မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရေး အတွက် ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်(MRF) က သိရသည်။
နှစ်နိုင်ငံ ကုန်ပစ္စည်းများကို အပြန်အလှန် တင်ပို့နိုင်ရန်အတွက် ယခုလ ဒုတိယပတ်က တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ် သော ကုန်စည်ပြပွဲသို့ MRF မှ ဖွဲ့စည်းထားသည့် ကိုယ်စားလှယ် ၉ ဦး သွားရောက် ညိုနှိုင်းခြင်း ဖြစ်သည်။
MRF တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင် က “ကျနော်တို့ MoU ထိုးဖို့တော့ ပြောထားတယ်။ ဟိုဘက်က အစိုးရ ခွင့်ပြုချက်မရသေးလို့ဆိုပြီး မထိုးခဲ့ရသေးဘူး။ လောလောဆယ်တော့ လက်မှတ်ရေးထိုးဖို့ ကျနော်တို့ ပြင်ဆင် နေ တယ်။ ဒီလ နောက်ဆုံးပတ် ဒါမှမဟုတ်ရင် ဇူလိုင် လဆန်းပိုင်းလောက် ရေးထိုးနိုင်မယ် ထင်တယ်”ဟု ဧရာဝတီသို့ ပြော သည်။
ထိုသို့ အစိုးရချင်း နားလည်မှုစာ ချွန်လွှာ (MoU) ကို ယခုလအတွင်း ရေးထိုးသွားရန် စီစဉ်ထားသော်လည်း တရုတ်နိုင်ငံ ဗဟိုအစိုးရ၏ ခွင့်ပြုချက် မရရှိသေးသောကြောင့် လတ်တလော ရေးထိုးနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။
အဆိုပါ MoU သည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်၊ ပဲ၊ ပြောင်း၊ သကြားနှင့်ရာဘာ အစရှိသည့် လယ်ယာထွက်ကုန် များ နှင့် ရေထွက်ကုန် ပစ္စည်းများကို ၂၀၁၈ ခုနှစ်တွင် တန်ချိန် ၁ သန်း တင်ပို့နိုင်မည့် စာချုပ်ဖြစ်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံမှ ပြန်သွင်းမည့် ကုန်ပစ္စည်းများမှာ လယ်ယာသုံး စက်ပစ္စည်းများ၊ ဓာတ်မြေ သြဇာများ၊ ပိုးသတ်ဆေးနှင့် သံချောင်း ၊ လျှပ်စစ်သုံး ပစ္စည်းများ အစရှိသည်တို့ ဖြစ်ကြောင်း ဦးနေလင်းဇင် က ပြောသည်။
“အဓိကတော့ ကုန်ပစ္စည်းချင်း ဖလှယ်တဲ့ကုန်သွယ်မှု ဘာတာစနစ် (Barter) လို့ ခေါ်တယ်။ ဒါပေမယ့် အခုကတော့ ပမာဏကို မူတည်ပြီး အပြန်အလှန်ကုန်သွယ်တဲ့ အာမခံရှိတဲ့ ကုန်သွယ်မှုစနစ် (mutual trade) ကို သွားချင်တာဖြစ်တယ်။ ဒါကြောင့် ဘာတာစနစ် မဟုတ်ဘဲနဲ့ အာမခံ စနစ်နဲ့ သွားချင်တယ်” ဟုလည်း ဦးနေလင်းဇင် က ပြောဆိုသည်။
လက်ရှိ နယ်စပ်မှ ဆန်တင်ပို့ရာတွင် မြန်မာနိုင်ငံက တရားဝင်ဖြစ်သော်လည်း တရုတ်နိုင်ငံဘက်က တရားမဝင် ဖြစ်နေ သည်။
ထို့ကြောင့် နှစ်နိုင်ငံ အပြန်အလှန် ကုန်စည်တင်ပို့မှု MoU ရေးထိုးနိုင်လျှင် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများသည် တရားဝင် ကုန်သွယ်မှု ပြုလုပ်သော ကုန်ပစ္စည်းများ ဖြစ်သွားမည် ဖြစ်ကြောင်း ဦးနေလင်းဇင် က ပြောသည်။
တရုတ်နိုင်ငံ ကူမင်းမြို့ အစိုးရ အဆိုပြုသည့် ကုမ္ပဏီတခုက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ တရား ဝင် ဆက်သွယ်ပြီး ဆန်အပါအဝင် လယ်ယာထွက်ကုန်များ ဝယ်ယူလိုသောကြောင့် နှစ်နိုင်ငံအစိုးရချင်း လက်မှတ်ရေးထိုး လိုသည်ဟု တင်ပြထားကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။
ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက “ဒီအဆိုပြုချက်က ကူမင်းမှာရှိနေတဲ့ မြန်မာကောင်စစ်ဝန် ချုပ် ရုံးကနေ တဆင့် သံတမန် လမ်းကြောင်းကနေ ကျနော်တို့ ဆီကို ရောက်ပါတယ်။ အရောင်းအဝယ် ပမာဏ၊ ဈေးနှုန်းနဲ့ အမျိုးအစားက နှစ်ဖက်ကုမ္ပဏီတွေ ညှိရမှာ ဖြစ်ပါတယ်။ MoU ကတော့ အစိုးရချင်း ထိုးမှာပါ” ဟု ပြောသည်။
လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံမှ ဝယ်ယူရာတွင် နိုင်ငံတကာမှ သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ဈေးကွက် ပေါက်ဈေးအတိုင်း နှစ်ဖက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
အထက်ပါ MoU ရေးထိုးရန်အတွက် တရုတ် ဗဟိုအစိုးရ၏ ခွင့်ပြုချက် မရသေးသော်လည်း တရုတ်ပြည်နယ် အစိုးရ၏ ခွင့်ပြုချက် ရရှိထားကြောင်း MRF မှ သိရသည်။
ထိုသို့ နယ်စပ်မှ တင်ပို့နိုင်ပါက ကုန်ပစ္စည်းသယ်ယူစရိတ် သက်သာသွားမည် ဖြစ်ကြောင်းလည်း ဆိုသည်။
တရုတ်ပြည် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံသည် နယ်နိမိတ်ချင်း ထိစပ်နေပြီး မြန်မာဘက်မှ မူဆယ်၊ ကျယ်ဂေါင်၊ ချင်း ရွှေဟော်နှင့် ကန်ပိုက်တီးနယ် စပ်ကုန်သွယ်ရေး စခန်းများလည်း ဖွင့်လှစ် ဆောင်ရွက်လျက် ရှိသည်။