ရာသီဥတု အညွှန်းကိန်းနှင့် ပတ်သက်သည့် သီးနှံအာမခံ စနစ်တခု ထားရှိနိုင်ရေး အတွက် နိုင်ငံပိုင် မြန်မာ့အာမခံ လုပ်ငန်း က ယခုနှစ်အတွင်း ရှေ့ပြေး စီမံကိန်း စတင်ရန် စီစဉ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး (စီမံ/ဘဏ္ဍာ) ဝန်ကြီးဌာနက သိရသည်။
စီမံ/ဘဏ္ဍာ လက်အောက်ရှိ မြန်မာ့အာမခံ လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ စန္ဒာဦး က “ရာသီဥတု အညွှန်း ကိန်းနဲ့ ပတ်သက်တဲ့ သီးနှံအာမခံကို လုပ်မှာဖြစ်တယ်။ Pilot Project (ရှေ့ပြေးစီမံကိန်း) အတွက် ကွင်းဆင်းဖို့ ဝန်ကြီးဆီ ကို စာတင်ဖို့ ပြင်ဆင်နေပြီ။ ဒီတပတ် အတွင်းတော့ တင်မှာပါ” ဟု ဧရာဝတီ သို့ ပြောသည်။
ယခုနှစ်အတွင်း အဆိုပါ စီမံကိန်း စတင်နိုင်ရန် မြန်မာ့အာမခံ လုပ်ငန်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မိုးလေဝသ ညွှန်ကြားမှု ဦးစီးဌာန အစရှိသည့် ဌာနများနှင့် ပူးပေါင်း လုပ်ဆောင်နေကြောင်း သိရသည်။
ဒေါက်တာ စန္ဒာဦး က “ရာသီဥတု ညွှန်းကိန်းဆိုရင် မိုးရေချိန်ကိုပဲ လုပ်တာပေါ့လေ။ မိုးရေချိန်မှာ အမြင့်ဆုံး မိုးရေချိန်က ဒီလောက်ဆိုပြီး အာမခံက သတ်မှတ်ထားတာ။ အဲဒီ မိုးရေချိန် ၁ လက်မလျော့တိုင်း မြန်မာ့အာမခံက လျော်မယ်။ အာမခံ ထားမယ့် လယ်သမားက ကိုယ်ပိုင်လယ်ရှိဖို့ပဲ အရေးကြီးတာ။ ဒါဆိုထားလို့ရတယ်” ဟု ရှင်းပြသည်။
သီးနှံအာမခံ ဆိုသည်မှာ သီးနှံအထွက်နှုန်းပေါ်ထားသည့် အာမခံစနစ်နှင့် ရာသီဥတု ညွှန်းကိန်းပေါ် ထားသည့် စနစ် ဟူ၍ ၂ မျိုးရှိပြီး မြန်မာနိုင်ငံ၌ ရာသီဥတု ညွှန်းကိန်းပေါ် ထားသည့် အာမခံစနစ် ဖြင့်သာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရ သည်။
အထွက်နှုန်းပေါ် အာမခံထားသည့် စနစ်မှာ ထွက်ရှိသည့် လယ်ဧက အလိုက် ထွက်ရှိမှုနှုန်း အပေါ် အာမခံခြင်း ဖြစ်ပြီး သတ်မှတ်နှုန်းအတိုင်း သီးနှံမထွက်ပါက အာမခံ ကုမ္ပဏီက လျော်ကြေးငွေ ပေးရသည့် အတွက် ယင်းစနစ်မှာ ဆုံးရှုံးနိုင် ခြေများကြောင်း အာမခံ လုပ်ငန်း လုပ်ကိုင်သူ များက ပြောဆိုသည်။
ယင်းသို့ သီးနှံ အာမခံကိုထားရှိနိုင်ရန် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်မှာ တောင်သူလယ်သမားများ အတွက် လိုအပ်နေ သော ငွေအရင်းအနှီးကို အာမခံထားခြင်း အားဖြင့် အပေါင်ပြု၍ ဘဏ်များမှ ချေးငွေများ ထုတ်ချေးနိုင်မည့်အချက်ကို အဓိကထား လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ စန္ဒာဦးကလည်း ပြောသည်။
“လယ်သမားတွေ အနေနဲ့ သီးနှံထွက်တာတွေ၊ မထွက်တာတွေ သိပ်ပူနေစရာ မလိုဘဲ အာမခံ လုပ်ငန်းတွေကပဲ တာဝန် ယူပြီးတော့ သူတို့ကို လုပ်သွားပေးမယ် ဆိုတဲ့ သဘောမျိုးပါ။ တဖက်တလမ်းက ကူညီတာလည်း ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ရှေ့ပြေးစီမံချက် စတင်မည် ဆိုလျှင် မြန်မာနိုင်ငံ၏ ဆန်စပါး အများဆုံးထွက်ရှိသည့် ဧရာဝတီတိုင်း အပါအဝင် ပူပြင်း ခြောက်သွေ့သော ဒေသများအထိ တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးကို ကွင်းဆင်း လေ့လာမှုများ ပြုလုပ်၍ စစ်တမ်း ကောက်သွားမည် ဖြစ်ကြောင်းလည်း ဒေါက်တာ စန္ဒာဦးက ပြောသည်။
