တွက် ပြီး ပြန်တင်ရမှာ ဖြစ်တယ်”ဟု ရှင်းပြသည်။
ယမန်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ အကြိမ် အစည်းအဝေးအပြီးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ရန်ကုန်မြို့ အတွင်း ပထမဆုံး မိုးပျံအမြန်လမ်း စီမံကိန်း ဆောက်လုပ်ရန်အတွက် ဘတ်ဂျက် အခက်အခဲ ရှိနေသဖြင့် ရင်းနှီးမြှပ်နှံမည့် ပြင်ပ ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ခေါ်ဆိုရခြင်းဖြစ်ကြောင်း မီဒီယာသို့ ပြောကြားထားသည်။
“ပုဂ္ဂလိကကိုပဲ ရွေးမှာပါ။ PPP ပေါ့၊ အဲဒီလိုသွားမှာပါ။ စီမံကိန်းကာလ ကို အတိအကျ သတ်မှတ်ထားတာတော့ မရှိသေးဘူး။ အခုက EOI ခေါ်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ တချို့လည်း နိုင်ငံခြားက ကုမ္ပဏီတွေ စိတ်ဝင်စားတာ ရှိတယ်လို့ ကြားတယ်” ဟု ဝန်ကြီးက ပြောသည်။
ရန်ကုန် တောင်ပိုင်းနှင့် မြောက်ပိုင်း ချိတ်ဆက်မည့် မိုင် ၃၀ ရှည်လျားသော မြန်မာ့ ပထမဆုံး အဆင့်မြင့်မိုးပျံ လေးလမ်းသွား အမြန်လမ်းစီမံကိန်းကို ပုဂ္ဂလိက ကဏ္ဍမှ ကန်ဒေါ်လာသန်း ၃၅၀ မှ သန်း ၄၀၀ အထိ အသုံးပြုမည်ဖြစ်ပြီး အဆိုပါစီမံကိန်းအတွက် အရည်အသွေးပြည့်ဝသော ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီတခု ရွေးချယ်ရန် နိုင်ငံတကာအဆင့်မီ တင်ဒါခေါ်ယူမည် ဖြစ်သည်။
အဆိုပါ မိုးပျံအမြန်လမ်း စီမံကိန်းသည် ရန်ကုန်မြို့တောင်ဘက်ရှိ ရန်ကုန်ဆိပ်ကမ်းမှ စတင်ပြီး မြောက်ဘက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်း အထိ မိုးပျံလေးလမ်းသွားအမြန် လမ်းကို ပုဂ္ဂလိက၊ အစိုးရပူး ပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပြီး၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC) တို့၏အကူအညီဖြင့် တင်ဒါများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရွေးချယ်မည်ဖြစ်သည်။
မိုးပျံလမ်း ရင်းနှီးမြှုပ်နှံရန် တင်ပြလာသော ကုမ္ပဏီများထဲမှ ပြည်သူများ မိုးပျံလမ်းကို ဈေးသက်သက်သာသာနှင့် အသုံးပြုနိုင်သလား၊ လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံမှု သေချာမှု ရှိမရှိ၊ နိုင်ငံတော်သို့ အခွန်ဘဏ္ဍာငွေ မည်မျှပြန်လည်ပေးသွင်းနိုင်သနည်း အစရှိသည့် အကြောင်းအရာများကို စဉ်းစားပြီးမှ သာလျှင် တင်ဒါအောင်မြင်မည့် ကုမ္ပဏီကို ရွေးချယ်သွားမည် ဖြစ်သည်။
အစီအစဉ် တဆင့်ချင်း အများပြည်သူသို့ ချပြသွားမည်ဖြစ်ပြီး မိုးပျံလမ်း စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး လမ်းစီမံကိန်းအတွက် (PPP) ပရောဂျက်ဖြစ်ပြီး ရန်ကုန်မြို့၏ ယာဉ်ကြောကြပ်တည်းမှုကို မည်မျှ ဖြေရှင်းပေးနိုင်မည်ကိုလည်း ဆန်းစစ်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ယင်း မိုးပျံလမ်းတည်ဆောက်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ (EOI) ကို မေလ ၁၈ ရက်တွင် ခေါ်ယူခဲ့ပြီး ဒုတိယအဆင့် တင်ဒါကို ဇူလှိုင်လ ကုန်ပိုင်းတွင် ထပ်မံခေါ်ယူသွားမည် ဖြစ်သည်။
မိုးပျံလမ်း စီမံကိန်းဒါရိုက်တာ ဦးကြည်ဇော်မြင့် က “အခု EOI ခေါ်ထားတယ်။ လာမယ့် တပတ်ထဲမှာပဲ ဒုတိယအဆင့် တင်ဒါခေါ်ဖို့ အစည်းအဝေးထိုင်မယ်။ မိုးပျံလမ်းကို ကျနော်တို့က ရန်ကုန်အတွင်းပတ်လမ်းလို့ ခေါ်တာပေါ့နော်။ “ဂ”ပုံစံရှိတယ်။ ကမ်းနားလမ်းမှာတော့ မိုးပျံလမ်းမဆောက်ဘူး။ ဘာလို့လဲ ဆိုတော့ မြို့ရဲ့ အလှအပကို ပိတ်သွားမှာဆိုးလို့။ မိုးပျံလမ်း အရှည်က ကီလိုမီတာ ၄၇ ဒသမ ၅ အကြမ်းဖျင်းတွက်ထားတယ်”ဟု ၎င်းက ပြောသည်။
ထိုစီမံကိန်းကို PPP concession agreement အရ စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း ၊အင်ဂျင်နီယာပိုင်းဆိုင်ရာကဏ္ဍ ၊ငွေကြေးဆိုင်ရာဘဏ္ဍာရေးကဏ္ဍ ၊စီမံကိန်းတည်ဆောက်ခြင်း ၊စီမံကိန်းလည်ပတ်ခြင်းနှင့် ပြု ပြင်ထိန်းသိမ်းခြင်းဆိုင်ရာကဏ္ဍများ အတွက် စိတ်ဝင်စားသော ပြည်တွင်း ၊ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။