ရန်ကုန်မြို့၌ အများပြည်သူ အပန်းဖြေရန် နေရာများနှင့် စီးပွားရေး အဆောက်အအုံများ ပါဝင်သည့် မြို့ပြ စီမံကိန်း ၉ ခု ကို အမေရိကန် ဒေါ်လာ ၁ ဘီလီယံခန့် အကုန်အကျခံကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းများကို လုပ်ကိုင်ရန်အတွက် မုတ္တမ ဟိုးလ်ဒင်း လုပ်ငန်းစုက တာဝန်ယူထားပြီး စီးပွားရေးဆိုင်ရာ အများ ပြည်သူ အပန်းဖြေကြည့်ရှုရန် နေရာ၊ လူနေထိုင်ရန်နှင့် ဈေးဝယ် စင်တာများ ပါဝင်သည့် စီမံကိန်းများကို ၂၀၂၂ ခုနှစ် အတွင်း အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီက ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ထား သည်။
မုတ္တမ ဟိုးလ်ဒင်း လီမိတက် တည်ထောင်သူ ဥက္ကဋ္ဌ ဦးရန်ဟော်က “ကျနော်တို့ရဲ့ စီမံကိန်းတွေကို ကြည့်ရင် မြို့ပြင် လူနေမှု စနစ်ဖွံ့ဖြိုးဖို့ လိုအပ်နေသေးတဲ့ နေရာတွေပါ ပါနေတာ တွေ့ရပါတယ်။ အဓိကတော့ ရန်ကုန်မြို့ ဖွံ့ဖြိုးရေး လုပ်ဆောင်တဲ့ နေရာမှာ မြို့တွင်း သာမက မြို့ပြင် လူနေမှု စနစ် တိုးတက် ပြောင်းလဲလာစေရန် ရည်ရွယ် လုပ်ဆောင် တာ ဖြစ်တယ်”ဟု ပြောသည်။
အဆိုပါ စီမံကိန်းများမှာ ပြည်လမ်းပေါ်တွင် ဆောက်လုပ်နေသော M Tower ၊ မင်းဓမ္မလမ်းပေါ်ရှိ Min Residences ၊ မင်္ဂလာဒုံ မြို့နယ်အတွင်းရှိ Mottama Centre နှင့် တန်ဖိုးသင့် အိမ်ရာ ဖြစ်သော M Green Apartment စသည့် စီမံကိန်း ၄ ခုကို နိုင်ငံခြား မိတ်ဖက် ကုမ္ပဏီများ နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကျန်စီမံကိန်း ၅ ခုမှာ ကန်တော်ကြီး အပန်းဖြေဥယျာဉ် အတွင်းရှိ Myanmar Aquarium ၊ ကမ်းနားလမ်းရှိ Harbour Trade Tower ၊ ပြည်လမ်းမပေါ်ရှိ Hl Tower ၊ ကျိုက်ဝိုင်းဘုရားလမ်းပေါ်ရှိ Bonnamy Tower နှင့် မင်းဓမ္မလမ်းပေါ်ရှိ Mottama Business Tower တို့ ဖြစ်ကြသည်ဟု ဆိုသည်။
“ဒီစီမံကိန်း ၉ ခုအနက် ၆ ခုကို အရှိန်အဟုန်နဲ့ တည်ဆောက်နေပါတယ်။ လာမယ့် ၂၀၁၉ ခုနှစ်မှာ ဆိုရင် Mottama Business Towerနဲ့ M Green Apartment စီမံကိန်းတို့ စတင် တည်ဆောက်မှာဖြစ်တယ်။ Myanmar Aquarium ဆိုရင် ရေအောက် သတ္တဝါမျိုးစုံနဲ့ သူတို့ရဲ့ နေထိုင်သွားလာမှု ပုံစံတွေ၊ ငါးဖမ်း အလုပ်သမားတို့ရဲ့ လူမှုပုံစံတွေကို ကြည့်ရှု လေ့ လာနိုင်မှာ ဖြစ်တယ်” ဟု ဦးရန်ဟော်က ဆက်လက် ပြောသည်။
စီမံကိန်းများ လုပ်ဆောင်ရာတွင်လည်း စီးပွားရေး အရ အောင်မြင်နိုင်မှု သာမက သဘာဝ ပတ်ဝန်းကျင် ထိခိုက်ခြင်း မရှိ စေရန်နှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုများကို ဟန်ချက်မပျက် ထိန်းသိမ်းနိုင်ရန် အတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ် ကြောင်း ၎င်းက ဆိုသည်။
မုတ္တမ လုပ်ငန်းစုသည် ၁၉၉၇ ခုနှစ်မှ စတင်ပြီး လက်ရှိတွင် ကုမ္ပဏီခွဲပေါင်း ၂၃ ခုရှိသည့်အပြင် ယင်းကုမ္ပဏီ၏ လက် အောက်ခံ ကုမ္ပဏီခွဲတခုဖြစ်သော မင်းဓမ္မကုမ္ပဏီသည်လည်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နံှ မည့် ရန်ကုန် မီးရထားဝင်း ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကို ညိုနှိုင်းမှု ပြုရန် ရွေးချယ်ခံရသည့် Central Transport Development Consortium (CTDC) တွင်လည်း ပါဝင်သည်။
လက်ရှိ အချိန်ထိ မုတ္တမ ဟိုးလ်ဒင်း လီမိတက်က စက်မှုလုပ်ငန်း ဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ အခြေခံ အဆောက် အအုံ ၅၀ ကျော်၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံ ၄၀ ကျော်နှင့် နိုင်ငံတော် စီမံကိန်းပေါင်း ၄၀ ကျော် ဆောက်လုပ်ထား ကြောင်း ကုမ္ပဏီ ထုတ်ပြန်ချက် အရ သိရသည်။