မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးရေး တိုးတက်ရေး ကုမ္ပဏီလီမိတက် (MJTD) က သီလဝါ အထူးစီးပွား ရေးဇုန် B ရှိ မြေကွက် များကို လာမည့် ဇူလိုင်လ၌ စတင် ရောင်းချသွားမည် ဖြစ်ကြောင်း ကုမ္ပဏီ က ဇွန်လ ၁၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည်။
MJTD ကုမ္ပဏီမှ တာဝန်ရှိသူ တဦးကလည်း “သီလဝါအထူး စီးပွားရေးဇုန် B ရဲ့ မြေ ၁ ဧကကို ဘယ်လောက်ဈေးနှုန်းနဲ့ ရောင်းချမယ်ဆိုတာတော့ ပြောလို့မရပါဘူး။ မြေ ၇၇ ဟက်တာကို ရောင်းချမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
ယင်း မြေယာများမှာ မြန်မာအစိုးရက MJTD ကုမ္ပဏီသို့ လွှဲပြောင်းပြီးနောက် MJTD ကုမ္ပဏီမှ လုပ်ငန်းများ ဖော်ဆောင်၍ ရောင်းချခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
ယင်း သီလဝါ အထူးစီးပွားရေးဇုန်မှာ နိုင်ငံတကာ အဆင့်အတန်းမီ အရည်အသွေး မြင့်မားသည့် အထောက်အပံ့များနှင့် တည်ဆောက်ထားပြီး ဇုန်၏ ဒုတိယအခြေခံ အဆင့်ဖြစ်သော လျှပ်စစ်၊ ရေ အစရှိသည့် တို့အပြင် စက်မှုဇုန် ပြုပြင် ထိန်း သိမ်းခြင်း လုပ်ငန်းဆိုင်ရာများကို ရင်းနှီးမြှုပ်နှံသူ များအတွက် ထောက်ပံ့ပေးထားကြောင်း MJTD ကုမ္ပဏီမှ သိရသည်။
ဥက္ကဌ Mr. Tomayasu က “ဒီဇုန် B ကို လာမယ့် ၂ နှစ်အတွင်းမှာ ရင်းနှီးမြှုပ်နှံတဲ့ သူ ၉၀ ကျော် လောက် လုပ်ငန်း စတင် လည်ပတ်မှာဖြစ်တယ်။ ဒါက ရင်းနှီးမြှုပ်နှံမှုကို တိုးတက်စေမယ့် သင်္ကေတ ဖြစ်တယ်”ဟု ပြောသည်။
လက်ရှိ သီလဝါအထူး စီးပွားရေးဇုန် B သည် စုစုပေါင်း မြေ ၅၈၃ ဟတ်တာရှိပြီး အပိုင်း က တွင် ရင်းနှီးမြှုပ်နှံသူ ၄၉ ဦးအနက် ၃၁ ဦးမှာ စက်ရုံများ စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။
သီလဝါ အထူးစီးပွားရေးဇုန်သည် လွန်ခဲ့သည့် ၆ နှစ်ခန့်က မြန်မာနှင့် ဂျပန်နိုင်ငံတို့ အကြား စတင် လက်မှတ်ရေးထိုးပြီး၂၀၁၅ ခုနှစ်တွင် လုပ်ငန်း စတင်လည်ပတ်ခြင်း ဖြစ်သည်။
လက်ရှိ သီလဝါ အထူး စီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံက ရင်းနှီးမြှုပ်နှံသူ ၉၄ ဦးမှ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ခန့် ရှိနေသည်။
ယင်း MJTD ကုမ္ပဏီသည် မြန်မာနှင့် ဂျပန် နိုင်ငံတို့မှ ရှယ်ယာရှင် လေးဦး အကျိုးတူပူးပေါင်း တည် ထောင်ထားခြင်းဖြစ်ပြီး ရှယ်ယာပိုင်ဆိုင်မှု ပုံစံမှာ သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (TSMC)နှင့် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) တို့မှ ရှယ်ယာ ပမာဏ စုစုပေါင်း ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ (JICA) နှင့် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ(MMS)တို့မှ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။