စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေသော အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်သည့် အဖွဲ့အစည်းများ၊ မိုက်ခရို၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ငွေကြေးဆိုင်ရာ အထောက်အပံ့များကို ပိုမိုရရှိရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) နှင့် မြန်မာနိုင်ငံ၏ ထိပ်တန်းဘဏ်တခုဖြစ်သည့် ဧရာဝတီဘဏ်လီမိတက်တို့သည် ချေးငွေအာမခံမှုဆိုင်ရာ သဘောတူညီချက်တရပ်ကို ဇွန်လ ၁၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။
USAID ၏ ချေးငွေအာမခံမှုအစီအစဉ်သည် ချေးငွေအာမခံကျပ်ငွေ သန်းပေါင်း ၂ သောင်း ၇ ထောင် (အမေရိကန်ဒေါ်လာသန်း ၂၀) ကို လာမည့် ၇ နှစ်တာ ထားရှိစေခြင်းအားဖြင့် အသေးစား ငွေချေးလုပ်ငန်းများအတွက် လိုအပ်နေသောငွေများ ရရှိရေးနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ချေးငွေများ ပိုမိုထုတ်ပေးနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။ အဆိုပါ ချေးငွေအာမခံမှု အစီအစဉ်မှ မြန်မာနိုင်ငံတဝှမ်းရှိ စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေသူပေါင်း ၈၀,၀၀၀ ခန့် အကျိုးခံစားနိုင်မည်ဟု မျှော်မှန်းထားကြောင်း ထုတ်ပြန်ကြေညာသည်။
“စိုက်ပျိုးရေးကဏ္ဍမှာရှိတဲ့ စီးပွားရေးလုပ်ငန်းအသေးစားတွေအနေနဲ့ ဒီအာမခံမှုအစီအစဉ်ကနေ တဆင့် ချေးငွေတွေကို ပိုမိုလွယ်လွယ်ကူကူနဲ့ ချေးယူရရှိနိုင်မှာဖြစ်ပါတယ်။ ဒီနည်းနဲ့မြန်မာပြည်သူတွေဟာလည်း စီးပွားရေးတိုးတက်မှုရဲ့ အကျိုးကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်” ဟု USAID ၏ ဌာနေညွှန်ကြားရေးမှူး ထရီဇာမက်ဂီ က ပြောသည်။
ဧရာဝတီဘဏ်အနေနှင့်လည်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်းကို ဧရာဝတီဘဏ်မှ ညွှန်ကြားမှု ဒါရိုက်တာ ဖြစ်သူ ဦးမြင့်ဇော်က ပြောသည်။
“လာမယ့် ၃ နှစ်ကနေ ၅ နှစ်အတွင်းမှာ ကျနော်တို့အနေနဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ အသေးစားငွေချေးလုပ်ငန်းတွေကို ထုတ်ချေးပေးမှုဟာ စုစုပေါင်း ချေးငွေတွေရဲ့ ၃၀% ထိ တိုးလာဖို့မျှော်မှန်းပါတယ်“ ဟုလည်း ဦးမြင့်ဇော်က ပြောကြားခဲ့ပါသည်။
လက်ရှိ ဧရာဝတီ ဘဏ်၏ ချေးငွေရယူထားသူများအနက်မှ ၈၀% မှာ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖြစ်ကြပြီး ပမာဏအားဖြင့် ဘဏ်၏ စုစုပေါင်းချေးငွေ၏ ၂၀% ခန့်ဖြစ်ကြောင်း၊ အများစုမှာ စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေသူများဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်က ဆိုသည်။
၂၀၁၇ ဒီဇင်ဘာလတွင် ရယူသောစာရင်းများအရ မြန်မာနိုင်ငံရှိ အသေးစားငွေချေး လုပ်ငန်းများအနေဖြင့် ငွေချေးယူသူပေါင်း ၃ သန်းကို အမေရိကန်ဒေါ်လာ သန်း ၃၅၀ နှင့်ညီမျှသော ချေးငွေများ ထုတ်ချေးပေးထားသည်ကို တွေ့ရပြီး၊ပြည်သူအများ ချေးငွေရရှိနိုင်ရေးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းပေးသည့် ဝန်ဆောင်မှုများကို ကြိုးစားဆောင်ရွက်ပေးလျက် ရှိသည်ကို တွေ့ရသည်။
နိုင်ငံတဝန်း ဘဏ်ခွဲပေါင်း ၂၃၄ ခုရှိသော ဧရာဝတီဘဏ်အပါအဝင် မြန်မာဘဏ်များသည် အာရှဖွံ့ဖြိုးရေးဘဏ် – ADB၊ အမေရိကန်အကူအညီပေးရေးအေဂျင်စီ- USAID၊ ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ – JICA၊ ဂျာမန် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ – GIZ နှင့် အစိုးရ၏ အကူအညီဖြင့် ပြုလုပ်သော အကူအညီပေးရေး အစီအစဉ်များမှတဆင့် အသေးစား၊ အလတ်စားလုပ်ငန်း များကို ငွေထုတ်ချေးရန် နည်းလမ်းများ ရှာကြသည်။
ပုဂ္ဂလိကဘဏ်များ ဖြစ်သော ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံသားများ ဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ် နှင့် CB ဘဏ်တို့အပြင် အစိုးရဘဏ်ဖြစ်သော အသေးစားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (SMIDB) တို့သည် နိုင်ငံတကာအေဂျင်စီများ၏ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်နေကြသည်။
အသေးစား အလတ်စား လုပ်ငန်းများသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများ၏ ၉၈ ရာခိုင်နှုန်းဖြစ်ပြီး လုပ်သားအင်အားစု၏ ၇၀ ရာခိုင်နှုန်းကို အလုပ်ပေးထားသည်။