လာမည့် နှစ်အနည်းငယ် အတွင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏကို အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ထိ ရောက်ရှိရန် ခန့်မှန်းထားကြောင်း အိန္ဒိယ ကောင်စစ်ဝန်ချုပ် မစ္စတာ နန္ဒဆင်း က ပြောသည်။
မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၌ ယနေ့ (ဇွန် ၁၃) ၌ ကျင်းပခဲ့သည့် အိန္ဒိယ အရှေ့မြောက် ဒေသနှင့် မြန်မာနိုင်ငံ အကြား စီးပွားရေး ကွန်ရက် ချိတ်ဆက်ခြင်း ဆွေးနွေးပွဲတွင် ၎င်းက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
“ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့အတွက် နှစ်နိုင်ငံလုံး ကြိုးစားရမှာ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ခဲ့ပြီးဖြစ်သလို အခု လက်ရှိမှာလည်း မြန်မာအစိုးရက စီးပွားရေး အခွင့် အလမ်းတွေအတွက် မူဝါဒပိုင်း ဖော်ဆောင်နေတာကိုလည်း တွေ့ရပါတယ်” ဟု မစ္စတာ နန္ဒဆင်း က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆-၁၇ ခုနှစ် ဘဏ္ဍာနှစ်၌ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ၂ ဒသမ ၂ ဘီလီယံရှိခဲ့ပြီး ၂၀၁၇-၁၈ ခုနှစ်အတွင်း နယ်စပ် ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ သန်း ၉၀ ခန့်ရှိခဲ့ကြောင်း အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ သိရသည်။
မစ္စတာ နန္ဒဆင်းက “ကျနော့်အနေနဲ့ အခုလို နှစ်နိုင်ငံအတွက် အလားအလာ ရှိတဲ့ ကုန်သွယ်မှု ကဏ္ဍကိုသာမက အခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ ကိုလည်း အတူ ဆောင်ရွက်ကြဖို့ လိုလားပါ တယ်” ဟု ပြောသည်။
အဆိုပါ ဆွေးနွေးပွဲ၌ အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသမှ စိုက်ပျိုးရေး၊ ဆေးဝါး၊ ခရီးသွား လုပ်ငန်း၊ အဝတ်အထည်၊ ကျန်းမာရေး၊ ပညာရေး၊ ဆောက်လုပ်ရေး အစရှိသည့် ကဏ္ဍများမှ လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးကြကာ မန္တလေးတိုင်း အခြေစိုက် လုပ်ငန်းရှင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ကြမည် ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက “ကျနော်တို့ နိုင်ငံမှာ မူဝါဒ တချို့ အားနည်းနေတာရှိ တယ်။ ဒါတွေကို အစိုးရက သိပေမယ့် စိတ်ရှိတိုင်း ပြင်လိုက်၊ ပြောင်းလိုက်လို့ မရဘူး။ အဲဒါကြောင့်လည်း လုပ်ငန်းရှင် တွေကို ရဲရဲတင်းတင်း ဆွဲမခေါ်နိုင်ဘူး ဖြစ်နေတယ်။ အဲဒီလို အခြေအနေမှာ အခုလို တခြားနိုင်ငံက လုပ်ငန်းရှင်တွေ လာရောက် ဆွေးနွေးကြတဲ့အခါ လုပ်ငန်း သဘောတူတဲ့သူ အချင်းချင်း သေချာ ပြောကြည့် စေချင်တယ်” ဟု ပြော သည်။
အိန္ဒိယ၏ အရှေ့မြောက်ပိုင်း ဒေသ GDP ၏ ၈၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေး ကဏ္ဍဖြစ်ပြီး အဓိကအားဖြင့် စပါးနှင့် ဂျုံကို စိုက်ပျိုးကြကြောင်း မဏိပူရ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းက သိရသည်။
“ကျနော်တို့ ဒေသနဲ့ ဆက်စပ်တဲ့ စစ်ကိုင်းတိုင်း ဆိုရင်လည်း စိုက်ပျိုးရေး အဓိက ဖြစ်တယ်။ ဒါပေမယ့် ဆင်းရဲနွမ်းပါးမှု တချို့တော့ ရှိနေသေးတာကို တွေ့ရတယ်။ အဲဒါကြောင့် စိုက်ပျိုးရေး အဓိကဖြစ်တဲ့ ဒေသအချင်းချင်း ချိတ်ဆက် ရောင်းဝယ်တာမျိုး လုပ်နိုင်မယ်ဆိုရင် ဈေးကွက် ပိုကျယ်ပြန့်လာမှာ ဖြစ်သလို နှစ်ဖက် အကျိုးအမြတ် ရှိမှာလည်း ဖြစ်တယ်” ဟု မဏိပူရ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၏ အထွေထွေ အတွင်းရေးမှုး Mr. Jotin က ပြောသည်။
အိန္ဒိယနိုင်ငံ၏ Act East Policy (အရှေ့မျှော် မူဝါဒ) အရ မြန်မာနိုင်ငံသည် မဟာဗျူဟာ ကျသည့် ပထဝီ အနေ အထားကို ပိုင်ဆိုင်ထားပြီး အာဆီယံ နိုင်ငံများအနက် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသဖြင့် အာဆီ ယံ၏ တံခါးပေါက် (Gateway) နိုင်ငံတခုလည်း ဖြစ်သည်ဟု ဆိုသည်။
မန္တလေးမြို့ အိမ်ခြံမြေ လုပ်ငန်းရှင် တဦးဖြစ်သူ ကိုဝဏ္ဏစိုးက “အိန္ဒိယက အလုပ်တခုကို ဘက်ပေါင်းစုံက သေချာ စဉ်းစားပြီး လုပ်ကြတာများတယ်။ ပြီးတော့ ကုန်သွယ်မှုဆိုလည်း လမ်းပန်း ဆက်သွယ်ရေးမှာ သိပ်မဖွံ့ဖြိုးသေးသလို နယ်မြေ မလုံခြုံတဲ့ အပိုင်းတွေလည်း ရှိနေသေးတော့ အိမ်နီးချင်း နိုင်ငံနဲ့ ယှဉ်ရင်တောင် တရုတ်က ခြေတလှမ်း သာတဲ့ အနေအထားမျိုး ရှိနေတာပေါ့” ဟု ဧရာဝတီကို ပြောသည်။
အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များဖြစ်သည့် ပဲအမျိုးမျိုး၊ ဆန်တို့ အများဆုံး တင်ပို့လျှက်ရှိပြီး သစ်တောထွက်ပစ္စည်း၊ စက်မှုလက်မှု သုံးပစ္စည်းနှင့် ရေထွက်ပစ္စည်းတို့ တင်ပို့ကြောင်းနှင့် မြန်မာနိုင်နှင့် ကုန်သွယ် ဘက် နိုင်ငံများအနက် အိန္ဒိယ နိုင်ငံမှာ အဆင့် ၈ နေရာဝန်းကျင်တွင် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။