မန္တလေးတိုင်းဒေသကြီး အတွင်းသို့ ၂ဝ၁၈ ခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၅ သိန်း ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးညွန်ကြားမှု ဦးစီးဌာန၏ အဆိုအရ သိရသည်။
“နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ တောတောင် သဘာဝအလှ၊ တိုင်းရင်းသား လူမျိုးတွေရဲ့ မတူကွဲပြားတဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်၊ လူနေမှုဘဝပုံစံနဲ့ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံတွေကြောင့် လာရောက်လည်ပတ်မှုတွေ မြင့်တက်လာတာပါ၊ ဒီနှစ်ထဲမှာ ခရီးသွား ၅ သိန်းအထိ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။
မန္တလေးတိုင်းဒေသကြီး အတွင်းသို့ ၂ဝ၁၇ ခုနှစ်အတွင်းက နိုင်ငံတကာခရီးသွားဧည့်သည် ၄ သိန်း ၅ သောင်း ဝင်ရောက်မည်ဟု ခန့်မှန်းထားခဲ့ရာ ခန့်မှန်းသည်ထက် ၃ သောင်းကျော် ပိုမိုဝင်ရောက်ခဲ့သည်။
”ဒီနှစ် ခန့်မှန်းထားတဲ့ ခရီးသွားဝင်ရောက်နိုင်ဖို့အတွက် မိုးတွင်းကာလမှာ ခရီးသွားတွေကို ဆွဲဆောင်တဲ့ အစီအစဉ်တွေလည်း လုပ်ဆောင်နေတယ်၊ ဥပမာ ဟိုတယ်တွေက ဈေးနှုန်းချပေးတာတွေ၊ ဧည့်လမ်းညွှန်နဲ့ ခရီးသွားကုမ္ပဏီတွေရဲ့ ဈေးနှုန်းတွေကိုပါ ပြင်မယ်၊ နောက် ဧည့်လမ်းညွှန်တွေကိုလည်း အဆင့်မြှင့်တင်တယ်၊ ခရီးသွားတွေ ပိုမိုဝင်ရောက်လာအောင် နေရာအသစ်၊ ခရီးစဉ်အသစ်တွေကိုလည်း ရှာဖွေသွားဖို့ရှိတယ်၊ အရေးကြီးတာကတော့ နယ်မြေအေးချမ်းရင် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်မှာပါ” ဟု ဦးစန်းယုက ဆက်လက်ပြောသည်။
၂၀၁၈ ခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ပိုမိုဝင်ရောက်လာရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဌာနဆိုင်ရာများဖြင့် ချိတ်ဆက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
“ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှု မြင့်တက်ဖို့အတွက်က အဓိကအကျဆုံးက ပြည်တွင်း အေးချမ်းတည်ငြိမ်ဖို့ပါ။ ပြီးတော့ နိုင်ငံခြားသား သွားလာလည်ပတ်ခွင့် ပိတ်ထားတာတွေကို အတတ်နိုင်ဆုံး ဖြေလျှော့ရမယ်။ နောက် နိုင်ငံခြားသားတွေအတွက် ကောင်းမွန် ပြည့်စုံတဲ့ အစီအမံတွေကိုလည်း ကြိုတင် ဆောင်ရွက်ပေးထားသင့်တယ်၊ ဒါမှသာ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ခရီးသွား ဧည့်လမ်းညွှန်အသင်းမှ ဦးသိန်းထိုက်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးသို့ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုအနေဖြင့် ၂ဝ၁၅ ခုနှစ်တွင် ၃ဝ၆၄၃၂ ဦး၊ ၂ဝ၁၆ ခုနှစ်တွင် ၃၈၅ဝ၃၁ ဦး၊ ၂ဝ၁၇ ခုနှစ်တွင် ၄၈၃၇၈၄ ဦး ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
“နိုင်ငံခြားခရီးသွားတွေ စိတ်ဝင်စားမှုရှိအောင် ပြည်တွင်းမှာ မြန်မာ့ရိုးရာလက်ဝှေ့ပွဲတွေ၊ မီးထွန်းပွဲ၊ လမ်းလျှောက် သင်္ကြန်ပွဲတွေ၊ Trevel Show တွေ ကျင်းပပြီး ဆွဲဆောင်တယ်။ ခရီးသွားလုပ်ငန်းတွေနဲ့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသလို ခရီးသွားလုပ်ငန်းမှာ အထောက်အကူ ဖြစ်စေမယ့် ဝန်ဆောင်မှု ကောင်းအောင် သင်တန်းတွေပေးပြီး ဆောင်ရွက်နေတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ဆက်လက် ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၆ ခုနှစ် နှစ်ချုပ် စာရင်းနှင့် နှိုင်းယှဉ်ချက်အရ ၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အဆိုပါနှစ်ချုပ်စာရင်းများအရ ၂၀၁၆ ခုနှစ်က ၃၈၅၀၃၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၄၈၃၇၈၄ ဦး ဝင်ရောက်ခဲ့သလို၊ ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ၂၂၇၆၉၂ ဦး ဝင်ရောက်ပြီးဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု၌ တရုတ်နိုင်ငံမှ အများဆုံးဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နယ်စပ်ဂိတ်ပေါက်များမှ တဆင့် ဝင်ရောက်လည်ပတ်မှု ပိုမို များပြားခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
ယခုအခါ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားများအား ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အဓိကမြို့ကြီးများ၌ အင်ဖော်မေးရှင်းကောင်တာ ၁၉ ခု ဖွင့်လှစ်ထားပေးထားကြောင်း၊ ကမ္ဘာလှည့်ခရီးသွား ပိုမို ဝင်ရောက်လာစေရန် အတွက်လည်း ရိုးရာ လက်မှုပညာရပ်များနှင့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုများကို ဖော်ထုတ်တင်ဆက်နိုင်ရန် လုပ်ဆောင်လျက်ရှိသလို၊ ဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များ ဖောက်ဖျက် ကျူးလွန်ထားသော ဟိုတယ်လုပ်ငန်းများအား လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည့်အထိ အရေးယူ ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဟု သိရသည်။