ဒုတိယအကြိမ် Biggest Home Loan Expo brought to you by AYA Bank အိမ်ရာ အရောင်း ပြပွဲကြီးတွင် လူနေထိုင်ခွင့် ကျပြီးသား တိုက်ခန်းပေါင်း ၄ ထောင်ကျော်ကို AYA Home Loan အစီအစဉ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း AYA Bank, Business Unit Comportment ၏ Assistant Vice President ဦးဇာနည်လင်းက ပြောသည်။
Biggest Home Loan Expo brought to you by AYA Bank အိမ်ရာ အရောင်း ပြပွဲကို Shwe Property နှင့် AYA Bank တို့မှ ဒုတိယအကြိမ် ပူးပေါင်းပြီး ရန်ကုန်မြို့ နိုဗိုလ်တယ် ဟိုတယ်တွင် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့၌ မနက်၉ နာရီမှ ၆ နာရီအထိ ၂ ရက်ကျင်းပပြုလုပ်သွားမည် ဖြစ်သည်ဟု ဇွန်လ ၆ ရက်နေ့က အလုံမြို့နယ် ဧရာဝတီရုံးတွင် ပြုလုပ်သော ပြပွဲ အကြိုသတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောသည်။
AYA Bank, Business Unit Comportment ၏ Assistant Vice President ဦးဇာနည်လင်းက ”အလုပ်လုပ်နေတဲ့ အခြေခံ လူတန်းစားတွေ အိမ်ငှားနေထိုင်ရပြီး အိမ်ပိုင်စေချင်တာက AYA Bank Home Loan ရဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ အိမ်ငှားနေရတဲ့ အိမ်လခလောက်နဲ့တင် အိမ်ပိုင်ဆိုင်နိုင်မယ်ဆိုတဲ့ အချက်က အဓိက အချက်ဖြစ်ပါတယ်။ နေထိုင်ခွင့် BCC ကျပြီးသား အခန်းပေါင်း ၄ ထောင်ကျော် ပါဝင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ ပြပွဲမှာ အိမ်ဝယ်မှာမဟုတ်ပဲ အိမ်ရာချေးငွေ သက်သက်လာလျှောက်ချင်လည်း ရပါတယ်” ဟု ပြောသည်။
အဆိုပါပြပွဲတွင် ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ မြို့နယ်အစုံမှ တိုက်ခန်း၊ ကွန်ဒိုပေါင်း ၄၀၀၀ ကျော်ကို ရောင်းချပေးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ပြီးခဲ့သည့် မတ်လကုန်၌ ပြသခဲ့သည့် ပထမအကြိမ် အရောင်းပြပွဲတွင် AYA Home Loan အိမ်ရာချေးငွေ လျှောက်ထားဝယ်ယူသူ လူဦးရေ ၄၀ ခန့်ရှိပြီး ထပ်မံဝယ်ယူချင်သည့် သူများ ရှိနေသောကြောင့် ယခုကဲ့သို့ ဒုတိယအကြိမ် ထပ်မံပြုလုပ်ရခြင်းလည်း ဖြစ်သည်ဟု ၎င်းကရှင်းပြသည်။
ဧရာဝတီဘဏ်အနေဖြင့် အိမ်ရာများဝယ်ယူသော ဝန်ထမ်းများ၊ Customer များကို အနည်းဆုံးကျပ်တိုက်ခန်း တခန်းလျှင် အနည်းဆုံး သိန်း ၂၀၀မှ ကျပ်သိန်းပေါင်း သောင်းနှင့် ချီအထိ အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ဖြင့် ချေးငွေ ပေးသွားမည်ဖြစ်ပြီး ပထမထပ်ဆိုလျှင် Down payment အနေနှင့် ချေးငွေပိုချပေးမည် ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ သိရသည်။
“အခု ဈေးကွက်ရဲ့ လေ့လာ ဆန်းစစ်ချက်အရ ၁၅ နှစ်အထိ နှစ်ရှည် အရစ်ကျ ပေးတယ်ဆိုပေမယ့် လူတွေက ၇ နှစ်၊ ၈နှစ် လောက်နဲ့ ဝယ်ရတာကို အများဆုံးစိတ်ဝင်စားတယ်။ ဘာလို့လဲ ဆိုတော့ နိုင်ငံရဲ့ ချေးငွေ အတိုးနှုန်းအရ ၁၅ နှစ်ထက်ပိုသွားရင် ဝယ်သူရဲ့ ပေးရတဲ့ အတိုးက ဝယ်မယ့် အခန်းနဲ့က နှစ်ဆလောက်ဖြစ်သွားတယ်။ အဲဒီတော့ သိပ်ပြီးတော့ Effective မဖြစ်ဘူး”ဟု ဦးဇာနည်လင်း က ပြောသည်။
