မြန်မာနိုင်ငံ၌ လက်ရှိ လုပ်ကိုင်နေသော ဈေးကွက်ဝေစုများ အတိုင်း ပြည်တွင်း ဘဏ်အသစ် ၃ခုကို ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။
မြန်မာနိုင်ငံ ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က “ဒီနှစ်ထဲမှာတော့ ဘဏ် ၃ ခုကတော့ ဖွင့်နိုင်မှာပါ။ အားလုံးက အဆင်သင့် ဖြစ်နေပါပြီ။၂၀၁၇ ခုနှစ်ထဲမှာ အစိုးရအဖွဲ့က အတည်ပြုတဲ့ ဘဏ်က ဒီ ၂၀၁၈ ခုနှစ်ထဲမှာ ဖွင့်နိုင်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အသစ် ဖွင့်လှစ်မည့် ဘဏ်သစ် ၃ ခုမှာ Glory Farmer Development Bank (ဂုဏ်ထူးဆောင် တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်)၊ Myanmar Tourism Bank (မြန်မာ့ခရီးသွား လုပ်ငန်းဘဏ်)နှင့် Mineral Development Bank (သတ္တုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်) တို့ ဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရသည်။
“ဘဏ် ၃ ခုက အစိုးရအဖွဲ့က အတည်ပြုပြီးလို့ လိုင်စင်ထုတ်ပေးဖို့ အဆင့်ပဲ ရှိပါတော့တယ်။ ဘဏ် ၁ ခုကတော့ လိုင်စင် ထုတ်ပေးလိုက်ပါပြီ။ Global Famer ဘဏ်ဖြစ်တဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ဖွံ့ဖြိုးရေးဘဏ် ကတော့ လိုင်စင်ထုတ်ပေး လိုက်ပါပြီ။ ခရီးသွားဘဏ်နဲ့ သတ္တုတွင်းဘဏ် တို့ကတော့ သိပ်မကြာခင် လိုင်စင်ရတော့မှာဖြစ်ပါတယ်” ဟု ဦးဝင်းသော်က ဆိုသည်။
ပြည်တွင်း၌ ဘဏ်အသစ်များ ဖွင့်လှစ်ရန် ဘဏ် ၅ ခုမှ လျှောက်ထားခြင်းဖြစ်ကာ ယင်းအနက် ၃ ခုအား အတည်ပြု လိုက် ခြင်း ဖြစ်ပြီး Mandalay Farmer Development Bank (မန္တလေး လယ်သမားများဖွံ့ဖြိုး တိုးတက်ရေး ဘဏ်)နှင့် Shwe Nann Saw Bank (ရွှေနန်းစော ဘဏ်)တို့ကို စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။
ကမ္ဘောဇဘဏ် အကြံပေး ဦးသန်းလွင်က “ဘဏ်အသစ်က သေးသေးလေးဖွင့်မယ် ဆိုရင်တော့ ဈေးကွက်ကို သိပ်တော့ မထူးဘူးပေါ့ဗျာ။ ဘဏ်ဆိုတာ ကြီးလာမှ ကောင်းမှာ။ အမှန်တော့ ဘဏ်တွေကို ပြန်ပေါင်းဖို့တောင် ကောင်းနေတယ်။ သူများနိုင်ငံတွေဆိုရင် ဘဏ်တွေ ကြီးအောင်လုပ်နေတယ်။ ယှဉ်ပြိုင်နိုင်အား ရှိအောင် လုပ်တာဖြစ်တယ်။ ဘဏ်က သေး သေးလေးဆိုရင် နိုင်ငံခြားဘဏ်တွေ လာရင် မယှဉ်ပြိုင်နိုင်ဘူး။ အင်အားလည်း နည်းတယ်” ဟု ပြောသည်။
သို့ဖြစ်၍ အသေးစား ဘဏ်အသစ်များကို ပေးမည့်အစား ဘဏ်များကြီးထွားနိုင်ရန် အတွက် ဘဏ်ငယ်များကို ပြန်၍ ပေါင်းစည်းလိုက်သင့်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
လက်ရှိအချိန် အထိ နိုင်ငံပိုင်ဘဏ် ၄ ခု၊ ပုဂ္ဂလိက ပြည်တွင်းဘဏ် ၂၄ ခုနှင့် နိုင်ငံခြားဘဏ် ၁၃ ခုတို့ရှိနေပြီး နိုင်ငံခြား ကိုယ်စားလှယ် ရုံးခွဲပေါင်း ၄၈ ခုနှင့် ငွေရေးကြေးရေး ကုမ္ပဏီ ၁၇ ခု ရှိကြောင်း၊ ဘဏ်သစ်ဖွင့်လှစ်ရာတွင် ဘဏ်တခုလျှင် ငွေကျပ် ဘီလီယံ ၂၀ ဖြင့် မတည်ရင်းနှီးရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တဝှမ်း၌ ပုဂ္ဂလိက ဘဏ်ခွဲပေါင်း ၁ ထောင်ကျော်ရှိပြီး ကမ္ဘောဇဘဏ်မှာ ဘဏ်ခွဲ စုစုပေါင်း ၅၀၀ ခန့် ရှိရာ ဘဏ်ခွဲ အများဆုံး ပုဂ္ဂလိကဘဏ် ဖြစ်သည်။
ယင်းအပြင် ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ်များကို ပြည်တွင်းဘဏ်များကဲ့သို့ လုပ်ကိုင်ခွင့် မကြာခင် ပေးမည် ဖြစ်သော ကြောင့် ပြည်တွင်းဘဏ်များ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် အတွက် စည်းကမ်းချက်များ အတိုင်း လက်ရှိအချိန်၌ ကိုင် တွယ် ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်မှ သိရသည်။