အိတ်ဖွင့်တင်ဒါ စနစ်တမျိုးတည်းဖြင့် ရောင်းချမည့် ၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲတွင် ယူရိုသန်း ၄၀၀ ကျော်ဖိုး ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း ပြပွဲကျင်းပရေး ဗဟိုကော်မတီ၏ စီမံရေးရာ ဒု ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြော သည်။
ယင်းပြပွဲကို ဇွန်လ ၂၀ ရက်မှ ၂၉ ရက်အထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိပြီး ၁၀ ရက် ခန့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ပြပွဲက ယူရိုသန်း လေးရာကျော် ရောင်းရတယ်။ ဒီပွဲကိုလည်း ပြီးခဲ့တဲ့ ပွဲနှုန်း သန်းလေးရာ ကျော်လောက် မှန်းပါ တယ်”ဟု ဦးသန်းဇော်ဦး က ပြောကြားသည်။
အဆိုပါ ပြပွဲတွင် အခြေခံဈေး ယူရို ၅၀၀ နှင့်အထက် သတ်မှတ်ထားသော ပုလဲအတွဲ ၃၆၀ တွဲကို ဇွန်လ ၂၀ ရက်မှ ၂၁ ရက်အထိ ရောင်းချမည်ဖြစ်ပြီး အခြေခံဈေး ယူရို ၅၀၀ နှင့်အထက် သတ်မှတ်ထားသော ကျောက်မျက် အတွဲ ၃၃၆ တွဲကို ဇွန်လ ၂၀ ရက်မှ ၂၂ ရက် အထိ ရောင်းချမည် ဖြစ်ကြောင်း ကော်မတီက ထုတ်ပြန်ထားသည်။
ထို့ပြင် အခြေခံဈေး ယူရိုလေးထောင်နှင့် အထက် သတ်မှတ်ထားသော ကျောက်စိမ်းအတွဲများနှင့် ယူရို ၁ ထောင်နှင့် အထက် သတ်မှတ်ထားသော အချောထည် ကျောက်စိမ်းတွဲများကို ဇွန်လ ၂၄ ရက်မှ ၂၉ ရက်အထိ ပြသ ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
ရောင်းချမည့် ကျောက်စိမ်းတွဲများတွင် အခြေခံ ဈေးအမြင့်ဆုံး ကျောက်စိမ်းအတွဲ အဖြစ် ယူရို ၁၅ သန်း သတ်မှတ်ထား သော အလေးချိန် ၉ ဒသမ ၃ ကီလိုဂရမ်ရှိ ကျောက်စိမ်းတွဲ ၁ တွဲ ပါဝင်သည်ဟု ဆိုသည်။
ယင်းပြပွဲ၌ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲအတွဲစုစုပေါင်း ၇၄၉၁ တွဲကို ပြသရောင်းချသွားမည်ဟု ပြပွဲကျင်းပရေး ဗဟိုကော်မတီက ပြောသည်။
ယခု ပြပွဲ၌ အာမခံ စပေါ်ငွေနှုန်းထားကို ဝယ်ယူလိုသည့် တန်ဖိုး၏ ၅ ရာခိုင်နှုန်းပေးသွင်းစေရာမှ ၁၀ ရာခိုင်နှုန်းသို့ တိုးမြှင့် ပေးသွင်းစေကြောင်းနှင့် တင်ဒါအောင်မြင်၍ ငွေချေ ရွေးယူခြင်း မပြုသော ကုန်သည်များကို ပြပွဲတက်ရောက်ခွင့် ပိတ်သည့် စနစ်ကိုလည်း ပယ်ဖျက်လိုက်ကြောင်း သိရသည်။
“အရင်က ၅ ရာခိုင်နှုန်းတင်ထားပြီး ကျောက်မယူတော့ဘူး ဆိုရင် ၅ ရာခိုင်နှုန်းဆုံးမယ်။ ပွဲလည်း ပယ်တယ်။ အခုက ကျောက် မယူတော့ဘူး ဆိုရင် တင်ထားတဲ့ ၁၀ ရာခိုင်နှုန်း ဆုံးမယ်။ ပွဲပယ်မရှိတော့ဘူး”ဟု မြန်မာနိုင်ငံ ကျောက်မျက် လုပ် ငန်းရှင်များ အသင်း ဒု ဥက္ကဋ္ဌ ဦးမြင့်ဟန် က ပြောကြားသည်။
ပြပွဲတက်ခွင့် ပိတ်ခံထားရသည့် ကုန်သည်များကိုလည်း ပြပွဲတပွဲပိတ်ခံရလျှင် ယူရို ၁ ထောင်နှုန်းဖြင့် ဒဏ်ငွေပေးဆောင် စေပြီး ပြန်လည် တက်ရောက် ဝယ်ယူခွင့် ပြုခဲ့ကြောင်း သိရသည်။
“ပြပွဲတပွဲကို ယူရို တထောင်ဒဏ်ဆောင်။ ၃ ပွဲပယ်ရင် ၃ ထောင်ဆောင်။ အဲဒီလို ဒဏ်ကြေးဆောင်ပြီး ပြပွဲ ပြန်တက်ခွင့် ပြုတဲ့ စနစ်ကိုလည်း ကျင့်သုံးတာရှိပါတယ်။ အဲဒါကြောင့် ကုန်သည် တက်ရောက်တာ များတာပေါ့နော်”ဟု ဦးသန်းဇော်ဦး က ပြောသည်
ယခု ပြပွဲတွင် တရုတ်၊ ထိုင်း၊ ကနေဒါ၊ အမေရိကန် စသည့် နိုင်ငံများက ပြည်ပကုန်သည် စုစုပေါင်း သုံးထောင်ကျော်နှင့် ပြည်တွင်း ကုန်သည် ၁ ထောင်ကျော်တို့ တက်ရောက်ရန် စာရင်းပေးသွင်းခဲ့ပြီး ယခင် နှစ်လယ်ပြပွဲထက် လူဦးရေ ၁ ထောင် ခန့် များလာကြောင်း သိရသည်။