ဒေါက်တာ စန္ဒာဦးက “ဒီနှစ်အတွင်းမှာ သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်း ဆက်သွယ်ဖို့ အရင်ဆုံး လုပ်ကြည့်ရဦးမယ်။ မိုးလေဝသ ညွှန်ကြားမှု ဦးစီးဌာနရော ပါမယ်။ အနည်းဆုံး ၃ လလောက်တော့ အရင်ဆုံး လုပ်ကြည့်ရမယ်။ လုပ်ကြည့်လို့ ဖြစ်နိုင်မယ် ဆိုရင် စပြီး ဈေးကွက်ကို ဖြန့်လို့ ရပြီ”ဟု ပြောဆိုသည်။
ထိုသို့ ကောက်ယူရာတွင် မြန်မာနိုင်ငံ၏ မိုးများသော ဒေသ၊ မိုးနည်းသော ဒေသနှင့် မိုးအသင့်အတင့် ဖြစ်ထွန်းသော ဒေသ ဟု ခွဲခြား၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းက သိရသည်။
ယင်းသို့ စီမံချက် အတွက် မိုးရေချိန်လက်မ တိုင်းတာ ကွင်းဆင်းခြင်း၊ လယ်ယာမြေ အထွက်နှုန်း၊ ပျိုးကျဲချိန်၊ စပါးစိုက်ချိန် အစရှိသည်တို့ အပြင် လယ်မြေဧက မည်မျှခန့် အာမခံထားမည်နည်း တို့ကိုပါ တွက်ချက် လေ့လာပြီး အာမခံ ပရီမီယံ ဈေးနှုန်း သတ်မှတ်ခြင်းတို့ကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။
သီးနှံအာမခံ စတင်လုပ်ဆောင်ရာတွင် အရှုံးပေါ်လေ့အမြဲရှိကြောင်း အိမ်နီးချင်း နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၏ သီးနှံ အာမခံ စနစ် စတင်လုပ်ဆောင်ရာတွင် ရာခိုင်နှုန်း အတော်တော်များများ အရှုံးပေါ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ သီးနှံ အာမခံစနစ် စတင်လုပ်ကိုင် ဆောင်ရွက်နေသည့် ပုဂ္ဂလိကကုမ္ပဏီဖြစ်သော Global world အာမခံ လုပ်ငန်းမှ မန်နေဂျာ ဦးအောင်မြင့်သန်းက “ကျနော်တို့က ရာသီဥတု ဖောက်ပြန်ပြီး ရေကြီးရေမြုပ်တဲ့ စပါးစိုက်ခင်းတွေ ထိခိုက် ပျက်စီးတယ်။ နောက်ပြီး မိုးခေါင်လို့ ပျက်စီးတယ်။ ဒါမျိုးတွေကို လုပ်ပေးဖို့ အဓိက ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အခုကတော့ စမ်းသပ်နေတဲ့ ကာလပဲ ရှိသေးတယ်။ ဆောင်ရွက်နေတဲ့ အထဲမှာ အားနည်းချက် အားသာချက်တွေကို ပြန်ပြီး ပြုစုပြီးတော့မှ သီးနှံအာမခံ စနစ် ဆောင်ရွက်မယ့် သဘော ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သီးနှံ အာမခံစနစ် အောင်မြင်ရန် အတွက် အစိုးရ သက်ဆိုင်ရာ ဌာန တာဝန်ရှိသူများ၊ ပုဂ္ဂလိက အာမခံလုပ်ငန်းများ အားလုံး ပူးပေါင်း ဆောင်ရွက်သင့်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
Global world အာမခံလုပ်ငန်း အနေနှင့်လည်း ယခုနှစ်တွင် မိုးစပါး၊ နွေစပါး သီးနှံအာမခံနှင့် ပတ်သက်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့၌ တိုင်း ၁ တိုင်းလျှင် မြေဧက ၂၀၀ စီနှင့် ကနဦး စီမံကိန်း စတင်ရန် စီစဉ် နေ ကြောင်း သိရသည်။