ဆက်လက်၍ ၎င်းက “ဒါကြောင့် ချေးငွေ ပုံစံကို ကျနော်တို့က Customer တွေအတွက် Effective အဖြစ်နိုင်ဆုံး ဖြစ်တဲ့ ကနဦးပေးသွင်းငွေ Down Payment ၃၀ ရာခိုင်နှုန်းပေးပြီးရင် ၁၅ နှစ်အရစ်ကျ ငွေပေးချေနိုင်တဲ့ စနစ်ကို စီစဉ်ထားတာ ဖြစ်တယ်”ဟု ပြောသည်။
ဘဏ်မှ ချေးငွေထုတ်ချေးပေးရာတွင် အိမ်ရာဝယ်ယူသူ၏ လစာကို ကြည့်၍ ဖြစ်စေ၊ ကုမ္ပဏီပိုင်ရှင်ဆိုလျှင်လည်း ကုမ္ပဏီ၏ ဝင်ငွေ၊ထွက်ငွေကို ကြည့်၍ ဖြစ်စေ၊ အသေးစား အလတ်စား လုပ်ငန်းရှင်များ ဆိုလ ျှင်လည်း ၎င်းတို့၏ လုပ်ငန်းဝင်ငွေအပေါ် မူတည်၍ တွက်ချက်ကာ ထုတ်ချေးပေးခြင်းဖြစ်ပြီး အိမ်ရာဝယ်ယူမည်ဆိုလျှင် အချက်၂ ချက်နှင့် ကြည့်၍ ဆုံးဖြတ်ခြင်းဖြစ်သည်။
AYA ချေးငွေ လျှောက်ထားသူများအနေနှင့် သန်းခေါင်စာရင်း၊ ရဲစခန်းထောက်ခံစာ၊ မှတ်ပုံတင်၊ လစဉ် ပုံမှန်ဝင်ငွေ အထောက်အထားစာရွက်များ ပြည့်စုံပြီ ဆိုလျှင် home Loan လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ဧရာဝတီဘဏ်မှ သိရသည်။
Shwe Property.com တည်ထောင်သူ ဦးကောင်းသူဝင်းက “ ဒီပြပွဲက ဘဏ်ချေးငွေ ထောက်ပံ့မှု အစီစဉ်နဲ့ ကျင်းပတဲ့ ပြပွဲ တခုပြီးတော့ ဝယ်ယူလိုက်တာနဲ့ မိသားစုတွေက ကိုယ့်ရဲ့ ကိုယ်ပိုင် အိမ်ပေါ်ကို အမြန်ဆုံးပြောင်းရွှေ့နိုင်တယ်။ နောက်တခု ကတော့ အခု ဒုတိယအကြိမ်ပြပွဲမှာ တနေရာထဲ အိမ်ရှာပြီး ဘဏ်ချေးငွေ တခါတည်း လျှောက်လို့ရမယ့် One- Stop- Destination ဖြစ်တယ်။ တိုက်ခန်းတွေကတော့ ရန်ကုန်မှာရှိတဲ့ မြို့နယ်စုံကပါမယ်။ BCC ကျပြီးသားအပြင် အခြား ကုမ္ပဏီကြီးတွေက ပြမယ့် ကွန်ဒိုတွေလည်းပါမယ်”ဟု ပြောသည်။
AYA Home Loan အစီအစဉ်ဖြင့် တိုက်ခန်းများ ရောင်းချခဲ့သော ပထမအကြိမ် ပြပွဲတွင် ပုံမှန် အခန်းပေါင်း ၂၀၀ နှင့် ၃၀၀ ဝန်းကျင်ခန့် ရောင်းချရပြီး လူဦးရေ ၈ ထောင်နှင့် ၁ သောင်းကြား လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
ထူးခြားချက်က အရင်က ဘဏ်နှင့် ချိတ်ဆက်ပြီးဝယ်လျှင် ရောင်းရမည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ဘဏ်တို့မှ ချိတ်ဆက်ထားမှသာ ဝယ်ယူသူများက ဝယ်ယူနိုင်မည် ဖြစ်ပြီး ယခု AYA Home Loan စနစ်မှာက ချိတ်ဆက်စရာမလိုကြောင်း ဝယ်ယူသူမှ တိုက်ရိုက်ဝယ်ယူနိုင်ကြောင်း ဦးကောင်းသူဝင်းက ပြောသည်။
AYA Home Loan ဆိုသည်မှာ တိုက်ခန်း၊ ကွန်ဒို နှင့် အသင့်နေထိုင်နိုင်သော အိမ်နှင့်မြေ အစရှိသည်တို့ကို လွယ်ကူစွာ ဝယ်ယူနိုင်ရန် အတွက်အဆောက်အဦ တန်ဖိုးအား အရစ်ကျစနစ်ဖြင့် လစဉ်ပြန်လည် ပေးဆပ်နိုင်ရန် ဧရာဝတီဘဏ်မှ ဘဏ္ဍာရေး အထောက်အပံ့ပေးခြင်း ဖြစ်သည်။
ဧရာဝတီဘဏ်မှ AYA Home Loan ချေးပေးခြင်းမှာ အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် အဓိကအားဖြင့် ပုံမှန် လခရရှိနေသော ဝန်ထမ်းများကို အိမ်ပိုင်ရရှိစေရန် လုပ်ဆောင်ပေးခြင်း၊ SMEs လုပ်ငန်းရှင်များအနေနှင့်လည်း ရင်းနှီးမြှုပ်နှံမှုများကို အိမ်ရာများတွင် ထည့်ထားစေရန် အတွက် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ယင်းဘဏ်မှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်– အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်မည့် AYA Home Loan Launch အိမ်ရာ အရောင်းပြပွဲ